စစ်ကြောင်းခေါ်သွားသည့် မြောက်ဦးရွာဟောင်းတောက လူငယ်နှစ်ဦး ပြန်လွတ်လာ

စစ်ကြောင်းခေါ်သွားသည့် မြောက်ဦးရွာဟောင်းတောက လူငယ်နှစ်ဦး ပြန်လွတ်လာ

အိမ်စိုးဖြူ — ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်၊ ရွာဟောင်းတောရွာမှ တပ်မတော်စစ်ကြောင်းတစ်ခုက ခေါ်ယူသွားသည့် လူငယ်နှစ်ဦးကို ဇူလိုင် ၁၂ ရက် နံနက်က ပြန်လွှတ်ပေးလိုက်သည်ဟု မိသားစုများက ပြောကြားသည်။

၎င်းလူငယ်နှစ်ဦးမှာ မြောက်ဦးမြို့နယ်၊ ရွာဟောင်းတော ကျေးရွာမှ ၇ တန်းကျောင်းသား မောင်နေမျိုးသူ (၁၃)နှစ်နှင့် ၉ တန်းကျောင်းသား မောင်စိုးကျော် (၁၆)နှစ်တို့ဖြစ်ကြသည်။

ပြန်လွှတ်လာသူ မောင်စိုးကျော်က “ ကျွန်တော်တို့ မနေ့က အဖေနဲ့အတူ နွားချည်ဖို့ သွားတာပါ။ လယ်တဲမှာ ထိုင်နေတုန်း စစ်ကြောင်းက ဖြတ်သွားတော့ သူတို့စစ်သားတွေလည်း လယ်တဲ ဝင်နားကြတယ်။ အဖေနဲ့လည်း စကားစမြည်ပြောပြီး ကျွန်တော်တို့ကို လမ်းပြအဖြစ်ခေါ်သွားတာပါ။ အဖေ ထည့်ပေးလိုက်တာမဟုတ်ပါဘူး။ ကျွန်တော်တို့လည်းကြောက်ပါတယ်။ တစ်ညလုံးခြင်ကိုက်ပြီး အိပ်မရပါဘူး။ ကြောက်လို့။ ထမင်းတော့ ကျွေးပါတယ်။ မနက်ကျတော့ ကျွန်တော်တို့ကို လွှတ်ပေးလိုက်ပြီး အဖေ့ကို ခေါ်ထားလိုက်တယ်” ဟုပြောသည်။

၎င်းလူငယ်နှစ်ဦးမှာ ဇူလိုင် ၁၂ ရက် ညနေ ၅ နာရီကျော်က ခေါ်ဆောင်သွာပြီး မကျားရွာမှ ကိုးကွယ်သည့် နတ်တောင် တောင်ပေါ်ကို လမ်းပြအဖြစ်ခေါ်ဆောင်သွားသည်ဟု မောင်စိုးကျော်၏ဖခင်ဖြစ်သူ ဦးမောင်ရွှေသာက ပြောသည်။

“ ကလေးတွေကို ကျွန်တော် ထည့်ပေးတာမဟုတ်ပါဘူး။ သူတို့ခေါ်သွားတော့ ဘာပြောလို့ရမလဲ။ တစ်ညလုံး စိတ်ပူပြီး အိပ်လို့်မပျော်ဘူး။ ထမင်းလည်းမစားကြတော့ဘူး။ ကလေးတွေအမေတွေလည်း စိတ်ပူကြတယ်။ နေမျိုးသူအမေက ခယ်မတော်ပါတယ်။ ကျွန်တော့မိန်းမလည်း သွေးတိုးရောဂါသည်ပါ။ မနက်ကျတော့ ကျွန်တော် လိုက်သွားတော့စစ်ကြောင်းက တောင်ပေါ်ကဆင်းလာကြပြီ။ ကလေးတွေကို ပြန်လွှတ်ပေးမယ်။ ကျွန်တော်နေခဲ့ရမယ်လို့ပြောတယ်။ ကျွန်တော်နေခဲ့ပေမယ့် မနက် ၇ နာရီကျော်လောက်မှာ ကျွန်တော့်ကိုလည်း ပြန်လွှတ် ပေးလိုက်တယ်” ဟု ဦးမောင်ရွှေသာက ပြောသည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ မြောက်ဦးမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းသာစိန်က ရွာသားများက သူ့ဆီသို့ သတင်းပို့ တိုင်ကြားကြကြောင်း၊ မိသားစုများ အကြား စိုးရိမ်မှုများ ဖြစ်ပေါ်ခဲ့ကြရကြောင်း၊ ဇူလိုင် ၁၂ ရက် နံနက်က ပြန်လွှတ်လာသည်ဟု သိရကြောင်း အတည်ပြုပြောကြားသည်။

မြောက်ဦးမြို့နယ် ရွာဟောင်တောကျေးရွာတွင် အိမ်ခြေ ၂၅ဝခန့်ရှိပြီး လူဦးရေ နှစ်ထောင်နီးပါးရှိကြောင်း သိရသည်။

April 20, 2026
ကျော်သီဟ — ရခိုင်ပြည်၊ မြောက်ဦးမြို့နယ်၊ ကျောက်ဆည်ပြင်ရွာကို အကြမ်းဖက်စစ်‌ကော်မရှင်လေတပ်က ဧပြီ (...
April 11, 2026
ကျော်သီဟ — ဧပြီလ ၁ဝ ရက်တွင်ကျရောက်သည့် အာရက္ခတပ်တော် (AA) တည်ထောင်ခြင်း (၁၇) နှစ်မြောက်နေ့သို့...
April 10, 2026
နှင်းနွယ်နီ — ရခိုင်ပြည်၊ မြို့တော်စစ်တွေမြို့ရှိ ထောင်အနီးနှင့် သံတော်လီရွာဝင်ဝအနီးတို့တွင်...
April 9, 2026
ခိုင်လူလှ (ရိုးမမြေ) — ကျောက်ဖြူမြို့နယ်တိုက်ပွဲများတွင် ထိခိုက်သေဆုံးမှုများနေသဖြင့်...