ရွေးကောက်ပွဲ နိုဝင်ဘာ ၈ ရက် ကျင်းပမည်၊ အမည်စာရင်းများ သြဂုတ် ၇ ရက်နောက်ဆုံး ပေးသွင်းရမည်

ရွေးကောက်ပွဲ နိုဝင်ဘာ ၈ ရက် ကျင်းပမည်၊ အမည်စာရင်းများ သြဂုတ် ၇ ရက်နောက်ဆုံး ပေးသွင်းရမည်

၂၀၂၀ ပြည့်နှစ် တွင် ကျင်းပမည့် အထွေထွေရွေးကောက်ပွဲအား နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပ မည်ဟု ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ဇူလိုင်လ ၁ ရက်နေ့ တွင် ကြေညာလိုက်သည်။

လွှတ်တော်အသီးသီးအတွက် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ကျင်းပမည့်နေ့ရက် ကို ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က သတ်မှတ်ကြေညာလိုက်ခြင်းဖြစ်သည်။

ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ကြမည့် နိုင်ငံရေးပါတီများ၊ တစ်သီးပုဂ္ဂလများအနေဖြင့် ကိုယ်စားလှယ်  လောင်း အမည်စာရင်းများကို ဇူလိုင်လ ၂၀ ရက်နေ့မှ စတင်၍ တင်သွင်းနိုင်ပြီး လာမည့် သြဂုတ်လ ၇ ရက်နေ့ နောက်ဆုံးထား၍ ပေးပို့ရန်လည်း အဆိုပါ ထုတ်ပြန်ကြေညာချက်တွင်  ရေးသားဖော်ပြထားသည်။

ထို့အတူ ဇွန်လ ၂၉  ရက်နေ့က ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်မှ အမျိုးသားလွှတ်တော်၊  ပြည်သူ့လွှတ်  တော်၊ ပြည်နယ်နှင့် တိုင်းဒေသကြီးလွှတ်တော်အသီးသီးတို့အတွက် မဲဆန္ဒနယ်စားရင်းတွေကို ထုတ်ပြန် ကြေညာခဲ့သည်။

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်၏ ဇွန်လ ၂၉  ရက်နေ့က ထုတ်ပြန်ချက်ထဲတွင် ၂၀၁၀ ပြည့်နှစ်နှင့် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတို့တွင် မကျင်းပနိုင်ခဲ့သည့် “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများဖြစ်သည့် ပန်ဆန်း၊ နားဖန်း၊ ပန်ဝိုင်နှင့် မိုင်းမောမြို့နယ်တို့တွင် ရွေးကောက်ပွဲကျင်းပသွားမည်ဟု ပါရှိသည်။

ထို့အပြင် စစ်ရေးပဋိပက္ခများ၊ တိုက်ပွဲများ ဖြစ်ပွားနေသည့် ရခိုင်ပြည်နယ်ထဲတွင်လည်း  ရွေးကောက်ပွဲ ကျင်းပသွားမည်ဖြစ်ပြီး အဆိုပါဒေသများအပါအဝင် မဲဆန္ဒနယ် ၃၃၀ တွင် ၂၀၂၀ အထွေထွေ  ရွေးကောက်ပွဲ ကျင်းပသွားမည်ဟု ရွေးကောက်ပွဲကော်မရှင်၏ ဇွန်လ ၂၉ ရက်နေ့က ထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။

ဇွန်လ ၂၆ ရက်နေ့က နိုင်ငံရေးပါတီများနှင့် ကိုယ်စားလှယ်လောင်းများအတွက် ကျင့်ဝတ် (Code of conduct) ကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် UEC နှင့် နိုင်ငံရေးပါတီအချို့တို့ လက်မှတ်ရေးထိုး ခဲ့ကြ သကဲ့သို့ ဇွန်လ ၂၇ ရက်နေ့တွင်လည်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် UEC နှင့် နိုင်ငံရေးပါတီများ ထပ်မံ  တွေ့ဆုံခဲ့ ကြပြီး ၂၀၂၀ ခုနှစ် အထွေထွေ ရွေးကောက်ပွဲကြီး ကျင်းပနိုင်ရေးနှင့် ပတ်သက်၍  တွေ့ဆုံဆွေးနွေးခဲ့ကြသည်။

အဆိုပါ တွေ့ဆုံမှုပြီးနောက် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက် မဲဆန္ဒနယ်များကို ကြေညာခဲ့ပြီး တစ်ရက်အကြာတွင် ရွေးကောက်ပွဲကျင်းပမည့်ရက်ကို ထပ်မံကြေညာခဲ့ခြင်း

ဖြစ်သည်။

၂၀၁၀ တုန်းက ကျင်းပခဲ့သည့် ရွေးကောက်ပွဲကို ၂၀၁၀ ပြည့်နှစ် နိုဝင်ဘာလ (၇) ရက်နေ့တွင် ကျင်းပခဲ့ပြီး ၂၀၁၅ ရွေးကောက်ပွဲကို နိုဝင်ဘာလ ၈ ရက်နေ့က ကျင်းပခဲ့သည်။

၂၀၁၅ ရွေးကောက်ပွဲတွင် ၂၀၁၀ ရွေးကောက်ပွဲအား သပိတ်မှောက်ခဲ့သည့် အမျိုးသားဒီမိုကရေစီအချုပ် NLD ပါတီက ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး နိုင်ငံတကာမှ ရွေးကောက်ပွဲစောင့်ကြည့်ရေးအဖွဲ့များကိုလည်း ပထမဆုံး အကြိမ် အစိုးရက ဖိတ်ခေါ်ခဲ့သည်။

Most read this week

February 11, 2026
စစ်ကော်မရှင်၏ အတုအယောင်ရွေးကောက်ပွဲသည် စစ်ရာဇဝတ်မှုများ ဆက်လက်ကျူးလွန်ရန် လမ်းဖွင့်ပေး...
February 10, 2026
စစ်ကော်မရှင်က ကျင်းပသည့် အထွေထွေ ရွေးကောက်ပွဲ အပိုင်း ၃ ပိုင်း အပြီးတွင် ပြည်ထောင်စု...
February 9, 2026
အမေရိကန်သမ္မတ အတည်ပြုလိုက်သည့် Burma Act ရန်ပုံငွေ ဒေါ်လာ ၁၂၁ သန်းကို စစ်ကော်မရှင်လက်သို့...
February 7, 2026
ဒေါ်အောင်ဆန်းစုကြည်၏ ဝမ်းကွဲ အကို၊ ဗိုလ်ချုပ်အောင်ဆန်း၏ တူ၊ အာဇာနည် ခေါင်းဆောင်ကြီး ဦးဘဝင်း၏ သား...