တိုက်ပွဲဖြစ်ပွားရာမြို့နယ်များတွင် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ အခက်အခဲရှိနေ

တိုက်ပွဲဖြစ်ပွားရာမြို့နယ်များတွင် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ အခက်အခဲရှိနေ

ကျော်သူဌေး - တိုက်ပွဲများဖြစ်ပွားမှုများရှိနေသည့် ရခိုင်ပြည်နယ်အတွင်းက မြို့နယ်များတွင် သွားလာရေး အဆင်မပြေမှုများကြောင့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ အခက်အခဲရှိနေကြောင်း ကျန်းမာရေးဝန်ထမ်းများထံမှ သိရသည်။

မြို့နယ်ဆေးရုံကြီး၌ ဆေကုသ၍အဆင်မပြေသည့်လူနာများကို ပြည်နယ်ဆေးရုံသို့ပို့ဆောင်ရာတွင် တိုက်ပွဲ ဖြစ်ပွားမှုများရှိသဖြင့် လမ်းခရီးကြန့်ကြာမှုများ ရှိနေကြောင်း မင်းပြားမြို့နယ် ပြည်သူ့ဆေးရုံမှ ဆရာဝန်ကြီး ဒေါက်တာနေဝင်းထွန်းက ပြောသည်။

“မြို့နယ်ဆေးရုံမှာ ကုသလို့မရတဲ့ လူနာတွေကို ပြည်နယ်ကို ပို့တဲ့အခါ လမ်းမှာတိုက်ပွဲဖြစ်နေရင် အလွယ်တကူ ပို့လို့မရဘူး။ တစ်ခါတစ်လေ တိုက်ပွဲဖြစ်ပွားနေတဲ့နေရာမှာ တာဝန်ကျနေတဲ့ဆရာမတွေ မနေရဲတဲ့အခါ မြို့ပေါ်ကို ထွက်ပြေးရတာတွေရှိတယ်။ ဆိုတော့ အဲဒီနေရာတွေမှာ ကျန်းမာရေးစောင့်ရှောက်မှု နည်းနည်း အားနည်းသွားတာတွေရှိတယ်” ဟု ၎င်းကဆိုသည်။

ထို့အပြင် တိုက်ပွဲဖြစ်ပွားနေသည့် မြို့နယ်များ၌ ညမထွက်ရအမိန့် ထုတ်ပြန်ထားသည့်အတွက် ကျေးလက် ဒေသမှ အရေးပေါ်လူနာများကို အချိန်နှင့်တပြေးညီ မပို့ဆောင်နိုင်ဘဲ သေဆုံးမှုများရှိနေကြောင်း ရသေ့တောင် မြို့နယ် ပြည်သူ့ဆေးရုံမှဆရာဝန်ကြီး ဒေါက်တာ တင်မြင့်ဦးထံမှ သိရသည်။

“လူနာကို အချိန်နဲ့တပြေးညီ လွှဲရတာခက်တယ်။ ညနေဖက်အချိန်မှာ အရေးပေါ်လူနာ ရောက်လို့ရှိရင် ကျနော်တို့ ဘယ်လိုမှ သွားလို့မရတော့ဘူး။ နောက်တစ်နေ့ မိုးလင်းတဲ့အထိ အဲဒီလူနာကို အသက်ရှင်အောင် ဆွဲဆန့်ထားရတယ်။ နယ်ကလာတဲ့ လူနာတွေကို အချိန်နဲ့တပြေးညီ ဆေးရုံကိုမရောက်နိုင်တော့ လမ်းမှာ မသေ သင့်ဘဲ သေဆုံးမှုတွေ ဖြစ်ပေါ်တာတွေလည်းရှိတယ်” ဟု ၎င်းကရှင်းပြသည်။

ကျေးလက်ဒေသများ၌ တာဝန်ထမ်းဆောင်နေကြသည့် ကျန်းမာရေးဝန်ထမ်းများမှာ စိုးရိမ်ကြောက်လန့်ကာ မြို့ပေါ်များသို့ တိမ်းရှောင်နေရမှုများလည်းရှိကြောင်း မင်းပြားမြို့နယ် ဆရာဝန်ကြီးကဆိုသည်။

သို့ဖြစ်၍ ကျေးလက်ဒေသများ၌ အချိန်မီလုပ်ဆောင်ရမည့် ကာကွယ်ဆေးထိုးခြင်း အစီအစဉ်များကို နောက်ဆုတ်လိုက်ရကြောင်း မြောက်ဦးမြို့နယ် တိမ်ညိုကျေးလက်ကျန်းမာရေးဌာနမှ ကျန်းမာရေးမှူး ကိုမောင်မောင်သန်းထံမှ သိရသည်။

“တစ်ပတ်အတွင်းထိုးရမယ့် ကာကွယ်ဆေးတွေကို လမ်းခရီးအခြေအနေကြောင့် ၁၀ ရက်၊ ၁၁ ရက် နောက် ဆုတ်လိုက်ရတာတွေရှိတယ်။ လမ်းတွေမှာ တိုက်ပွဲတွေဖြစ်၊ မိုင်းပေါက်သံတွေကြားလို့ရှိရင် လုံခြုံရေးအခြေ အနေအရ နားလိုက်ရတာတွေရှိတယ်”ဟု ၎င်းကဆိုသည်။

မြောက်ဦးမြို့နယ် တိမ်ညိုစစ်ဘေးရှောင်စခန်းတာဝန်ခံ ဦးဝေလှအောင်ကမူ “အရင်တုန်းကဆိုရင် ကျန်းမာရေး ဝန်ထမ်းတွေက ရွာမှာနေပြီး အချိန်ပြည့် ကျန်းမာရေးစောင့်ရှောက်မှုတွေပေးတော့ နေမကောင်းဖြစ်တဲ့အချိန်မှာ ချက်ချင်းဆေးခန်းသွားပြလို့ရတယ်။ အခုက ကျန်းမာရေးဝန်ထမ်းတွေ နယ်မြေဒေသအခြေအနေကြောင့် ဒီကိုလာပြီး မနေနိုင်တဲ့အခါ ဒေသခံတွေအနေနဲ့လည်း အရေးပေါ်အခြေအနေတွေမှာ ကျန်းမာရေးစောင့်ရှောက်မှု မရတာတွေရှိတယ်” ဟု ပြောသည်။

တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲများကြောင့် ၂၀၂၀ ခုနှစ် မတ်လနှင့် ဧပြီလတို့တွင် ရခိုင် ပြည်နယ်နှင့် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တို့၌ အရပ်သား ၁၀၇ ဦးခန့် သေဆုံးခဲ့ရကြောင်း ရက္ခိုင် ကျောင်းသားများသမဂ္ဂ(တက္ကသိုလ်များ-ရန်ကုန်)နှင့် ရခိုင်ပြည်ကျောင်းသားသမဂ္ဂတို့မှ မေလ ၅ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။

(ဓာတ်ပုံ - ဘက္ကာ)

Most read this week

စစ်အုပ်စုတပ်၏ တိုက်လေယာဉ်များကို တွေ့ရစဉ်။ / GETTY IMAGES
September 18, 2026
ရခိုင်ပြည်၊ မြောက်ဦးမြို့ရှိ စစ်အုပ်စုတပ်၏ ယခင် တပ်စခန်းဟောင်းနေရာများကို စစ်အုပ်စုတပ်က...
ရသေ့တောင်မြို့ဝင် ဆိုင်းဘုတ်အား ၂၀၂၅ ခုနှစ်၊ ဧပြီလအတွင်းက တွေ့ရစဉ်။ / Crd
September 17, 2026
ရခိုင်ပြည်၊ စစ်တွေမြို့နှင့် နယ်နိမိတ် ထိစပ်နေသည့် ရသေ့တောင်မြို့နယ်၊ မေယုတောင်တန်းအနီးရှိ...
စစ်အုပ်စုတပ်၏ ဂျက်ဖိုက်တာများ စစ်ရေးလေ့ကျင့် ပျံသန်းနေစဉ်။ / MOI
September 17, 2026
အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားသည့် ရခိုင်ပြည်၊ စစ်တွေနယ်စပ် ပုဏ္ဏားကျွန်းမြို့နယ်ရှိ...
အိန္ဒိယ-ရခိုင် ကုန်သွယ်ရေးလမ်းကြောင်းပေါ်ရှိ ကုန်တင်ယာဉ်အချို့။ / Credit: DMG
September 16, 2026
အိန္ဒိယ-ရခိုင် ကုန်သွယ်ရေးလမ်းကြောင်း နယ်စပ်၌ ဒေသခံလူငယ်များနှင့် ရခိုင် စက်လှေသမားများ အချေ...