ဖားကန့်ကမ်းပါးပြို၊ ၂ ဦးသေ ၆ ဦးဒဏ်ရာရ

ဖားကန့်ကမ်းပါးပြို၊ ၂ ဦးသေ ၆ ဦးဒဏ်ရာရ

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် ဆိုင်းတောင်တွင် ကျောက်စိမ်းလုပ်ကွက်ဟောင်းတစ်ခုကမ်းပါးပြိုကျမှုကြောင့် ၂ ဦးသေဆုံးပြီး၊ ၆ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ဒေသခံများက ပြောသည်။

ဆိုင်းတောင်ကျေးရွာရှိ ဘစံချောက်နှင့် ဆပေါ့ဘွမ်နန်တက်လမ်းအနီးရှိ အမြင့်ပေ ၃၀၀ ခန့်ရှိသော မြေစာပုံ မှာ ဇွန်လ ၂၃ ရက်နေ့က ပြိုကျခဲ့ခြင်းဖြစ်သည်ဟု ဆိုင်းတောင်ဒေသခံတစ်ဦး က ပြောသည်။

“ထိမိခိုက်မိတဲ့ သူတွေက လုပ်ကွက်ကမ်းပါးနားမှာပဲ ကျောက်ရှာတူးနေတာ။ ကမ်းပါးက ပြိုကျလာတော့  မြေစာနဲ့ ရေလှိုင်းရိုက်ခတ်မှုကြောင့် အောက်ခြေမှာ ကျောက်တူးရှာဖွေနေသူတွေကို ထိခိုက်မိခဲ့ခြင်း ဖြစ်တယ်။ တချို့လူူတွေက မရှောင်ကြဘူး။ သူတို့က အတွေ့အကြုံမရှိလို့လည်း ဖြစ်နိုင်တယ်။ ကုမ္မဏီကလည်း ခရာတွေ မှုတ်ပေး သတိပေးနေတာ။ ဒါပေမယ့် မပြေးကြတော့ ရေလှိုင်းလိုမျိုး ရိုက်ခတ်ပြီး ထိမိတာကြောင့် ဖြစ်တယ်။  သေတာတော့ နှစ်ယောက်ပေါ့။ ဒဏ်ရာရတဲ့လူတွေကို ဖားကန့်ဆေးရုံမှာပို့ထားတယ် ၆ ယောက်ရှိတယ်။”

သေဆုံးသူနှစ်ဦးမှာ ဦးနော်တောင် အသက် (၄၅) နှစ်နှင့် ဦးမြင့်နိုင် အသက် (၃၇) တို့ ဖြစ်ကြပြီး ယနေ့ မွန်းလွှဲ ၁ နာရီတွင် သဂြိုလ်လိုက်ပြီဟု သိရသည်။

ထိခိုက်ဒဏ်ရာ ရရှိသူ ၆ ဦး အား ယခုခါ ဖားကန့် ပြည်သူ့ဆေးရုံတွင် ပို့ဆောင်ထားပြီး ဆေးကုသမှု ခံယူ နေကြသည်ဟု ဒေသခံများ က ပြောသည်။

မိုးတွင်းကာလဝင်လာသည်နှင့် ဖားကန့်ကျောက်စိမ်းမှော်ရှိ လုပ်ကွက်များအတွင်းရှိ မြေစာများ ပြိုကျခြင်း၊ ကမ်းပါးပြိုကျခြင်းတို့ကြောင့် နှစ်စဉ် လူဦး အသေအပျောက်များရှိရာ အစိုးရအနေဖြင့်လည်း ထိရောက်သည့် ကာကွယ်ထိန်းသိမ်းမှုများ၊ ဥပဒေများ ချမှတ်လုပ်ဆောင်ခြင်း၊ အရေးယူခြင်းများ မရှိသေး ဟုလည်း ဒေသခံများ က ပြောသည်။

ဆိုင်းတောင် ရပ်မိရပ်ဖ ဦးဇော်ဆိုင်းအောင် က “ကျောက်တူးပြီးသား မြေစာပုံတွေ လုပ်ကွက်ဟောင်းတွေကို မလုပ်တော့ဘူး မတူးတော့ဘူးဆိုရင် အဲ့နေရာမှာ မြေတွေဖို့ ရေမြောင်းတွေ ကောင်းကောင်းလည်း လုပ်လိုက် စေချင်တယ်။ ဒါမှ အခုလိုမျိုး အဖြစ်အပျက် ရာခိုင်နှုန်းတွေ နည်းသွားမယ်လို့ မြင်တယ်။ အခုက အဲ့လို မလုပ် ထားတော့ တစ်ခုခုဖြစ်တိုင်း ထိမိခိုက်မိတာနဲ့ အသက်သေဆုံးတာပဲ များနေတယ်။ မိုးရာသီရောက် လာပြီ ဆို  တော့ ပိုပိုပြီး ဖြစ်နေအုံးမှာပဲ” ဟု ပြောသည်။

ထို့အပြင် အစိုးရအနေဖြင့် လုပ်ကွက်များအတွင်း ကွင်းဆင်းလေ့လာခြင်း၊ စစ်ဆေးခြင်းများကို ထိထိ ရောက်  ရောက်လုပ်ဆောင်ခြင်းများလည်း မရှိဘူးဟု ပြောသည်။

“ပြည်သူတွေနဲ့ အစိုးရ အားလုံးမှာလည်း လိုအပ်ချက်တွေ ရှိနေတယ်လို့ မြင်တယ်။ ဒါပေမယ့် သက်ဆိုင်တဲ့ အစိုးရက လူကြီးတွေ သေချာစိစစ် စစ်ဆေးပြီး ဖားကန့်မြေကို သေချာလုပ်ဆောင်စေချင်တယ်။ ပြည်သူတွေ အနေနဲ့ လုပ်စားမယ်ဆိုရင်လည်း လမ်းဘေးမှာတော့ မလုပ်စေချင်ဘူး။ ဖြစ်လာရင်လည်း ပြည်သူတွေပဲ နစ်နာ တယ်။ ကုမ္မဏီတွေက လုပ်စားပြီးရင် ပြန်ကုန်ကြတာပဲ။ အဲတော့ လူကြီးတွေဆီမှာလည်း တာဝန်ရှိတယ်လို့ မြင်တယ်” ဟု ဦးဇော်ဆိုင်းတူး က ဆက်ပြောသည်။

ယခုလ အစောပိုင်းကလည်း ဖားကန့်တွင် မြေစာပုံပြိုကျပြီး ရေမဆေးကျောက်ရှာသူ တစ်ဦး သေဆုံးခဲ့သည်။

ဇွန်လအစောပိုင်းမှ စတင်၍ ယနေ့ အချိန်ထိ ဖားကန့်ဒေသအတွင်း မိုးပြင်းထန်စွာရွာသွန်းလျှက်သည့်အတွက် မြေစာများပြိုကျခြင်း၊ ကမ်းပါးများပြိုကျခြင်းနှင့် ရေကြီးရေလျှံခြင်းများ ထပ်မံ ဖြစ်လာနိုင်သေးသည့်အတွက်  ဒေသခံများ က စိုးရိမ်နေကြသည်။

Most read this week

February 11, 2026
စစ်ကော်မရှင်၏ အတုအယောင်ရွေးကောက်ပွဲသည် စစ်ရာဇဝတ်မှုများ ဆက်လက်ကျူးလွန်ရန် လမ်းဖွင့်ပေး...
February 10, 2026
စစ်ကော်မရှင်က ကျင်းပသည့် အထွေထွေ ရွေးကောက်ပွဲ အပိုင်း ၃ ပိုင်း အပြီးတွင် ပြည်ထောင်စု...
February 9, 2026
အမေရိကန်သမ္မတ အတည်ပြုလိုက်သည့် Burma Act ရန်ပုံငွေ ဒေါ်လာ ၁၂၁ သန်းကို စစ်ကော်မရှင်လက်သို့...
February 7, 2026
ဒေါ်အောင်ဆန်းစုကြည်၏ ဝမ်းကွဲ အကို၊ ဗိုလ်ချုပ်အောင်ဆန်း၏ တူ၊ အာဇာနည် ခေါင်းဆောင်ကြီး ဦးဘဝင်း၏ သား...