ရေဖြူမြို့နယ် သုံးလောင်းပြိုင်လူသတ်တရားခံဖမ်းဆီးရမိ၊ ရာဘာခြံလုပ်သားနှစ်ဦး မူးယစ်ဆေးဝါးသုံးစွဲရန် ဖုန်းအပေါင်ခံထားမှုကြောင့်ဖြစ်

ရေဖြူမြို့နယ် သုံးလောင်းပြိုင်လူသတ်တရားခံဖမ်းဆီးရမိ၊ ရာဘာခြံလုပ်သားနှစ်ဦး မူးယစ်ဆေးဝါးသုံးစွဲရန် ဖုန်းအပေါင်ခံထားမှုကြောင့်ဖြစ်

စိုင်းဦး — တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ် ရေး-ထားဝယ်ကားလမ်းပေါ်ရှိ ဥသာရံကျေးရွာအနီး မီးရထားသံလမ်းအစောင့်ဝန်ထမ်းမိသားစု သုံးလောင်းပြိုင်လူသတ်မှုကျူးလွန်သည့် တရာခံများအား ဇွန်လ ၂၄ ရက်နေ့က ဖမ်းဆီးရမိခဲ့ကြောင်း သတင်းရရှိသည်။

ဥသာရံကျေးရွာမှ ရာဘာခြံလုပ်သားနှစ်ဦး မူးယစ်ဆေးဝါးသုံးစွဲရန် ဖုန်းလာရောက်အပေါင်ခံထားရာမှ လူသတ်မှုဖြစ်ပေါ်ခဲ့ကြောင်း သိရှိရသည်။

 “တရားခံကတော့ မိပြီဗျ၊ မနေ့ညက မိထားတာ ခင်ဗျား” ဟု ရေဖြူမြို့မရဲစခန်းထံမှ တာဝန်ရှိသူတစ်ဦးက မွန်သတင်းအေဂျင်စီသို့ အတည်ပြုပြောကြားခဲ့သည်။

ဖြစ်စဉ်မှာ ရေးမြို့နယ် ချောင်းတောင်ရွာနေ ကျော်မင်းထွန်းနှင့် ရေဖြူမြို့နယ် ဥသာရံကျေးရွာနေ ဝိုင်ကေတို့သည် ရေဖြူမြို့နယ် ၂၃ မိုင်ဝန်းကျင် ရာဘာခြံအတွင်း ခြံခုတ်လုပ်သားအဖြစ်လုပ်ကိုင်ကြပြီး အခင်းဖြစ်ပွားသည့် ဇွန်လ ၁၃ ရက်နေ့ ည ၁၁ နာရီခန့်တွင် မူးယစ်ဆေးဝယ်ရန် ကိုင်ဆောင်ထားသောဖုန်းအား အသတ်ခံရသူ အောင်ကျော်ထွန်းထံ အပေါင်ထားခဲ့ကြောင်း၊ အဆိုပါ ည ၁ နာရီခန့်တွင် အပေါင်ထားသောဖုန်းအားပြန်တောင်းရာ မရသဖြင့် သုံးလောင်းပြိုင် လူသတ်မှုကျူးလွန်ခဲ့သည်ကို စစ်ဆေးပေါ်ပေါက်ခဲ့ကြောင်း ထားဝယ်ခရိုင်ပြန်/ဆက်သတင်းတွင် ဖော်ပြသည်။

အဆိုပါလူသတ်မှုကျူးလွန်ရာတွင် အသုံးပြုခဲ့သည့် သစ်သားရိုးတပ် ငါးမန်းစွယ်ဓားအား ဥသာရံကျေးရွာနေ သိန်းသန်းဝင်း၏ နေအိမ်တွင် ပြန်လည်သိမ်းဆီးရမိပြီဟု သတင်းတွင်ဖော်ပြသည်။

အဆိုပါ အသတ်ခံရသူမိသားစုမှာ ဥသာရံကျေးရွာအနီး ရထားသံလမ်း တံခါးအဖွင့်အပိတ် ပြုလုပ်သည့် ဝန်ထမ်း ကိုအောင်ကျော်ထွန်း (၂၆နှစ်)၊ ဇနီး မခင်မျိုးဝေ (၂၈ နှစ်) နှင့် အသက်တစ်နှစ်ခွဲအရွယ် ကလေးငယ်တစ်ဦးတို့ ဖြစ်သည်။

အဆိုပါ သုံးလောင်းပြိုင်လူသတ်မှုနှင့်ပတ်သက်၍ ရေဖြူမြို့မရဲစခန်းမှ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၀၂ အရ အမှုဖွင့်ထားသည်။

Photo- သုံးလောင်းပြိုင်လူသတ်တရားခံစွပ်စွဲခံရသူများနှင့် သက်သေခံပစ္စည်းများ (ထားဝယ်ခရိုင် ပြန်/ဆက်)

March 7, 2026
“၂ နှစ်ပြည့်ရင် အိမ်ပြန်ခွင့်ရပြီ။ ၂ နှစ်ပြည့်တဲ့နေ့ကို စောင့်နေတာ” ဒါကတော့ မကြာခင်ကမှ...
March 6, 2026
အရပ်သားပြည်သူများကို ပိုမိုဆိုးရွားစွာ စောင့်ကြည့်နိုင်ရန် ဗဟိုမိုဘိုင်းလ်စက်ပစ္စည်း သက်သေခံ...
March 5, 2026
ကရင်ပြည်နယ်၊ မြဝတီ-ကော့ကရိတ် အာရှလမ်းပိုင်းကို ဖွင့်လှစ်နိုင်ရေး စစ်ကော်မရှင်ဘက်မှ...
March 4, 2026
ထိုင်းနိုင်ငံမှ ပြည်ပလောင်စာဆီ တင်ပို့မှုရပ်ဆိုင်းလိုက်ပြီဟု ထုတ်ပြန်ထားသည့်အပြင်...