ဖားကန့်မြေပြိုမှုများ လျော့နည်းရပ်တန့်ရန် လုပ်ကွက်ဟောင်းများ ရပ်ဆိုင်းရန်လိုအပ်

ဖားကန့်မြေပြိုမှုများ လျော့နည်းရပ်တန့်ရန် လုပ်ကွက်ဟောင်းများ ရပ်ဆိုင်းရန်လိုအပ်

ကချင်ပြည်နယ် ဖားကန့်ဒေသအတွင်းက လုပ်ကွက်ဟောင်းများကို လုံးဝရပ်နားလိုက်မှသာ ဒေသအတွင်း  မြေပြိုမှု၊ ကမ်းပါးပြိုကျမှု၊ နွံကန်ပေါက်ကျမှုများ လျော့နည်းပြီး လူအသေအပျောက် လျော့နည်းအောင်  ဆောင် ရွက်နိုင်မည်ဟု ဒေသခံများနှင့် ကချင်ပြည်နယ်အတွင်းက သဘာဝပတ်ဝန်းကျင်အရေး ဆောင်ရွက်နေသူများ က ပြောသည်။

ကချင်လူမှုဖွံ့ဖြိုးရေးကွန်ယက် (KDNG) အတွင်းရေးမှူး ကိုစဂျီ က “နိုင်ငံတော်ရဲ့ သက်ဆိုင်တဲ့ အုပ်ချုပ်ရေး ဆိုင်ရာ လူကြီးတွေက မရပ်ခိုင်းလို့ပေါ့နော်။ ဒါကြောင့်နှစ်တိုင်း ဆက်လက်တူးဖော်နေကြတယ်။ မြေပြိုတာတွေ နှစ်တိုင်း ဖြစ်လာနေတယ်။ accident ဖြစ်လို့ဆိုပေမယ့် သူက တစ်ခါတည်း ဖြစ်တာမဟုတ်ဘူး။ ခဏခဏ မကြာမကြာဖြစ်လာနေတယ်။ ဒါကြောင့် အဆုံးလုပ်ကွက်အဟောင်းတွေကို လုံးဝရပ်လိုက်တာမျိုးလုပ်ရမယ်။ ပိတ်ထားလိုက်ရမယ်ပေါ့နော်” ဟု ပြောသည်။

“ဖားကန့်မှာ ဖြစ်နေတဲ့ မြေပြိုမှုတွေကို ကြည့်မယ်ဆိုရင် အခုက လူက လုပ်လိုက်တဲ့ ထောင်ချောက်လို နေရာ  တွေဖြစ်လာနေရတာ ဖြစ်တယ်။ ပြီးတော့ အစိုးရဲ့ အုပ်ချုပ်ရေးပိုင်းဆိုင်ရာမှာ နည်းစနစ်မမှန်တဲ့ လိုအပ်ချက်  တွေ ရှိနေလို့လည်း အခုလိုဖြစ်လာရတာပါ။ လုပ်ကွက်ဟောင်းတွေရပ်နားထားမယ်ဆိုရင်တောင်မှ မြေပြို ကမ်း ပါးပြိုတာတွေက ဆက်ဖြစ်နေအုံးမှာ။”

ဖားကန့် ကျောက်စိမ်းမှော်များတွင် ၁၉၉၄ ခုနှစ် အစိုးရတပ်မတော်နှင့် ကချင်လွတ်လပ်ရေးအဖွဲ့ KIO/KIA တို့ အကြား အပစ်ခတ်ရပ်စဲရေး မပြုလုပ်ခင်က ပေါက်တူး၊ ပေါက်ပြား၊ သံတိုင်များဖြင့်သာ တူးဖော်ခဲ့သည့် တပိုင် တနိုင် ကျောက်တူးဖော်ရေးလုပ်ငန်းများသာရှိခဲ့သည်ဟု ဒေသခံများက ပြောသည်။ ထို့အပြင် တောင်ယာ စိုက်ပျိုးရေးလုပ်ငန်းများလည်း ရှိခဲ့သည်ဟု ဆိုကြသည်။

သို့သော်လည်း ထိုလုပ်ငန်းများမှာ အပစ်ခတ်ရပ်စဲပြီးနောက် ပျောက်ကွယ်သွားခဲ့ပြီး အဆိုပါနေရာများတွင်  ကျောက်မျက်တူးဖော်ရေးကုမ္ပဏီများက  အစားထိုးဝင်ရောက်နေရာယူခဲ့ကြသည် ဟု ဒေသခံများက ပြော သည်။

ထိုသို့ အပစ်ခတ်ရပ်စဲပြီးနောက်မှ စတင်၍ ဝင်ရောက်လာခဲ့သည့် ကုမ္ပဏီများ၏ အကြီးစား ကျောက် တူးဖော် မှုများ၊ စက်ယန္တယားများနှင့် ၂၄ နာရီ၊ ၁၂ ရာသီ အလွန်အကျွံ ကျောက်တူးဖော်မှုများနောက် ယခုကဲ့ သို့သော သဘာဝဘေးအန္တရာယ်များနှင့် ရင်ဆိုင်ရခြင်းဖြစ်သည်ဟု ဖားကန့်အခြေစိုက် Greenland သဘာဝ ပတ်ဝန်း ကျင်ထိန်းသိမ်းရေးအဖွဲ့ က ဦးနောင်လတ် က ပြောသည်။

“အပစ်အခတ်ရပ်စဲရေး ကြေညာပြီးနောက်၊ ဒီ ၂၀၀၀ ခုနှစ်နောက်ပိုင်း ပိုဆိုးလာတယ်။ နိုင်ငံတော်နဲ့ အကျိုးတူ စီမံကိန်းတွေ ဝင်ရောက်လာပြီး ကတည်းက သဘာဝပတ်ဝန်းကျင်ကို ပျက်စီးစေနိုင်တဲ့  ကျောက်စိမ်းတူးဖော် မှုကို တဟုန်ထိုး တိုးမြင့်တူးဖော်လာကြတယ်။ အဲ့ဒီ အချိန်ကစပြီး ကျနော်တို့ရဲ့  နယ်မြေ၊ တောင်ယာ၊ ခြံတွေနဲ့ သဘာ၀ သစ်တောတွေ၊  မြစ် ချောင်းတွေကို သဘာ၀ ဘေးပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေး ဥပဒေ  တွေနဲ့ မညီပဲ လုပ်လာခဲ့ကြတယ်။ အဲ့ဒါရဲ့ အကျိုးဆက်တွေက အခုလို မကြာခဏ မြေပြိုမှုတွေဖြစ်လာပြီး အခု  နောက်ပိုင်းဆိုင်ရင် တပိုင်တနိုင်လုပ်ကိုင်တဲ့လူတွေ တိုင်းရင်းသားညီအစ်ကိုတွေ အသက်ဆုံးရှုံးမှုတွေ နှစ်တိုင်း  ဖြစ်လာတာဖြစ်တယ်။”

ဇူလိုင်လ ၂ ရက်နေ့က ဖြစ်ပွားခဲ့သည့် ဖားကန့်မြို့နယ်၊ ဝှေ့ခါကျောက်စိမ်းမှော် အတွင်းက မြေပြိုမှုကြောင့်  ရေမဆေးကျောက်ရှာသူ ၁၇၄ ဦးသေဆုံးပြီး၊ ဒဏ်ရာရရှိသူ ၅၄ ရှိပြီး၊ ပျောက်ဆုံးနေသူ (စာရင်းပေးထားသူ) ၂၀ ကျော် ရှိသည်ဟု သိရသည်။

၂၀၁၅ ခုနှစ်မှ ၂၀၂၀ ခုနှစ်အထိ မြေပြို၊ ကမ်းပါးပြိုခြင်း၊ နွံကန်များပေါက်ကျခြင်းတို့ကြောင့် သေဆုံးသူ ၁၀၀၀ နီးပါးခန့်ရှိပြီဟုလည်း ဒေသအတွင်းက အရပ်ဘက်အဖွဲ့အစည်းများ ပြောသည်။

ထို့သို့ နှစ်စဉ်ဖြစ်ပေါ်နေသော်လည်း အဆိုပါ ဖြစ်စဉ်များမှသင်ခန်းစာယူခြင်း၊ ကျောက်မျက်နှင့် ပတ်သက်၍ အုပ်ချုပ်စီမံမှုများ ပြုပြင်ပြောင်းလဲခြင်း မရှိခဲ့သလို သာမာန်ဖြစ်စဉ်တစ်ခုကဲ့သို့သာ ပေါ့ပေါဆဆ သဘောထား ခဲ့ခြင်းကြောင့် တိုင်းသူပြည်သူများ ယခုကဲ့သို့ စံချိန်တင် အသက်ဆုံးရှုံးခဲ့ခြင်း ဖြစ်သည်ဟုလည်း မြန်မာနိုင်ငံ ပွင့်လင်းမြင်သာမှုနှင့် တာဝန်ယူမှု၊ တာဝန်ခံမှုဆိုင်ရာ အရပ်ဘက်မဟာမိတ်အဖွဲ့ (MATA) က ထောက်ပြထား သည်။

ဖားကန့် ဒေသအတွင်း “ယခုကဲ့သို့ ဖြစ်ရပ်ဆိုးကို ကြုံတွေ့စေရသည့် မူလလက်သည်ဖြစ်သော နိုင်ငံတော် ၏ သယံဇာတ မူဝါဒ အလျင်း ကင်းမဲ့ခြင်း၊ အရင်းအမြစ်များအား တစ်စုတစ်ဖွဲ့မှ လက်ဝါးကြီးအုပ် အမြတ်ထုတ် ခြင်း အပါအဝင် လူမှုစီးပွားရေးဆိုင်ရာတရားမမျှတမှုများအား ထုတ်ဖော်ဝန်ခံခြင်းမရှိပဲ အပြင်းအထန် ထိခိုက် ဒဏ်သူများ၊ အသက်သေဆုံးရသူများအား “တရားမဝင်သူများ” ဟု သိက္ခာမဲ့စွာ ယိုးစွပ်နေမှုများအား မိမိတို့ အနေဖြင့် အပြင်းအထန် ရှုတ်ချ ကန့်ကွက်ပါသည်” ဟု MATA အဖွဲ့ ဆိုသည်။

"အပြစ်မဲ့ပြည်သူများ နှစ်စဉ် ရာချီသေဆုံးနေသော သွေးစွန်းသည့် ကျောက်စိမ်းတွင်းများ နှင့် ပက်သက်၍  ထိထိရောက်ရောက် ပြုပြင်ပြောင်းလဲရန် အစိုးရတွင် စိတ်ဆန္ဒကင်းမဲ့နေသလောဟု မိမိတို့အနေဖြင့် မေးခွန်း ထုတ်လိုပါသည်” ဟု လည်း မေးခွန်းထုတ်ထားသည်။

ဖြစ်ပွားနေသည့် ပြဿနာများအား ကျောက်မျက်ဥပဒေအရသာ အရေးယူရမည် ဖြစ်သော်လည်း မြန်မာ့  ကျောက်မျက်ရတနာ နည်းဥပဒေကို အပြီးသတ် ရေးသားထုတ်ပြန်ခြင်း မရှိပဲ ကြန့်ကြာနေခြင်းတို့ကြောင့်လည်း တာဝန်မဲ့၊ စည်းကမ်းမဲ့ ကျောက်တူးဖော်နေခြင်းများကြောင့် ယခုကဲ့သို့ လူပေါင်းများစွာ သေဆုံးမှု  ဖြစ်စဉ်များ ဖြစ်လာခဲ့ရခြင်းဖြစ်သည်ဟု ကချင်အမျိုးသားကွန်ဂရက်ပါတီ KNC က ပြောသည်။

ကချင်အမျိုးသားကွန်ဂရက်ပါတီ KNC ဥက္ကဋ္ဌ ဒေါက်တာ M ကောန်လ က “ဖားကန့်ဒေသမှာ ကျောက်မျက် ရတနာတွေ အလွန်အကျွံ စည်းမဲ့ကမ်းမဲ့ တူးဖော်မှုတွေကြောင့် သဘာဝပတ်ဝန်းကျင် ဆုံးရှုံးမှု မြေပြိုတာတွေ၊ လူတွေသေတာတွေဖြစ်နေတာ။ ဒီ အဖြစ်အပျက်တွေကို ထိန်းကျောင်းဖို့ ကျောက်မျက်ရတနာ ဥပဒေတွေနဲ့ အရေးယူနိုင်တယ်။ ဒါပေမယ့်လည်း အခု အဲ့ဒီ နည်းဥပဒေက မရှိနေတဲ့အတွက် ဒီဟာက ဟာကွက်ကြီး တန်း လန်းကြီး ဖြစ်နေတယ်” ဟု ပြောသည်။  

“ကျောက်မျက်ရတနာဥပဒေတွေကို ၂၀၂၀ခုနှစ် လာမယ့်  လွှတ်တော်နဲ့ အစိုးရက ဒါကို အသေအချာကို ပြင် ရမယ်။ သေချာအောင် ကြိုးစားရမယ်။ ကချင်လွှတ်တော် အမတ်တွေက ဒါကို ပြင်းပြင်းထန်ထန် အာရုံစိုက် ရ မယ်။ ကျနော်တို့ရဲ့ သံယံဇာတကို ကာကွယ်ရမယ်။ နောက် တစ်ချက်က သတ္ထုတွင်း ဥပဒေတွေမှာ ပြန်လည်  ပြင်ဆင်ရမယ်။ ပြီးတော့ သစ်တောဥပဒေတွေနဲ့ အခွန်  ကောက်ခံမှု ဥပဒေတွေ လုပ်ရမယ်။ အရင်းအနှီးနဲ့  မြေ ယာဆိုင်ရာ ထိန်းသိမ်းမှု ဥပဒေ ဒါတွေကို ထိထိရောက်ရောက်နဲ့ ဖားကန့် ရတနာ နယ်မြေမှာ အသုံးချရမယ်။  နောက်တစ်ခုက အရင်းအမြစ်ထိန်းသိမ်းရေး ဥပဒေနဲ့ ဆိုင်တာတွေ လုပ်ရမယ်။ ပြီးတော့ သဘာ၀ ပတ်ဝန်း ကျင် ထိန်းသိမ်းရေး ဥပဒေတွေ ရှိရမယ်။  ကျောက်မျက် ရတနာ ဥပဒေတွေ ရှိရမယ်။ အဲဒီ ၅ ခုကိုလည်း ကျနော်တို့က တိတိကျကျ လုပ်ရမှာ။ ဒါမှ ကာကွယ်နိုင်မယ်လို့ ကျနော် မြင်တယ်။”

ဖွဲ့စည်းပုံအခြေခံဥပဒေအပြင် လက်ရှိဆွေးနွေးနေကြသည့်၊ ဖက်ဒရယ်စနစ်ဖြစ်သည့် ပြည်နယ်အလိုက် အုပ်ချုပ် ခွင့်၊ သယံဇာတ စီမံပိုင်ခွင့်၊ ခွဲဝေပိုင်ခွင့်ရရှိသည့် စနစ်တို့ကိုလည်း ဖော်ထုတ် ပြောင်းလဲကျင့်သုံးရန် လိုအပ် သည်ဟု ကချင်အရပ်ဘက်အဖွဲ့အစည်းများနှင့် ဒေသခံများက ပြောသည်။

ထို့အပြင် ဥပဒေအရ အကြီးစားစီမံကိန်းများ၊ တူးဖော်ရေးလုပ်ငန်းများကို ဆက်လက်လုပ်ဆောင်ခွင့် ပေးနေ အုံးမည်ဆိုပါကလည်း ယခုကဲ့သို့သော ဖြစ်စဉ်များ ဆက်လက်ဖြစ်ပွားနေအုံးမည်ဟုလည်း ထောက်ပြနေ ကြ သည်။

Most read this week

February 11, 2026
စစ်ကော်မရှင်၏ အတုအယောင်ရွေးကောက်ပွဲသည် စစ်ရာဇဝတ်မှုများ ဆက်လက်ကျူးလွန်ရန် လမ်းဖွင့်ပေး...
February 10, 2026
စစ်ကော်မရှင်က ကျင်းပသည့် အထွေထွေ ရွေးကောက်ပွဲ အပိုင်း ၃ ပိုင်း အပြီးတွင် ပြည်ထောင်စု...
February 9, 2026
အမေရိကန်သမ္မတ အတည်ပြုလိုက်သည့် Burma Act ရန်ပုံငွေ ဒေါ်လာ ၁၂၁ သန်းကို စစ်ကော်မရှင်လက်သို့...
February 7, 2026
ဒေါ်အောင်ဆန်းစုကြည်၏ ဝမ်းကွဲ အကို၊ ဗိုလ်ချုပ်အောင်ဆန်း၏ တူ၊ အာဇာနည် ခေါင်းဆောင်ကြီး ဦးဘဝင်း၏ သား...