ရမ်းဗြဲမြို့နယ် အလယ်ချောင်းကျေးရွာမှ ရွာသား ၆ ဦးဖမ်းဆီးခေါ်ဆောင်ခံရ

ရမ်းဗြဲမြို့နယ် အလယ်ချောင်းကျေးရွာမှ ရွာသား ၆ ဦးဖမ်းဆီးခေါ်ဆောင်ခံရ

ခိုင်လူလှ — ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ်၊ အလယ်ချောင်းကျေးရွာမှ ရွာသား ၆ ဦးကို ဇူလိုင် ၁၁ ရက်နေ့က တပ်မတော်စစ်ကြောင်းမှ ဖမ်းဆီးခေါ်ဆောင်သွားသည်ဟု မိသားစုဝင်များနှင့် ကျေးရွာအုပ်ချုပ်ရေးမှူးက ပြောကြားသည်။

ဖမ်းဆီးခေါ်ရသူများမှာ မောင်ချမ်းငြိမ်း (၂ဝ) နှစ် (ဘ) ဦးကျော်လိူင်၊ ဦးမောင်ထွန်းဝင်း(၄၄)နှစ် (ဘ) ဦးမောင်လှဖြူ၊ ဦးဇော်လွင် (၃၅) နှစ်(ဘ) ဦးမောင်သိန်းဖြူ၊ ဦးစောမြင့်ထွန်း (၃၇)နှစ်(ဘ) ဦးမောင်ဘန်းအောင်၊ ဦးမောင်မြင့်ထွန်း (၃၇) နှစ်(ဘ) ဦးမောင်စောညွှန့်နှင့် ကိုမြင့်ဝင်း(၂၅) နှစ် (ဘ) ဦးမောင်သိန်းဖြူတို့ ဖြစ်ကြသည်။

အလယ်ချောင်းကျေးရွာအုပ်ချုပ်ရေးမှူး ဦးမြင့်လွင်က “ ဒီလ ၁၁ ရက်နေ့ မနက် ၃ နာရီလောက်မှာ ခလရ ၃၄တပ်ရင်းနဲ့ ခလရ ၃၆ တပ်ရင်းက ရွာကို အိမ်ထောင်စု စာရင်း ဝင်စစ်ပါတယ်။ ရွာပတ်ပတ်လည်ကိုလည်း စစ်တပ်က ဝိုင်းထားပါတယ်။ အဲဒီလို စစ်ဆေးပြီး ရွာသား ၆ ဦးကို နာမည်နဲ့ တိုက်ပြီး ဖမ်းဆီးခေါ်ဆောင်သွားပါတယ်။ ဘာကြောင့် ခေါ်ဆောင်သွားတယ်ဆိုတာတော့ ကျွန်တော်ကို မပြောပါဘူး။ စစ်ဆေးစရာရှိတယ်ဆိုပြီး ပြောခဲ့ပါတယ်”ဟု နိရဉ္စရာသတင်းဌာနသို့ ပြောဆိုသည်။

ယခုလက်ရှိတွင် ရွာသား ၆ ဦးကို မည်သည့်နေရာသို့ ဖမ်းဆီးခေါ်ဆောင်သွားသည်ကို မသိရှိရကြောင်း၊ အလယ်ချောင်းကျေးရွာ အနီးဝန်းကျင်တွင် တိုက်ပွဲ ဖြစ်ပွားမှုလည်း မရှိကြောင်း ၎င်းက ပြောကြားသည်။

ဖမ်းဆီးခံထားရသူ ဦးမောင်ထွန်းဝင်း မိသားစုဝင်အမျိုးသမီးတစ်ဦးက “ ကျွန်မတို့ က သူတို့ကို ဘယ်ကို ခေါ်သွားပြီး ဘယ်မှာရှိနေတယ်ဆိုတာကို သိချင်ပါတယ်။ အခုက ဘာမှ သတင်းမရတော့ စိုးရိမ်နေကြပါတယ်။ ခေါ်သွာတုန်းကတော့ ခဏစစ်ဆေးစရာရှိလို့ ခေါ်သွားမယ်ဆိုပြီး ပြောခဲ့ပါတယ်” ဟု ပြောကြားသည်။

၎င်းဖမ်းဆီးခံရသူများမှာ လယ်လုပ်သူများ၊ ရေလုပ်ငန်းလုပ်သူများနှင့် လမ်းခင်းကျောက် ရောင်းဝယ်ရေး လုပ်သူများဖြစ်ကြသည်ဟု ဆိုသည်။

ရွာသား ၆ ဦး ဖမ်းဆီးခေါ်ဆောင်ခံရခြင်းနှင့် ပတ်သက်ပြီး တပ်မတော်သတင်းမှန်ပြန်ကြားရေး အဖွဲ့ သို့ ဆက်သွယ်၍ မရသဖြင့် တပ်ဘက်က သဘောထားကို မေးမြန်းတင်ပြနိုင်ခြင်း မရှိပါ။

၎င်းအလယ်ချောင်းအုပ်စု အလယ်ချောင်းအထက်ရွာမှ ဦးငလုံးအောင်လည်း ၂ဝ၂ဝ ခုနှစ် ဇွန်လ ၂၁ ရက်နေ့က တပ်မတော် စစ်ကြောင်း တစ်ခုမှ ဖမ်းဆီးခေါ်ဆောင်ခံရပြီး ယနေ့ထိ မိသားစုများနှင့် အဆက်အသွယ် မရရှိသေးကြောင်း ၎င်းတို့က ပြောကြားသည်။

April 20, 2026
ကျော်သီဟ — ရခိုင်ပြည်၊ မြောက်ဦးမြို့နယ်၊ ကျောက်ဆည်ပြင်ရွာကို အကြမ်းဖက်စစ်‌ကော်မရှင်လေတပ်က ဧပြီ (...
April 11, 2026
ကျော်သီဟ — ဧပြီလ ၁ဝ ရက်တွင်ကျရောက်သည့် အာရက္ခတပ်တော် (AA) တည်ထောင်ခြင်း (၁၇) နှစ်မြောက်နေ့သို့...
April 10, 2026
နှင်းနွယ်နီ — ရခိုင်ပြည်၊ မြို့တော်စစ်တွေမြို့ရှိ ထောင်အနီးနှင့် သံတော်လီရွာဝင်ဝအနီးတို့တွင်...
April 9, 2026
ခိုင်လူလှ (ရိုးမမြေ) — ကျောက်ဖြူမြို့နယ်တိုက်ပွဲများတွင် ထိခိုက်သေဆုံးမှုများနေသဖြင့်...