ရသေ့တောင်မြို့နယ် ချိန်ခါလီကျေးရွာအနီး ပစ်ခတ်မှုဖြစ်ပွား၍ ရွာသား ၃ ဦး ဒဏ်ရာရ

ရသေ့တောင်မြို့နယ် ချိန်ခါလီကျေးရွာအနီး ပစ်ခတ်မှုဖြစ်ပွား၍ ရွာသား ၃ ဦး ဒဏ်ရာရ

ဆောင်းဇာခြည် — ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ ချိန်ခါလီကျေးရွာအနီး ဇူလိုင် ၁၃ ရက်နေ့ နံနက်ပိုင်းက ပစ်ခတ်မှုဖြစ်ပွား၍ ရွာသား ၃ ဦးဒဏ်ရာရရှိသွားကြောင်း သတင်းရရှိသည်။

၎င်း ၃ ဦးမှာ ချိန်ခါလီကျေးရွာမှ ဦးမောင်ထွန်းဝင်း (၄၇) နှစ်၊ ဒေါ်ဦးမြင့်ကြည် (၃၃) နှစ်နှင့် သူမ၏သားဖြစ်သူ မောင်နေမင်းဆန်း (၁၁) နှစ်တို့ဖြစ်ကြောင်း ချိန်ခါလီကျေးရွာမှ အုပ်ချုပ်ရေးမှူးဟောင်း ဦးမြင့်နိုင်က ပြောသည်။

“ဒေါ်ဦးမြင့်ကြည်တို့ သားအမိက အိမ်မှာ ထိုင်နေရင်း လက်နက်လာကျတာ။ လက်နက်ကြီးလား လက်နက်ငယ်လားဆိုတာတော့ မသိဘူး။ ချိန်ခါလီရဲစခန်းအနီးကနေ လက်နက်ကြီးတွေ၊ လက်နက်ငယ်တွေနဲ့ လှမ်းပစ်တာ။ ရဲစခန်းနဲ့ရွာနဲ့က ကပ်နေတာဆိုတော့ ရွာထဲကို လက်နက်တွေ လာကျတယ်။ နောက်ပြီး မောင်ထွန်းဝင်းမှာကျတော့ အဲဒီလို လက်နက်တွေနဲ့ ပစ်နေလို့ အိမ်အောက်မှာ ဆင်းပြီးဝပ်နေတုန်း လာထိတာပေါ့။ သုံးယောက်လုံးမှာက လက်နက်ကျည် ရှပ်ထိတာပါ။ နှစ်ဘက်ပစ်ခတ်မှုလား၊ တစ်ဘက် ပစ်ခတ်မှုလားတော့ မသိဘူး။ အဲဒီ ရဲစခန်းအနားက လှမ်းပစ်နေတာပဲ သိတယ်” ဟု ဦးမြင့်နိုင်က နိရဉ္စရာသို့ ပြောသည်။

ဦးမောင်ထွန်းဝင်းတွင် ဘယ်ဘက်ပေါင်၌လည်းကောင်း၊ ဒေါ်ဦးမြင့်ကြည်တွင် ဘယ်ဘက်လက်မောင်း၌ လည်းကောင်း၊ မောင်နေမင်းဆန်းတွင် ဘယ်ဘက်ရင်အုံ၌လည်းကောင်း လက်နက်ကျည် ရှပ်ထိမှုကြောင့် ဒဏ်ရာအသီးအသီးရရှိသွားကြကြောင်း၊ ဒဏ်ရာမှာ မစိုးရိမ်ရ၍ အနီးအနားရှိ ကျန်းမာရေးမှူးထံတွင် ဆေးကုသလျှက်ရှိကြကြောင်း ဦးမြင့်နိုင်က ပြောသည်။

ဇူလိုင် ၁၂ ရက်နေ့ နံနက် ၁ဝ နာရီခန့်က ချိန်ခါလီကျေးရွာ၏ မြောက်ဘက် ၃ မိုင်ခန့်အကွာရှိ ကိုးတန်ကောက် ကျေးရွာအနီး ဆက်လက်ပစ်ခတ်မှုများဖြစ်ပွားမှုကြောင့် ချိန်ခါလီကျေးရွာသားများမှာ နီးစပ်ရာကျေးရွာများသို့ ထွက်ပြေးတိမ်းရှောင်လျှက်ရှိကြကြောင်း ချိန်ခါလီကျေးရွာမှ အုပ်ချုပ်ရေးမှူး ဦးထွန်းတင်စိုးက ပြောသည်။

ဦးထွန်းတင်စိုးက “ဒဏ်ရာရသွားတဲ့ သူ သုံးဦးကတော့ မစိုးရိမ်ရပါဘူး။ ဒဏ်ရာက နည်းပါတယ်။ ကိုးတန်ကောက်နဲ့ ချိန်ခါလီကြားမှာ မနက် ၉ နာရီလောက်က ၁၅ မိနစ်လောက် နှစ်ဘက်ပစ်ခတ်မှုလိုလို ဖြစ်ခဲ့ပါတယ်။ အဲဒါပြီးရင် တပ်မတော်ဘက်က အဲဒီအနီးတဝိုက်မှာ အခု အချိန်ထိ မရပ်ဘဲ ပစ်ခတ်မှုတွေ လုပ်နေတယ်။ ရွာသားတွေက မနေ့ကလည်းထွက်ပြေး၊ ဒီနေ့လည်း ထွက်ပြေးတယ်။ ရွာမှာ လူမကျန်တော့ဘူး” ဟု ယနေ့ နေ့လယ် ၂ နာရီခန့်က ဆက်သွယ်စဉ် ပြောသည်။

ချိန်ခါလီကျေးရွာတွင် အိမ်ခြေ ၁၄၂ ဆောင်နှင့် လူဦးရေ ၆၅ဝ ကျော် ရှိပြီး ကျေးရွာသားများမှာ ရသေ့တောင်မြို့နယ်၊ ဒုံးပိုက်၊ ဆင်ပိုက်၊ အောင်ဗလ၊ အောင်ဆိတ်၊ အငူမော်ကုန်တန်း၊ လောင်းချောင်းနှင့် သံချောင်းကျေးရွာများသို့ ထွက်ပြေးတိမ်းရှောင်လျှက်ရှိကြကြောင်း သိရသည်။

ဓာတ်ပုံ - လင်းရောင်ခြည်ဖောင်ဒေးရှင်းက အခမဲ့ဖွင့်လှစ်ခဲ့သည့်ကျောင်းများရှိ စစ်ရှောင်ကျောင်းသူ၊ ကျောင်းသားများအား ယခင်နှစ်က တွေ့ရစဉ်။
May 22, 2026
မောင်စာဂ — ရခိုင်ပြည်အတွင်းရှိ လူမှုကူညီရေးအဖွဲ့တစ်ခုဖြစ်သော လင်းရောင်ခြည်ဖောင်ဒေးရှင်းက ယခု...
May 21, 2026
“အာရက္ခပြည်မှာ ကြိုးပမ်းတည်ဆောက်နေတဲ့ လူမျိုးပေါင်းစုံချစ်ကြည်ရေး၊...
May 20, 2026
မောင်စာဂ — ရခိုင်ပြည်၊ မြေပုံမြို့နယ်မှ အရပ်သားရှစ်ဦးကို စစ်အုပ်စု၏နေဗီတစ်စီးက ဖမ်းဆီးသွားသည်ဟု...
May 19, 2026
ခိုင်လူလှ (ရိုးမမြေ) — ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ တောင်မော်ဦး၊ရေတပ်စခန်း...