တပ်မတော်သားသုံးဦးအား မုဒိမ်းမှုဖြင့် စစ်တွေရဲစခန်းတွင် ကာယကံရှင်ကိုယ်တိုင် အမှုဖွင့်

တပ်မတော်သားသုံးဦးအား မုဒိမ်းမှုဖြင့် စစ်တွေရဲစခန်းတွင် ကာယကံရှင်ကိုယ်တိုင် အမှုဖွင့်

ခိုင်ရိုးလ — ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ မူစဲကျွန်း၊ ဦးဂါကျေးရွာရှိ အသက် ၃၇ နှစ်အရွယ် အမျိုးသမီးတစ်ဦးအား တပ်မတော်သား ၃ ဦးက အဓမ္မပြုကျင့်ခဲ့သည် ဆိုသည့်ကိစ္စအား အရေးယူပေးရန် ကာယကံရှင်မှ ဇူလိုင်လ ၁၀ ရက်နေ့တွင် စစ်တွေမြို့မရဲစခန်း၌ အမှုဖွင့်ခဲ့သည်။

“အမှုဖွင့်ရတာကတော့ ကျမမှာအမှန်တရားကို လိုလားတယ်။ အမှန်တရားကို ရဲရဲဝံ့ဝံ့နဲ့ ထွက်ဆိုသွားမယ်။ ဒါပေမဲ့ ကျမရဲ့လုံခြုံမှု၊ မိသားစုရဲ့လုံခြုံမှုကိုလည်း စိုးရိမ်နေမိတယ်” ဟု ကာယကံရှင်အမျိုးသမီးက သတင်းထောက်များကို ပြောသည်။

ဇွန်လ ၂၉ ရက်နေ့ ညနေ ၆ နာရီအချိန်ခန့်တွင် ဦးဂါကျေးရွာအတွင်းသို့ တပ်မတော်စစ်ကြောင်းတစ်ခု ဝင်ရောက်လာသဖြင့် နေအိမ်အောက်တွင် ပုန်းခိုနေစဉ် တပ်မတော်သား ၃ ဦးက သေနတ်ထောက်ပြီး ခေါ်ထုတ်ကာ အနီးရှိ အခြားနေအိမ်တစ်လုံးတွင် အဓမ္မပြုကျင့်ခဲ့ခြင်းဖြစ်ကြောင်း ကာယကံရှင်အမျိုးသမီးက ဆိုသည်။

“စစ်သား ၃ ဦးက ကျမကို လမ်းနှစ်လမ်းရွေးချယ်ခွင့်ပေးမယ်။ ထွက်ပြေးရင် သေနတ်နဲ့ပစ်မယ်။ နောက်တစ်လမ်းက ကျမခန္ဓာကို တောင်းတယ်။ ကျမထွက်ပြေးဖို့ကြိုးစားပေမယ့်လည်း အနောက်ကတစ်ယောက်၊ အရှေ့က တစ်ယောက် သေနတ်၊ ဓားတွေနဲ့ ထွက်ပြေးရင်သူပုန်လို့သတ်မှတ်ပြီး ပစ်သတ်မယ်လို့ပြောတယ်။ နောက်ပြီးတော့ ကျမကို သူတို့သုံးယောက်က တစ်ယောက်ပြီးတစ်ယောက် အဓမ္မပြုကျင့်တယ်” ဟု ၎င်းအမျိုးသမီးက ပြောသည်။

ထို့ပြင် ၎င်း၏သမီးဖြစ်သူ အသက် ၁၉ နှစ်အရွယ် အမျိုးသမီးကိုလည်း အဓမ္မပြုကျင့်ရန် ကြိုးစားခဲ့ရာ ကလေးမွေးဖွားပြီး၍ ၆ ရက်မျှသာရှိသေးကြောင်းပြောဆိုကာ အသနားခံခဲ့ရသည်ဟု ဆိုသည်။

လက်ရှိမှာ ယင်းအမှုအား စစ်တွေမြို့မရဲစခန်းမှ ပ(၃၅၅)/၂၀၂၀၊ ရာဇသတ်ကြီးပုဒ်မ ၃၇၆(မုဒိမ်းမှု)၊ ပုဒ်မ ၃၆၆ (ကာမကိုအတင်းအဓမ္မရယူမှု)၊ ပုဒ်မ ၁၄၄(မုဒိမ်းပြုကျင့်ရန်ကြိုးပမ်းမှု)တို့ဖြင့် အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်း သိရသည်။

ရသေ့တောင်မြို့နယ်မှ အမျိုးသမီးတစ်ဦးအား တပ်မတော်သားသုံးဦးက မုဒိမ်းကျင့်သည်ဆိုသည့်ကိစ္စမှာ မှန်ကန်မှုမရှိကြောင်းနှင့် ပြည်သူလူထု အထင်အမြင်လွှဲမှားစေရန် လုပ်ကြံဖန်တီးပြီး ဖော်ပြနေခြင်းသာဖြစ်ကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ ဇူလိုင်လ ၂ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။

ရခိုင်ပြည်နယ်တွင် စစ်ရေးပဋိပက္ခအတွင်း အမျိုးသမီးများအနေဖြင့် လုံခြုံစိတ်ချမှုမရှိသကဲ့သို့ဖြစ်နေပြီး လူသားအချင်းချင်း ဆင်ခြင်တုံတရားများ လိုအပ်နေကြောင်း ရခိုင်အမျိုးသမီးကွန်ရက် ဥက္ကဋ္ဌ ဒေါ်ညိုအေးက ပြောသည်။

“ကျမတို့သာ ဒီလိုဖော်ထုတ်မပေးဘူးဆိုရင် ဒီလိုမှုခင်းမျိုးတွေဟာ ရခိုင်မဟုတ်ဘူး။ မြန်မာတစ်နိုင်ငံလုံး ကချင်၊ ကရင်တွေမှာလည်း မြင်ခဲ့ဖူးတယ်။ ဒါမျိုးဖြစ်တာတွေများနေတဲ့အတွက် ဆင်ခြင်တုံတရား လူသားချင်းမဖြစ်စေဖို့အတွက် အမှုဖွင့်ပေးရာမှာ ကူညီရတာဖြစ်တယ်” ဟု ဒေါ်ညိုအေးကဆိုသည်။

ဇူလိုင် ၁၀ ရက်နေ့ အမှုဖွင့်ခဲ့သည့်အပြင် ကာယကံရှင်အမျိုးသမီးအား ဆေးစစ်ခြင်း၊ သက်သေခံပစ္စည်းများ တင်သွင်းခြင်းများ ပြုလုပ်ခဲ့ကြောင်း ဒေါ်ညိုအေးက ဆိုသည်။

Most read this week

စစ်ယူနီဖောင်းဝတ်ဆင်ပြီး သေနတ်ကိုင်ဆောင်ထားသည့် မွတ်စလင်များအား ၂၀၂၄ ခုနှစ် မတ်လအတွင်းက တွေ့ရစဉ်။ ဓာတ်ပုံ - CJ
April 29, 2024
ရခိုင်ပြည် ဘူးသီးတောင်၊ မောင်တောဒေသတွင် စစ်ကောင်စီနှင့်ပူးပေါင်းနေသော မွတ်ဆလင်များက...
April 29, 2024
ရခိုင်ပြည်အတွင်းက ကျန်းမာရေးမကောင်းသူများနှင့် ဆေးရုံ/ဆေးခန်းများ၌ ပုံမှန်ပြသနေရသူများမှာ...
April 27, 2024
စစ်ရေးပဋိပက္ခ ပြင်းထန်နေသော ရခိုင်ပြည်တွင် ဒေသတွင်းထွက်ကုန်များဖြစ်သည့် ဆန်၊ စပါး၊ သီးနှံ၊ သား၊...
၂၀၂၂ ခုနှစ်၊ မေလအတွင်း စစ်တွေမြို့၊ အမှတ်(၁)ရဲစခန်းရှေ့မြင်ကွင်း။
April 27, 2024
(ထွက်ပြေးကြစဉ် မိုင်းနင်းသေဆုံးသူများရှိပြီး မိုင်းဖိုးကို ပြန်လျော်ပေးရမည်) ရခိုင်ပြည်၊...