လမ်းခရီးအခြေအနေကြောင့် စစ်ဘေးရှောင်ကျောင်းသားများအတွက် ကျောင်းဆောင်သစ်ဆောက်လုပ်ရန် ခက်ခဲနေ

လမ်းခရီးအခြေအနေကြောင့် စစ်ဘေးရှောင်ကျောင်းသားများအတွက် ကျောင်းဆောင်သစ်ဆောက်လုပ်ရန် ခက်ခဲနေ

နှင်းနွယ် - ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်မှ စစ်ဘေးရှောင်ကျောင်းသား ၁၅၀၀ ကျော်အတွက် အစိုးရအဖွဲ့မှ ကျောင်းဆောင်သစ်များ ဆောက်လုပ်ပေးရန် စီစဉ်ထားသော်လည်း သွားလာရေးအကန့်အသတ်များ ရှိနေသဖြင့် ကျောင်းဆောက်လုပ်ရန် အခက်အခဲများရှိနေသည်ဟု ချင်းပြည်နယ်အစိုးရအဖွဲ့မှ သိရသည်။

ပလက်ဝမြို့နှင့် ဆမီးမြို့တို့တွင် စစ်ဘေးရှောင်ကျောင်းသား သုံးထောင်ခန့်ရှိပြီး အဆိုပါကျောင်းသားများမှာ မြို့ပေါ်ရှိကျောင်းများတွင် ပညာသင်ကြားရန် နေရာမဆံ့သဖြင့် ချင်းပြည်နယ်အစိုးရအဖွဲ့မှ ၎င်းတို့သီးသန့် သင်ကြားနိုင်မည့် ကျောင်းဆောင်သစ်များ ဆောက်ပေးရန် စီစဉ်ခဲ့သည်။

သို့သော် ဆမီးမြို့ရှိ စစ်ဘေးရှောင်ကျောင်းသား ၁၃၀၀ ခန့်အတွက်သာ ကျောင်းဆောင်သစ် ၂ ခု ဆောက်လုပ်ပေးနိုင်ခဲ့ပြီး စစ်ရေးပြင်းထန်မှုများရှိနေသည့် ပလက်ဝမြို့နယ်မှာ လုံခြုံရေးအခြေအနေအရ သွားလာရေး ကန့်သတ်ခံထားရသဖြင့် ကျောင်းဆောက်ရာ၌ အသုံးပြုမည့် ပစ္စည်းများကို သယ်ယူရန် ခက်ခဲနေကြောင်း ချင်းပြည်နယ်အစိုးရအဖွဲ့မှ စည်ပင်ဝန်ကြီး ဦးစိုးထက်ကပြောသည်။

“အဲဒီဒေသကလူတွေက သစ်ခုတ်ဖို့ ဘယ်သူမှ မသွားရဲကြဘူးလေ။ ဒါကြောင့် ကျောင်းအတွက်လိုအပ်တဲ့ သစ်တွေကိုဝယ်ဖို့ကျတော့ သစ်ရောင်းမဲ့သူမရှိဘူး။ ဝါးတွေကိုတောင် မနည်းရှာထားရတာ။ လမ်းခရီးကလည်း သွားဖို့ လာဖို့ ကန့်သတ်ထားတော့ ပစ္စည်းသယ်ဖို့အတွက် အခက်အခဲတွေရှိတာပေါ့။ ဆောက်ဖို့အတွက်ကတော့ ကျနော်တို့ လျာထားပြီးသားပါ”ဟု ၎င်းကဆိုသည်။

ပညာရေးဝန်ကြီးဌာနမှ အထက်တန်းကျောင်းများအား ဇူလိူင် ၂၁ ရက်နေ့တွင် ဖွင့်လှစ်သွားမည်ဟု ထုတ်ပြန်ထားသဖြင့် ကျောင်းဖွင့်သည်နှင့်တပြိုင်နက် စစ်ဘေးရှောင်ကျောင်းသားများ ပညာသင်ကြားနိုင်ရေးအတွက် မြို့ပေါ်ကျောင်းများ၌ နံနက်ပိုင်းနှင့် ညနေပိုင်းဟူ၍ နှစ်ချိန်ခွဲကာ သင်ကြားနိုင်အောင် ပညာရေးဌာနနှင့် ညှိနှိုင်းထားကြောင်းလည်း ဝန်ကြီးကဆက်ပြောသည်။

ကျောင်းဖွင့်ချိန် နီးကပ်လာသော်လည်း သားသမီးများ ပညာသင်ကြားရမည့် နေရာမရှိသေးသဖြင့် ပညာရေး ထိခိုက်မည်ကို စိုးရိမ်မိရုံမှလွဲ၍ တခြားဒေသများသို့ သွားရောက်သင်ကြားပေးရန် မဖြစ်နိုင်ကြောင်း ကျောင်းသားမိသားများက ပြောကြသည်။

“ကျွန်တော်တို့ သားသမီးတွေသာ ဒီနှစ်ကျောင်းမတက်ရဘူးဆိုရင် သူတို့တွေရဲ့ဘဝက အရမ်းရင်နာစရာ ကောင်းမှာ။ ခေတ်ဆိုး၊ခေတ်ပျက်ကြီးမှာ လူဖြစ်လာပြီးတော့ ကိုယ့်အိမ်ကိုယ့်ယာမှာလည်း မနေရဘူး။ ပညာလည်း ကောင်းကောင်းမွန်မွန် မသင်ရဘူးဆိုတော့ သူတို့တွေ အရမ်းကံဆိုးတာပေါ့” ဟု မီးလက်ဝကျေးရွာမှ ဦးကျော်လှက ပြောသည်။

စစ်ဘေးရှောင်များမှာ အလှူရှင်များထံမှ ထောက်ပံ့ပေးမှုဖြင့်သာ စားသောက်နေကြရသဖြင့် သားသမီးများကို မိမိတို့စရိတ်ဖြင့် ပညာသင်ကြားပေးနိုင်ရန်မှာ မဖြစ်နိုင်တော့ကြောင်း ၎င်းကဆက်ပြောသည်။

ချင်းပြည်နယ်တွင် တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA)တို့၏ တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာထွက်ပြေး နေသည့် စစ်ဘေးရှောင်ဦးရေ ခုနှစ်ထောင်ကျော်ထိရှိနေပြီး စားဝတ်နေရေး အခက်အခဲများနှင့် ကြုံတွေ့နေကြ ရသည်။

စစ်ဘေးရှောင်များမှာ ကျေးရွာအနီး တိုက်ပွဲဖြစ်ပွားမှုများ၊ နေအိမ်မီးရှို့ခံရမှုများ၊ ကျေးရွာအတွင်း လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုများကြောင့် နေရပ်ကိုစွန့်ခွာကာ ထွက်ပြေးလာကြခြင်းဖြစ်သည်။

April 27, 2026
စစ်ခေါင်းဆောင်ဟောင်း သမ္မတ ဦးမင်းအောင်လှိုင်ကိုယ်တိုင် ငြိမ်းချမ်းရေးစကားပြောဆိုရန် ဖိတ်ခေါ်...
ကုလားတန်မြစ်ကြောင်းအတိုင်းသွားလာသည့် စစ်ရေယာဉ်တစင်းအား ၂၀၂၀ ခုနှစ်အတွင်း တွေ့ရစဉ်။ ဓာတ်ပုံ - DMG
April 25, 2026
အာရက္ခတပ်တော် ထိန်းချုပ်ထားသည့် ရခိုင်ပြည်၊ ရမ်းဗြဲနှင့် တောင်ကုတ်မြို့နယ် ရေပြင်တကြောတွင်...
ကျောက်တော်မြို့နယ်မှ စစ်ဘေးရှောင်များအား ၂၀၂၄ ခုနှစ်အတွင်းက တွေ့ရစဉ်။
April 24, 2026
ရခိုင်ဒေသအတွင်း စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု တိုးမြှင့်လာသည်နှင့်အမျှ...
April 23, 2026
ရခိုင်ပြည်အတွင်း စမ်းသပ်စိုက်ပျိုးနေကြသည့်  ကြက်သွန်စိုက်ခင်းများမှာ ဖြစ်ထွန်းမှုရှိနေပြီး...