အထက်တန်းအဆင့်ကျောင်းများ ဇူလိုင်လ ၁၃ ရက်မှစတင်ပြီး ကျောင်းအပ်လက်ခံ

အထက်တန်းအဆင့်ကျောင်းများ ဇူလိုင်လ ၁၃ ရက်မှစတင်ပြီး ကျောင်းအပ်လက်ခံ

ရန်လင်းအောင် (မော်လမြိုင်၊ဇူလိုင် ၁၃)

Covid 19 ကပ်ရောဂါကြောင့် စာသင်ကျောင်းများ ဖွင့်လှစ်ရန် နောက်ကျခဲ့ပြီး ယခုတွင် ပညာရေးဝန်ကြီးဌာန၏ ညွှန်ကြားချက်အရ အထက်တန်းအဆင့်ကျောင်းများ စတင်ဖွင့်လှစ်ရန်အတွက် ဇူလိုင်လ ၁၃ ရက်နေ့မှာ စတင်ပြီး ကျောင်းအပ်နှံရေး ရက်သတ္တတစ်ပတ်အဖြစ် သတ်မှတ်ထားသည်ဟု မွန်ပြည်နယ် ပညာရေးမှူး ဒေါက်တာချိုချိုမြတ်အောင်က ပြောကြားသည်။

“ကျောင်းတွေ ပြန်ဖွင့်ဖို့ကို ပညာရေးဝန်ကြီးဌာန ညွှန်ကြားချက်အရ အထက်တန်းအဆင့်ကျောင်းတွေကို အရင်ဖွင့်မယ် အဲ့အတွက် ကျောင်းအပ်နှံရေး ရက်သတ္တတစ်ပတ်ကို ဇူလိုင် ၁၃ ရက်ကနေစပြီးတော့ ၁၇ ရက်ထိသတ်မှတ်ထားပြီးတော့ ၂၁ ရက်နေ့မှာ Grade 10 သင်ရိုးသစ်ရယ် ဒသမတန်း သင်ရိုးဟောင်းရယ် အဲ့ကလေးတွေကို စပြီး ဖွင့်လှစ်ပေးမှာဖြစ်ပါတယ်” ဟု ၎င်းက ဆိုသည်။

ယခုတွင် အထက်တန်းအဆင့် ကိုသာ ဖွင့်လှစ်ထားပြီး ကပ်ရောဂါ အခြေအနေအရ တည်ငြိမ်မှုရှိပါက ညွှန်ကြားချက်အတိုင်း အလယ်တန်း အဆင့်နှင့် မူလတန်းအဆင့်များကိုလည်း ဩဂုတ်လ ပထမ အပတ်မတိုင်ခင် ဖွင့်လှစ်နိုင်ရန် လျာထားသည်ဟု ဒေါက်တာချိုချိုမြတ်အောင်က ပြောသည်။

ကလေးတွေအတွက်  ပညာရေးအပိုင်းမှာ နောက်ကျသွားမှာ ဆိုးသည့်အတွက် ကျောင်းထားမှာဖြစ်ပြီး ကျောင်း ဆရာ/ ဆရာမ ကလည်း သေချာပြင်ဆင်ထားသည့် အတွက် စိုးရိမ်စရာမရှိကြောင်း ကျောင်းသားမိဘ တစ်ဦးဖြစ်သူ ဒေါ်ဇင်မာဖြူက ပြောသည်။

“ကလေးပညာရေးကို ဦးစားပေးတယ်လေ အစိုးရကလည်း သေသေချာချာပြင်ဆင်ထားတော့ ကျောင်းဆရာ/ဆရာမကလည်း သေချာပြင်ဆင်ထားတော့ ကလေးတွေအတွက် သိပ်စိတ်ပူစရာမရှိဘူးလေ ကျောင်းပို့လည်း တစ်ယောက်ပဲပို့ရမယ် ကျောင်းကြိုလည်း တစ်ယောက်ပဲကြိုရမယ် စည်းစနစ်လည်းလုပ်ထားတော့ စိုးရိမ်စရာမရှိဘူး ကျောင်းထားမယ် ကလေးတွေ တစ်နှစ်ပညာရေးနောက်ကျသွားမှာ အဲ့ဒါကြောင့် ထားရမယ်လေ” ၎င်းကဆိုသည်။

စာသင်ကျောင်းတွေမှာ Mask တပ်ဆင်တာတွေ ၊ Physical Distancing နှင့် လက်ဆေးနိုင်ရန် အတွက် ဘေစင်နှင့် တခြား ရောဂါ ကာကွယ်ရေး ပစ္စည်းများ ထားရှိထားပြီး ကျောင်းအလိုက် ရှိသည့် ကျောင်းသား/သူ ဦးရေ အပေါ် ရှိသည့် စာသင်ခန်းနှင့် အသုံးပြုနိုင်သည့် အခန်းအပေါ်မူတည်ပြီး ပုံမှန်အချိန်တိုင်း ကျောင်းတက်နိုင်မည့်ကျောင်းနှင့် အပတ်ခြား ၊ရက်ခြား ကျောင်းတက်နိုင်မည့်ကျောင်းတို့ကို သတ်မှတ်ထားသည်ဟု ဒေါက်တာချိုချိုမြတ်အောင်က ပြောသည်။

ယင်းအပြင် လက်ရှိမှာ ပုံမှန်ကျောင်းတက်ရက်ထက် နောက်ကျနေသည့် အပြင် Covid ကပ်ရောဂါကြောင့်ပါ ရှိနေတာကြောင့် သင်ရိုးညွှန်းတမ်းတွေကို ပြန်လည် ပြင်ဆင်နေသည်ဟု ၎င်းကဆိုသည်။

“သင်ရိုးညွှန်တမ်းဗဟိုကော်မတီရှိတယ် သင်ရိုးညွှန်းတမ်းရေးဆွဲရေးအဖွဲ့ရှိတယ် အခြေခံပညာဦးစီးဌာန သုတေသနနှင့် လေ့ကျင့်ရေးဦးစီးဌာန ညှိနှိုင်းပြီးတော့ ဒီနှစ်အတွက် ရမယ့် စာသင်ချိန် စာသင်ရက် ဒီအပေါ်မှာ သင်ရိုးတွေ ဘယ်လိုလုပ်မလဲဆိုတာကို Assignment ဘယ်လိုပေးမလဲဆိုတာတွေကိုတော့ ရေးဆွဲနေပါတယ်” ဟု ဒေါက်တာချိုချိုမြတ်အောင်က ဆိုသည်။

မွန်ပြည်နယ်တွင် အထက်တန်း၊အလယ်တန်း၊မူလတန်း စာသင်ကျောင်း ၁၅၀၀ ကျော်ရှိနေပြီး ကျောင်းသား/သူ ဦးရေ ၄ သိန်း ၉ ထောင်ကျော်ရှိသည့်အနက် အထက်တန်းကျောင်းသား ၄ သောင်း ၇ ထောင်ခန့်ရှိကြောင်း ပြည်နယ်ပညာရေးမှူးရုံးမှ သိရသည်။

Photo- မွန်ပြည်နယ် ပညာရေးမှူးရုံး(Facebook)

March 7, 2026
“၂ နှစ်ပြည့်ရင် အိမ်ပြန်ခွင့်ရပြီ။ ၂ နှစ်ပြည့်တဲ့နေ့ကို စောင့်နေတာ” ဒါကတော့ မကြာခင်ကမှ...
March 6, 2026
အရပ်သားပြည်သူများကို ပိုမိုဆိုးရွားစွာ စောင့်ကြည့်နိုင်ရန် ဗဟိုမိုဘိုင်းလ်စက်ပစ္စည်း သက်သေခံ...
March 5, 2026
ကရင်ပြည်နယ်၊ မြဝတီ-ကော့ကရိတ် အာရှလမ်းပိုင်းကို ဖွင့်လှစ်နိုင်ရေး စစ်ကော်မရှင်ဘက်မှ...
March 4, 2026
ထိုင်းနိုင်ငံမှ ပြည်ပလောင်စာဆီ တင်ပို့မှုရပ်ဆိုင်းလိုက်ပြီဟု ထုတ်ပြန်ထားသည့်အပြင်...