ရခိုင်ပြည်နယ်တွင် စစ်ဘေးရှောင်ဦးရေ ၂ သိန်းနီးပါးထိရှိနေပြီဟု REC ထုတ်ပြန်

ရခိုင်ပြည်နယ်တွင် စစ်ဘေးရှောင်ဦးရေ ၂ သိန်းနီးပါးထိရှိနေပြီဟု REC ထုတ်ပြန်

သျှင်မင်းဇံ — ရခိုင်ပြည်နယ်တွင် စစ်ဘေးရှောင်ဦးရေ ၂ သိန်းနီးပါးထိ ရှိနေပြီဟု ရခိုင်တိုင်းရင်သားများ မျိုးနွယ်အစည်းအရုံး (REC/Rakhine Ethnics Congress ) က ၂ဝ၂ဝ ခုနှစ် ဇူလိုင်လ ၇ ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

REC ၏ ထုတ်ပြန်ချက်တွင် ရခိုင်ပြည်နယ်အတွင်း စစ်ဘေးရှောင်ဦးရေ ၁၉ဝ၇ဝ၈ ဦးရှိနေပြီဖြစ်ပြီး စခန်းတွင် နေထိုင်သူ စစ်ဘေးရှောင် အရေအတွက်မှာ မိသားစု ၁၅၅၆၆ စု၊ လူဦးရေ ၆၂၁၃၇ (ကျား ၂၇၅၃ဝ၊ မ ၃၄၆ဝ၇) ဦးရှိသည်။

အဆိုပါ စာရင်းအရ စခန်းထဲတွင် နေထိုင်သူ ၆၂၁၃၇ ဦးအထဲတွင် ပုဏ္ဏားကျွန်းမြို့နယ်တွင် ၂၅၁၃ ဦး၊ ကျောက်တော်မြို့နယ်တွင် ၁၁၄၉၅ဦး၊ မြောက်ဦးမြို့နယ်တွင် ၁၇၃၈၃ ဦး၊ မင်းပြားမြို့နယ်တွင် ၂၁၅ဝ ဦး၊ မြေပုံမြို့နယ်တွင် ၂၃၅၇ ဦး၊ အမ်းမြို့နယ်တွင် ၁၄၄၃ ဦး၊ ကျောက်ဖြူမြို့နယ်တွင် ၃၁၁ ဦး၊ ရသေ့တောင်မြို့နယ်တွင် ၉၇၅၄ ဦး၊ ဘူးသီးတောင်မြို့နယ်တွင် ၈၈၂၁ ဦး၊ စစ်တွေတွင် ၅၃၁၆ ဦးနှင့် ပေါက်တောမြို့နယ်တွင် ၅၉၄ ဦးရှိကြောင်း သိရသည်။

စခန်းတွင် မဟုတ်ဘဲ နီးစပ်ရာဆွေမျိုးများနှင့် ကျေးရွာများတွင် နေထိုင်သည့် ပြင်ပ စစ်ပြေးရှောင် ဦးရေမှာ ၁၂၈၅၇၁ ဦးရှိကြောင်း REC ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

၎င်းတို့မှာ ပုဏ္ဏားကျွန်းမြို့နယ်တွင် ၅၇၇၃ ဦး၊ ကျောက်တော်မြို့နယ်တွင် ၁၄၄၈၆ဦး၊ မြောက်ဦးမြို့နယ်တွင် ၁၃၈၅၈ ဦး၊ မင်းပြားမြို့နယ်တွင် ၁၆၂၂၇ ဦး၊ မြေပုံမြို့နယ်တွင် ၆၂၄၆ ဦး၊ အမ်းမြို့နယ်တွင် ၁ဝ၁၁၉ ဦး၊ ရသေ့တောင်မြို့နယ်တွင် ၃၇ဝဝ၃ ဦး၊ ဘူးသီးတောင်မြို့နယ်တွင် ၂ဝဝ၃၉ဦး၊ စစ်တွေတွင် ၂၆၂၁ ဦးနှင့် ပေါက်တောမြို့နယ်တွင် ၂၁၉၉ ဦးရှိကြောင်း သိရသည်။

၅ဝ ရာခိုင်နှုန်းဖြစ်သော စစ်ဘေးရှောင်ဦးရေမှာ မြို့ပေါ်ရပ်ကွက်များနှင့် အနီးနားရှိ ကျေးရွာများတွင် ခိုလှုံနေကြပြီး ယင်း အရေအတွက်၏ တစ်ဝက်ခန့်သာ ထောက်ပံ့ ကူညီမှု အနည်းငယ်ကို ရရှိကြသည်ဟု REC က ဆိုသည်။

"တချို့စစ်ဘေးရှောင်စခန်းတွေမှာ နေရာတွေ မရှိဘူး။ နေရာရှိတဲ့ စခန်းတွေမှာလည်း နေရာထိုင်ရတာ အဆင်မပြေဘူး။ တချို့ကတော့ မြို့ပေါ်ရပ်ကွက်တွေမှာ သွားရောက်နေကြတယ်။ တချို့က နီးစပ်ရာ မိသားစုဆီမှာ သွားနေကြတယ်။ သူတို့တွေက ရွာကို ပြန်သွားဖို့ ကြိုးစားနေကြတယ်။ ရွာကို ပြန်သွားလို့ အဲမှာ တည်ငြိမ်လုံခြုံမှုရှိမလား။ ရွာကပြန်ထွက်ပြေးလာဖို့ အခြေအနေရှိသေးတယ်။ မိုးရာသီကာလမှာ ထွက်ပြေးလိုက်၊ ပြန်သွားလိုက် နေစရာ နေရာတွေလေ အတည်တကျမရှိဆိုတော့ အခြားရာသီတွေထကိ ပိုပြီးအခက်ခဲတွေ ရှိပါတယ်" လို့ ရခိုင်တိုင်းရင်သားများ မျိုးနွယ်အစည်းအရုံး (REC)၏ အတွင်းရေးမှူး ဦးဇော်ဇော်ထွန်းက ပြောသည်။

နှစ်သိန်းခန့်အထိမြင့်တက်လာသည့် စစ်ဘေးရှောင်များသည် ရသေ့တောင်မြို့နယ် ကျောက်တန်း ကျေးရွာ တစ်ဝိုက်ကို နေမြေရှင်းလင်ရန်အတွက် စာထုတ်ပြန်ခဲ့ပြီးနောက် ထွက်ပြေး လာသူများသည်ဟုလည်း ၎င်းက ဆက်ပြောသည်။

REC က ထုတ်ပြန်ခဲ့သည့် စာရင်းတွင် ပြီးခဲ့သည့် ဇွန်လ ၈ ရက်နေ့အထိ ရခိုင်ပြည်နယ်တွင် စစ်ဘေးရှောင်ဦးရေ တစ်သိန်း ခြောက်သောင်းကျော် ရှိခဲ့ပြီး လက်ရှိတွင် စစ်ပြေးရှောင် သုံးသောင်းကျော်ထိ ထပ်တိုးလာခြင်း ဖြစ်သည်။

ရခိုင်ပြည်နယ်တွင် ၂ဝ၁၈ ခုနှစ်၊ နိုဝင်ဘာလမှစတင်ကာ ယနေ့အချိန်အထိ ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် စစ်ဘေးရှောင်ဦးရေ တစ်နေ့ထက် တစ်နေ့ မြင့်တက်လျက်ရှိနေသည်ဟု သိရသည်။

၎င်းတို့၏စားဝတ်နေရေးကို အရပ်ဘက်အဖွဲ့အစည်းများနှင့် အခြားသော လူမှုအဖွဲ့အစည်းများက ထောက်ပံ့ကူညီနေပြီး အစိုးရအဖွဲ့အစည်းများက လာရောက် ထောက်ပံ့မှုအားနည်းနေသည်ဟုလည်း ၎င်းက ထောက်ပြပြောဆိုသည်။

January 9, 2026
ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်တွင် ယနေ့ အာရက္ခတပ်တော်(AA)၏ ခြုံခိုတိုက်ခိုက်မှုကြောင့် အင်အား ၁၀၀...
တစ်ချိန်က စစ်တွေမြို့လမ်းမများပေါ်တွင် ရခိုင်လူထုကို စစ်ရေးအင်အားပြပြီး ခြိမ်းခြောက်ခဲ့သည့် မြင်ကွင်းတစ်ခု (ပုံဟောင်းသာ)
January 8, 2026
အာရက္ခတပ်တော်(AA)မှ စစ်တွေမြို့ပြင်ရှိ ကာကင်းစခန်းများ၊ စစ်ကြောင်းများကို စတင်ထိုးစစ်ဆင်...
December 23, 2025
ရခိုင်-မကွေး ရိုးလမ်းပေါ်ရှိ အာရက္ခတပ်တော်(AA) ပြန်လည်ထိန်းချုပ်ထားသည့် ဂုတ်ကြီးသို့...