ဒုတိယအကြိမ် တရားစွဲဆိုမှုအပေါ် တောင်သူများ မကျေနပ်

ဒုတိယအကြိမ် တရားစွဲဆိုမှုအပေါ် တောင်သူများ မကျေနပ်

ကယားပြည်နယ်မှ တောင်သူ ၂၂ ဦးအား တရားရုံးမှ ချမှတ်သည့် ပြစ်ဒဏ်နည်းသည်ဆိုကာ တပ်မတော်က ဒုတိယအကြိမ် ထပ်မံတရားစွဲဆိုခြင်းသည် တရားမျှတမှုမရှိသလို နောက်နောင် မလုပ်ရဲအောင် တောင်သူများအား ခြိမ်းခြောက်လိုက်ခြင်းဖြစ်သည်ဟု တောင် သူအရေးဆောင်ရွက်နေသူများနှင့် တောင်သူများ က ပြောသည်။

ဒီးမော့ဆို မြို့နယ်၊ ဒေါဆိုရှေးကျေးရွာမှ တောင်သူ ၂၂ ဦး ထပ်မံတရားစွဲဆိုခြင်းမှာမဖြစ်သင့် ဟု ကရင်နီပြည် တောင်သူသမဂ္ဂ ဥက္ကဋ္ဌ ခူးတူရယ် က ပြောသည်။

“သူတို့ရဲ့တောင်ယာတွေလည်း ဆုံးရှုံးရသေးတယ်။ သူတို့ရဲ့ တောင်ယာမြေလည်း သူများသိ်မ်းသွားတယ်။ သိမ်းသွားရုံတင်မကဘူး။ ကိုယ့် ကိုလည်း ထောင်ချတယ်။ ထောင်ချလိုက်ရုံမပြီးသေးဘူး။ သူတို့သားသမီးတွေ သူတို့မိသားစုတွေ စားဝတ်  နေရေးတွေလည်း အများကြီးထိခိုက်သွားတာပေါ့။ ဒါကတစ်ပိုင်းပေါ့ ဆိုတော့ တောင်ယာလည်း ဆုံးရှုံး သေးတယ်။ အဖမ်းလည်းခံရသေးတယ်။ တရားလည်း စွဲဆိုခံရသေးတယ်။ စစ်တပ်ကလည်းနောက်ဆိုတော့ သူတို့တရားစွဲထောင်ချတဲ့ ပြစ်ဒဏ်က နည်းလွန်းတယ်ဆိုတော့ အကြင်နာမဲ့စွာ ရက်ရက်စက်စက် တောင် သူတွေကို အငြိုးတစ်ကြီးနဲ့ ထပ်ပြီးတော့ တရားစွဲတယ်ဆိုတာ နားမလည်နိုင်ဘူးပေါ့။”

ဇွန်လ ၂၅ ရက်နေ့တွင် တပ်မတော်မှ ထပ်မံတရားစွဲဆိုထားသည့် တောင်သူ ၂၂ ဦး မှာ ပြည်နယ် တရား လွှတ်တော်ရုံးတွင် စတင်ကြားနာခဲ့ရသည်။

ဒုတိယအကြိမ် ရုံးချိန်း တက်ခဲ့ကြရသည့် အခြေအနေနှင့် ပတ်သက်၍ တောင်သူ ခူးဦးရယ်က “အဲ့ဒီနေ့က ဘာမှတော့ မပြောဘူး။ ပြည်နယ် တရားလွှတ်တော်က ခေါ်တယ်။ ကျနော်တို့ ဒုတိယအကြိမ် စွဲခံရတဲ့ တောင်သူတွေပေါ့၊ ကျနော်တို့ သွားကြ တယ်။ သွားကြတော့ ရောက်ရှိကြောင်း လက်မှတ်ထိုးခိုင်းတယ်။ ပြီးတော့ ပြန်လို့ရပြီ အဲ့လိုပဲ ပြောတယ်” ဟု ပြောသည်။

ဒေါဆိုရှေ့ကျေးရွာက တောင်သူများသည် ပြီးခဲ့သည့် ၂၀၁၉ ခုနှစ် စိုက်ပျိုးရာသီတုန်းက စစ်တပ်က သိမ်းဆည်းထားသည့် ၎င်းတို့၏ မြေယာများပေါ်တွင် ဝင်ရောက်ထွန်ယက်စိုက်ပျိုးခဲ့ကြသည့်အတွက်ပိုင်နက် ကျူးကျော်မှုဖြင့် တရားစွဲဆိုခဲ့ရသည်။

ပိုင်နက်ကျူးကျော်မှုဖြင့် တရားရင်ဆိုင်ခဲ့ရပြီးနောက် ဒီးမော့ဆိုမြို့နယ် တရားရုံးက ၂၀၂၀ ခုနှစ် မတ်လ ၁၃ ရက်နေ့က ထောင်ဒဏ်နှင့် ငွေဒဏ်များ ချမှတ်ခဲ့ပြီး ပြန်လည်လွှတ်မြောက်လာခဲ့ခြင်းဖြစ်သည်။

တောင်သူများပြန်လည်လွတ်မြောက်လာခဲ့သော်လည်း ယနေ့အချိန်ထိ ၎င်းတို့၏ မြေယာများ ပြန်လည် မရ ရှိကြသေးသလို မြေယာပြဿနာကိုလည်း ဖြေရှင်းနိုင်ခြင်းမရှိသေးပေ။

ကရင်နီပြည် တောင်သူသမဂ္ဂ ဥက္ကဋ္ဌ ခူးတူရယ် က “တောင်သူတွေအားလုံးက အကုန်လုံး ဆင်းရဲပင်ပန်း ကြတယ်။ ဟိုပူပန်ကြတာပေါ့။ တောင်သူတွေဆိုတာကလည်း ဒီအချိန် လုပ်ငန်းခွင်ဝင်နေတဲ့အချိန်လေ ဆိုတော့ ဒီအချိန်ရောက်ရင် အဲ့အမှုက ပြန်ပေါ်လာတော့ ဘာမှလုပ်ကိုင်စားသောက်လို့မရဘူး။ အခုဆို တစ်နှစ်လည်းပြည့်သွားပြီလေ။  တောင်သူ  တွေတော့ အရမ်းစိတ်ပူပန်ကြတယ်။ အခုပုံစံက  တောင်သူ  တွေကို ဘယ်တော့မှ ဒါမျိုးမလုပ်ရဲအောင် လုပ်တဲ့ပုံစံမျိုး ဖြစ်နေတယ်။ ကြောက်သွားအောင် လုပ်တာပေါ့  နော်” ဟု ဆက်ပြောသည်။

တရားစွဲခံထားရသည့် တောင်သူတစ်ဦးက “စစ်သားဆိုတော့ ဘာမှပြန်လုပ်လို့ မရဘူး၊ ကိုယ်မှန်ရင်လည်း ခံရတာပဲ မှားရင်လည်း ခံရတာပဲ အဲ့လိုဖြစ်နေတယ်။ တောင်းဆိုချင်တာတော့ ပြည်သူတွေအတွက် ဘယ် လိုပြောမလဲ နည်းနည်းသက်ညှာပေးဖို့ရယ် စာနာမူတွေ ထားပေးဖို့ရယ် ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့  တောင်သူတွေက တောင်ယာစိုက် လယ်စိုက်မှပဲ စားရတယ်။ ကျနောတို့ တစ်ခြားဟာလည်း ဘာမှ မလုပ် စားတတ်ဘူးလေ။ နောက် ဒီတောင်ယာကလည်း အခုမှ လုပ်စားခဲ့တာ မဟုတ်ဘူးလေ ဟိုးဘိုးဘွား လက် ထက်က လုပ်စားကြတဲ့တောင်ယာဆိုတော့ တောင်ယာအခင်းကို ဥပဒေပုံစံအရ ရှိသည်ဖြစ်စေ မရှိသည် ဖြစ်စေ ကျနော်တို့ ရိုးရာဓလေ့အရကတော့ တောင်ယာဖော်ပြီးရင် ကိုယ့်ဥစ္စာပဲလေ ဒါက တိုင်းရင်းသားတွေရဲ့ ဒီဘက်ဓလေ့ပေါ့နော်” ဟု ပြောသည်။

တပ်တော်ကာကွယ်ရေးဦးစီးချုပ်၊ တာဝန်ရှိသူအဆင့်ဆင့်နှင့် သက်ဆိုင်ရာ ဌာနဆိုင်ရာတို့က လယ်ယာမြေများ အသိမ်းခံထားရပြီး ထပ်မံတရားစွဲဆိုခံထားရသည့် တောင်သူများအတွက် တရားမျှတစွာ ဆောင်ရွက် စီမံပေးရန်နှင့် အမှုနှင့်ပတ်သက်၍လည်း ပြန်လည်စဉ်းစားပေးသင့်သည်ဟု တောင်သူများက ပြောသည်။

တောင်သူများသည် အကြိမ်ကြိမ်တရားစွဲခံနေရခြင်း၊ မြေယာများ သိမ်းဆည်းခံထားရခြင်းကြောင့် စိတ်ပိုင်းရော၊ ရုပ်ပိုင်းပါ ထိခိုက်နစ်နာနေသည်ဟု တောင်သူအရေးဆောင်ရွက်နေသူများက ပြောသည်။

တောင်သူများ ထပ်မံတရားစွဲဆိုခံရသည့် အခြေအနေနှင့် ပတ်သက်၍ တောင်သူများ၏ ရှေ့နေ စောခူးတ  လေ က “အဓိကကတော့ ဒီမတ်လတုန်း ကအမှု ၆ ခုနဲ့ တရားစွဲပြီးတော့မှ မူလရုံးက မြို့နယ် တရားရုံး ဖြစ်တယ်။ မြို့နယ်တရားရုံးမှာ စစ်ဆေးအမိန့်ချတယ်။ အမိန့်ချပြီးတော့ ပြင်ဆင်ပြီး အဲ့အမှုကို ဒီတရားလို ဘက်ကနေပြီး ပြစ်ဒဏ်နည်းတယ်ဆိုပြီးတော့မှ ခရိုင်ရုံးကိုတစ်ဆင့် တက်တယ်။ တစ်ဆင့်တက်ပြီးတော့ ခရိုင်ရုံးကနေ သူတို့အမှုကို ကြားနာပါတယ်။ ကြား နာပြီးတော့ ပြည်နယ်တရားလွှတ်တော်ကို တက်တာ  ပေါ့လေ။ မနေ့ကတော့ ဘာမှမလုပ်ရသေးဘူး။  ရောက်ရှိကြောင်းတရားစွဲဆိုခံရတဲ့ တောင်သူတွေ လက် မှတ်ထိုးတယ်။ ပြီးရင် ရှေ့နေတွေ ပါဝါတင်တယ်” ဟု ပြောသည်။

ကယားပြည်နယ် တရားလွှတ်တော်က တောင်သူများထံ ပေးပို့ခဲ့သည့် အကြောင်းကြားစာအရ အခင်းဖြစ်သည့်နေ့တွင် ခူးဦးရယ်နှင့် ခူးရှားရယ်တို့ ဝင်ရောက်ဖျက်ဆီးခဲ့သည့် ခလရ (၂၅၀) မှ အုတ်တံတိုင်းများ သည် ပြည်သူပိုင်ပစ္စည်းများဖြစ်ပြီး ကာလတန်ဖိုး ကျပ် ၁၄၉ သိန်းခန့်ရှိသည့်ဖြစ်၍ နိုင်ငံ့ဘဏ္ဍာဆုံးရှုံးမှု နှင့်  နှိုင်းယှဉ်ပါက ထောင်ဒဏ် ခြောက်လပြစ်ဒဏ်မှာ နည်းပါးလွန်းသည်ဟု တရားလိုဘက်က ရေးသားပေး ပို့ ထားသည်ဟု တောင်သူများက ပြောသည်။

ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ် ပြည်ထောင်စုလမ်းမကြီး အရှေ့ဘက်ရှိ ခလရ ၂၅၀ တပ်ရင်းနှင့် အမှတ် ၃၅၆ အမြောက်တပ်ရင်းအနီးတွေ ဖြစ်ပွားခဲ့သည့် မြေယာအငြင်းပွားမှုကြောင့် တောင်သူ ၁၉ ဦး၊ တောင်သူအရေးလှုပ်ရှားသူ ၃ ဦး၊ စုစုပေါင်း ၂၂ ဦး တို့မှာ တရားစွဲဆိုခံခဲ့ရပြီး ပြစ်ဒဏ်များ ချမှတ်ခံခဲ့ရသည်။

တောင်သူ ၂၂ ဦးအား ပြည်သူပိုင်ပစ္စည်း ကာကွယ်ရေး အက်ဥပဒေ ပုဒ်မ ၆(၁)၊ ပိုင်နက်ကျူးလွန်မှု ပုဒ်မ ၄၄၇၊ ဝတ္တရားနှောင့်ယှက်မှု ပုဒ်မ ၃၅၃၊ ညစ်ညမ်းစွာဆဲဆိုမှု ပုဒ်မ ၂၉၄ နှင့် အကျိုးဖျက်ဆီးမှု ပုဒ်မ ၄၂၇ တို့ဖြင့် တရားစွဲဆိုခံခဲ့ရခြင်း ဖြစ်သည်။

Most read this week

February 11, 2026
စစ်ကော်မရှင်၏ အတုအယောင်ရွေးကောက်ပွဲသည် စစ်ရာဇဝတ်မှုများ ဆက်လက်ကျူးလွန်ရန် လမ်းဖွင့်ပေး...
February 10, 2026
စစ်ကော်မရှင်က ကျင်းပသည့် အထွေထွေ ရွေးကောက်ပွဲ အပိုင်း ၃ ပိုင်း အပြီးတွင် ပြည်ထောင်စု...
February 9, 2026
အမေရိကန်သမ္မတ အတည်ပြုလိုက်သည့် Burma Act ရန်ပုံငွေ ဒေါ်လာ ၁၂၁ သန်းကို စစ်ကော်မရှင်လက်သို့...
February 7, 2026
ဒေါ်အောင်ဆန်းစုကြည်၏ ဝမ်းကွဲ အကို၊ ဗိုလ်ချုပ်အောင်ဆန်း၏ တူ၊ အာဇာနည် ခေါင်းဆောင်ကြီး ဦးဘဝင်း၏ သား...