ကျောက်ဖြူဒေသခံနှစ်ဦး ဖမ်းဆီးခံထားရကြောင်း မိသားစုဝင်များပြော

ကျောက်ဖြူဒေသခံနှစ်ဦး ဖမ်းဆီးခံထားရကြောင်း မိသားစုဝင်များပြော

ဝင်းညွန့်  — ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်၊ ရေနံဒွိန်ကျေးရွာမှ ကျေးရွာသားနှစ်ဦးကို ဇူလိုင် ၁၃ ရက်နေ့က ဖမ်းဆီး သွားခဲ့ကြောင်း မိသားစုဝင်များထံမှ သိရသည်။

အဆိုပါကျေးရွာနေ ကိုစောမောင်(ခ)မောင်စောသိန်းနှင့် ညီဖြစ်သူ ကိုညီထွန်းမောင်တို့ကို တပ်မတော်တပ်ဖွဲ့ဝင် များက နေအိမ်မှလာရောက်ဖမ်းဆီးသွားခဲ့ခြင်းဖြစ်ကြောင်း ကိုညီထွန်းမောင်၏ဇနီးဖြစ်သူ မဖြူချေက DMG သို့ ပြောသည်။

“ကျွန်မ ခဲအိုကို နံနက် ၉ နာရီကျော်ကဖမ်းတာ။ ကျွန်မအိမ်ရှင်ကိုတော့ ညနေ ၅ နာရီကျော်မှာ ဖမ်းသွားတာ။ သူတို့ ဘာအပြစ်မှမရှိဘူး။ ဖမ်းသွားကတော့ ကျောက်ဖြူရေကြောင်း တပ်ရင်း(၃၄)က ဖမ်းသွားတာပါ”ဟု ၎င်းက ဆိုသည်။

ယင်းဖမ်းဆီးမှုနှင့်ပတ်သက်ပြီး တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ထုတ်ပြန်ရာတွင် ဦးစောမောင် ကိုသာ ဖမ်းဆီးထားကြောင်းဖော်ပြကာ ညီဖြစ်သူ ဦးညီထွန်းမောင် ပါဝင်မှုမရှိပေ။

တပ်မတော်မှ ဦးစောမောင်၏နေအိမ်သို့ ဇူလိုင် ၁၃ ရက်နေ့ ညနေပိုင်းတွင် ဝင်ရောက်ရှာဖွေခဲ့ရာတွင် အေအေ အတွက် ဆက်ကြေးငွေနှင့် ရိက္ခာကောက်ခံထားသည့်စာရင်းပါ စာအုပ် ၃ အုပ်၊ အနောက်ရောင်ခေါင်းစွပ် ၁ လုံး၊ Power Bank အတွင်း ထည့်သွင်းအသုံးပြုသော ဓာတ်ခဲခြောက် ၁ စုံ၊ ၆ လက်မခန့်ရှိ ဓားမြှောင် ၁ ချောင်း၊ Smart ဖုန်း ၁ လုံး၊ Keypad ဖုန်း ၁ လုံးနှင့် အေအေနှင့်ပတ်သက်သည့် လက်ရေးစာတမ်းပါ စက္ကူခေါက် ၁ ခု တို့အား တွေ့ရှိခဲ့ကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ ဇူလိုင်လ ၁၄ ရက်နေ့တွင် ထုတ်ပြန် ထားသည်။

ထိုသို့ သိမ်းဆည်းရမိသည့် ပစ္စည်းများအရ ဦးစောမောင်သည် အေအေနှင့် ပတ်သက်ဆက်နွယ်သည်ဟုယူဆ ရသဖြင့် ခေတ္တ ဖမ်းဆီးထိန်းသိမ်းကာ လိုအပ်သည့်စစ်ကြောမေးမြန်းမှုများ ဆက်လုပ်မည်ဖြစ်ကြောင်းလည်း တပ်မတော်၏ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ဖမ်းဆီးခံရသူ ကိုစောမောင်(ခ)မောင်စောသိန်းသည် ငါးရှာကာ အသက်မွေးနေသူဖြစ်ပြီး ကိုညီထွန်းမောင်မှာ ဆန်မှုန့်ကြိတ်စက်တည်ထောင်ကာ လုပ်ကိုင်စားသောက်နေသူဖြစ်ကြောင်း ၎င်းတို့နှစ်ဦး၏မိခင်ဖြစ်သူ ဒေါ်ရွှေတုံးမက ပြောသည်။

“ကျွန်မသားနှစ်ယောက်ကို ဖမ်းသွားတဲ့တပ်ရင်းကို မေးကြည့်တော့ ရဲစခန်းပို့လိုက်ပြီလို့ပြောတယ်။ ကျွန်မတို့ ရဲစခန်းကိုသွားကြည့်တော့ ရဲစခန်းမှာမရှိဘူး။ ကျွန်မသားနှစ်ယောက် ရိုးရိုးသားသားလုပ်ကိုင်နေသူတွေပါ” ဟု ၎င်းကဆိုသည်။

အလားအတူ ကျောက်ဖြူမြို့နယ် ဇင်ချောင်းကျေးရွာနေ ကိုမောင်အေးနိုင်နှင့် ကိုဝင်းနိုင်တို့အား တပ်မတော်က ဖမ်းဆီးထားသည်မှာ ၁၀ ရက်ခန့်ရှိပြီဖြစ်သော်လည်း ယနေ့အချိန်ထိ သတင်းအစအန မရရှိသေးသဖြင့် အပြစ်မရှိပါက လွှတ်ပေးရန်နှင့် အပြစ်ရှိက ဥပဒေအတိုင်းဆောင်ရွက်ပေးရန် မိသားစုဝင်များက တောင်းဆိုနေကြသည်။

ကျောက်ဖြူမြို့နယ်၊ ကပ်သပြေကျေးရွာနှင့် စိုင်ဒြုံဒွိန်ကျေးရွာမှ ဒေသခံ ၈ ဦးကိုလည်း ဇွန်လ ၂၆ ရက်နေ့နှင့် ၂၈ ရက်နေ့တို့တွင် တပ်မတော်ကဖမ်းဆီးခဲ့ပြီး ဇူလိုင်လ ၄ ရက်နေ့တွင် ကျောက်ဖြူမြို့မရဲစခန်းသို့ လွှဲပြောင်းကာ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေဖြင့် အမှုဖွင့်ထားသည်။

ဓာတ်ပုံ - တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့

April 27, 2026
စစ်ခေါင်းဆောင်ဟောင်း သမ္မတ ဦးမင်းအောင်လှိုင်ကိုယ်တိုင် ငြိမ်းချမ်းရေးစကားပြောဆိုရန် ဖိတ်ခေါ်...
ကုလားတန်မြစ်ကြောင်းအတိုင်းသွားလာသည့် စစ်ရေယာဉ်တစင်းအား ၂၀၂၀ ခုနှစ်အတွင်း တွေ့ရစဉ်။ ဓာတ်ပုံ - DMG
April 25, 2026
အာရက္ခတပ်တော် ထိန်းချုပ်ထားသည့် ရခိုင်ပြည်၊ ရမ်းဗြဲနှင့် တောင်ကုတ်မြို့နယ် ရေပြင်တကြောတွင်...
ကျောက်တော်မြို့နယ်မှ စစ်ဘေးရှောင်များအား ၂၀၂၄ ခုနှစ်အတွင်းက တွေ့ရစဉ်။
April 24, 2026
ရခိုင်ဒေသအတွင်း စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု တိုးမြှင့်လာသည်နှင့်အမျှ...
April 23, 2026
ရခိုင်ပြည်အတွင်း စမ်းသပ်စိုက်ပျိုးနေကြသည့်  ကြက်သွန်စိုက်ခင်းများမှာ ဖြစ်ထွန်းမှုရှိနေပြီး...