တပ်မတော်ကဖမ်းဆီးထားသည့် ကျောက်ဖြူဒေသခံနှစ်ဦးမှ တစ်ဦးပြန်လွတ်၊ တစ်ဦးကို အကြမ်းဖက်ဥပဒေဖြင့် အရေးယူမည်

တပ်မတော်ကဖမ်းဆီးထားသည့် ကျောက်ဖြူဒေသခံနှစ်ဦးမှ တစ်ဦးပြန်လွတ်၊ တစ်ဦးကို အကြမ်းဖက်ဥပဒေဖြင့် အရေးယူမည်

မျိုးသီရိကျော် — တပ်မတော်မှဖမ်းဆီးထားသည့် ကျောက်ဖြူမြို့နယ် စိုင်ခြုံကျေးရွာသားနှစ်ဦးထဲမှ တစ်ဦးကို ပြန်လည်လွှတ်ပေး ခဲ့ပြီး ကျန်တစ်ဦးကို အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မဖြင့် အရေးယူမည်ဖြစ်ကြောင်း တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ ဇူလိုင် ၂၁ ရက်နေ့တွင် ထုတ်ပြန်သည်။

ပြီးခဲ့သည့် ဇူလိုင်လ ၁၁ ရက်နေ့က စိုင်ခြုံကျေးရွာသား ကိုထွန်းမြင့်စိုး၊ အသက်(၃၃)နှစ်နှင့် ကိုဖြိုးဝင်းအောင် အသက်(၂၀)နှစ်တို့နှစ်ဦးအား တပ်မတော်သားများက ကျေးရွာအတွင်းမှ ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။

ယင်းနှစ်ဦးကိုစစ်ဆေးရာတွင် ကိုထွန်းမြင့်စိုးမှာ AA နှင့်ပတ်သက်ဆက်နွယ်မှုရှိသဖြင့် ကျောက်ဖြူမြို့မ ရဲစခန်းတွင် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေနှင့် အမှုဖွင့်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း တပ်မတော်က ထုတ်ပြန်သည်။

ထို့ပြင် ကိုဖြိုးဝေအောင်မှာ AA နှင့် တစ်စုံတစ်ရာပတ်သက်မှုမရှိသဖြင့် ပြီးခဲ့သည့် ဇူလိုင်လ ၁၅ ရက်နေ့က သက်ဆိုင်ရာ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် မိသားစုများထံသို့ ပြန်လည်လွှတ်ပေးလိုက်ကြောင်း တပ်မတော်က ဆိုသည်။

တပ်မတော်သား(၁၀၀)ခန့်သည် ကားများဖြင့် စိုင်ခြုံကျေးရွာအတွင်းသို့ ဝင်ရောက်လာကာ ရွာအလယ်ရှိ စာသင်ကျောင်းတွင် ရွာသူ၊ ရွာသားများကိုစုစည်းပြီး ဖုန်းများကိုစစ်ဆေးခဲ့ပြီးနောက်တွင် ၎င်းတို့နှစ်ဦးအား ကျောက်ဖြူမြို့ ဓညဝတီရေတပ်စခန်းသို့ ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်ကြောင်း ကျေးရွာသားများက ပြောသည်။

ထွန်းမြင့်စိုးဆိုသူမှာ ကျေးရွာအတွင်း လက်သမားအလုပ်ကို လုပ်ကိုင်နေသူတစ်ဦးဖြစ်ပြီး မည်သည့် အဖွဲ့ အစည်းနှင့်မှ အဆက်အသွယ်မရှိသည့်အတွက် အမြန်ဆုံးလွှတ်ပေးစေလိုကြောင်း အစ်မဖြစ်သူ ဒေါ်တင်တင်ညွန့်က ပြောသည်။

“ကျွန်မမောင်က ရွာမှာလက်သမားအလုပ်ကို လုပ်စားနေတာပါ။ သူ့မှာ သားသမီးနှစ်ယောက်ရှိတယ်။ သမီး အကြီးက ပထမတန်း၊ နောက်တစ်ယောက်က (၁၁)လလောက်ပဲ ရှိသေးတယ်။ ကျွန်မတို့မောင်က ဘာအဖွဲ့ဝင် မှလည်း မဟုတ်ပါဘူး။ ဘာအပြစ်မှမရှိပါဘူး။ အမြန်ဆုံးလွှတ်စေချင်တယ် ” ဟု ဒေါ်တင်တင်ညွန့်ကဆိုသည်။

၎င်းကို အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၂ (က)၊ ၅၀ (ည)တို့ဖြင့် အမှုဖွင့်လှစ်ထားပြီး လက်ရှိတွင် ကျောက်ဖြူအကျဉ်းထောင်၌ ထိန်းသိမ်းထားကြောင်း ၎င်းကဆက်ပြောသည်။

ကိုဖြိုးဝေအောင်ဆိုသူကို ဖမ်းဆီးခံသွားပြီး ၃ ရက်အကြာတွင် ကျောက်ဖြူရဲစခန်းမှ လည်လွတ်မြောက်လာ၍ ဝမ်းသာသော်လည်း ကျန်ရှိနေသေးသည့် ဆွေမျိုးတစ်ယောက်ကိုလည်း ပြန်လွှတ်ပေးစေလိုကြောင်း လွတ်မြောက်လာသူ၏ မိခင် ဒေါ်ရီရီဝင်းကပြောသည်။

“အခုလိုမျိုး သားလွှတ်လာတော့ ဝမ်းသာပါတယ်။ ဒါပေမယ့်လည်း နောက်တစ်ယောက်က အိမ်နီးနားချင်း ဆွေမျိုးတွေပေါ့။ နှစ်ယောက်မှာ တစ်ယောက်ကျန်ခဲ့တော့ ဝမ်းနည်းပါတယ်။ စိတ်မကောင်းပါဘူး။ သူ့ကိုလည်း လွှတ်ပေးစေချင်တယ် ”ဟု ဒေါ်ရီရီဝင်းက ပြောသည်။

ရခိုင်ပြည်နယ်အတွင်းတွင် AA နှင့်ဆက်စပ်ပြီး ဒေသခံများ သံသယဖြင့်ဖမ်းဆီးခံရမှုမှာ တစ်နေ့ထက်တစ်နေ့ များပြားလာနေပြီး ဖမ်းဆီးခံရသူများထဲမှ အချို့မှာလွတ်မြောက်လာသော်လည်း အချို့မှာ အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေဖြင့် ဖမ်းဆီးတရားစွဲဆိုခံနေကြရသည်။

ရခိုင်ပြည်နယ်အတွင်းတွင် ၂၀၁၉ ခုနှစ် ဖေဖေါ်ဝါရီလ ၁ ရက်နေ့မှ ၂၀၂၀ ခုနှစ် မတ်လ ၂၀ ရက်နေ့အထိ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေဖြင့် အရေးယူထားသည့်အမှုပေါင်း ၁၀၉ မှုရှိခဲ့ကြောင်း ပြည်နယ်ဥပဒေချုပ် ဦးကျော်လှထွန်းမှ ပြည်နယ်လွှတ်တော်အတွင်းတင်ပြချက်များအရ သိရသည်။

September 15, 2026
ရခိုင်ပြည်၊ စစ်တွေ-ပုဏ္ဏားကျွန်း အစပ်နေရာများတွင် စစ်အုပ်စုတပ်နှင့် အာရက္ခတပ်တော် (AA) တို့အကြား...
ဓာတ်ပုံ - (DMG / သရုပ်ပြပုံ။)
September 15, 2026
ရခိုင်ပြည်၊ မောင်တောမြို့နယ်၊ အောင်သုခကျေးရွာတွင် ဖြစ်ပွားခဲ့သည့် သက်ငယ်မုဒိမ်းမှုနှင့် လူသတ်မှု...
စစ်အုပ်စုတပ်၏ မြေပြင် စစ်ရေးလေ့ကျင့်မှု တစ်ခု (ဓာတ်ပုံ - mmmilitary)
September 14, 2026
တိုက်ပွဲပြင်းထန်နေသည့် စစ်တွေ-ပုဏ္ဏားကျွန်းအစပ် နေရာများကို စစ်အုပ်စုတပ်က အင်အား ၁,၀၀၀ ခန့်ပါ...
ဇင်ချောင်း လူငယ်ပရဟိတအသင်း / ဇင်ချောင်း လူငယ်ပရဟိတအသင်းက စစ်ဘေးရှောင်များအား စားနပ်ရိက္ခာ ကူညီထောက်ပံ့ပေးနေစဉ်။
September 14, 2026
တိုက်ပွဲများကြောင့် ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်အတွင်း ခိုလှုံနေကြသည့် စစ်ဘေးရှောင် ၅,၀၀၀...