ရွေး/ကော်အား တင်ပြဆွေးနွေးရန် အချက်များ တိုင်းရင်းသားပါတီများ ပြင်ဆင်

ရွေး/ကော်အား တင်ပြဆွေးနွေးရန် အချက်များ တိုင်းရင်းသားပါတီများ ပြင်ဆင်

ရွေးကောက်ပွဲကော်မရှင်နှင့် တွေ့ဆုံမည့်အစည်းအဝေးတွင် တိုင်းရင်းသား နိုင်ငံရေးပါတီများအနေဖြင့် လွတ်လပ်ပြီး တရားမျှတသော ရွေးကောက်ပွဲဖြစ်ရေးဆိုင်ရာ ကိစ္စရပ်များ တင်ပြဆွေးနွေးသွားကြမည်ဟု ပြောသည်။

နိုင်ငံရေး ပါတီများနှင့် ပြည်ထောင်စု ရွေးကောက်ပွဲ ကောက်မရှင်တို့ ဇွန် ၂၇ ရက်နေ့တွင် ရန်ကုန်မြို့တွင် တွေ့ဆုံရာတွင် သက်ဆိုင်ရာကြားနေအဖွဲ့အစည်းများအား လွတ်လပ်စွာသတင်းရယူ၊ ထုတ်ပြန်ခွင့်များကို ဖွင့်ပေးရန်တောင်းဆိုသွားမည်ဟု ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD အထွေထွေအတွင်းရေးမှူးချုပ် စိုင်းလိတ် က ပြောသည်။

 “ရွေးကောက်ပွဲကို စောင့်ကြည့်မယ့် ကြားနေအဖွဲ့အစည်းတွေ လွပ်လပ်မျှတစွာ သတင်းယူနိုင်ခွင့် သတင်း ထုတ်ပြန်နိုင်ခွင့် ဒါတွေရှိဖို့အတွက်ကို သူတို့ဘယ်လို စီမံဆောင်ရွက်မှုမျိုးတွေရှိသလဲ ကျနော်တို့ ဖက်ကတော့ အဲဒီကြားနေအဖွဲ့အစည်းတွေ များများစားစားနဲ့ ကျယ်ကျယ်ပြန့်ပြန့် ပွင့်ပွင့်လင်းလင်း လွတ်လွတ် လပ်လပ် လှုပ်ရှားနိုင်အောင် ဖွင့်ထားပေးဖို့ ဒီဥစ္စာကို ကျနော်တို့ တောင်းဆိုမှာ ဖြစ်ပါတယ်” ဟု ပြောသည်။

လက်ရှိတွင် တိုင်းရင်းသားဒေသများဖြစ်သည့် ရခိုင်ပြည်နယ်၊ ချင်းပြည်နယ် ပလက်ဝနှင့် ရှမ်းပြည်နယ်  မြောက်ပိုင်းတို့တွင် တိုက်ပွဲများ ဖြစ်ပွားနေသည့်အတွက် ရွေးကောက်ပွဲ ကျင်းပမည့် ဆိုပါက အဆိုပါဒေသများတွင် ကျင်းပနိုင်မည့် အနေအထား ရှိ၊ မရှိကို ဆွေးနွေးသွားရန်ရှိပြီး ထိုသို့သိရှိ နိုင်မှသာ ကြိုတင်ပြင် ဆင်မှုများကို လုပ်ဆောင်နိုင်မည်ဟု SNLD က ဆိုသည်။

ထို့အပြင် COVID- 19 ကာလ အတွင်း ရွေးကောက်ပွဲပြုလုပ်မည်ဆိုပါက ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေး ကိစ္စများကိုလည်း တင်ပြသွားမည်ဟု စိုင်းလိတ် က ဆက်ပြောသည်။

“အခုက လူ ၅ ယောက်ထက် ပိုပြီးတော့ မစုရုံးရဆိုပြီးတော့မှလည်း ရှိနေသေးတဲ့ အခါကျတော့ COVID- 19 နဲ့ ပတ်သက်ပြီးတော့ ဘယ်အချိန် သူတို့ ရုတ်သိမ်းမလဲပေါ့နော်။ social distancing ကို ဘယ်တော့ ရုတ်သိမ်းမလဲ ရုတ်သိမ်းပြီးတာနဲ့ ရွေးကောက်ပွဲ ဆင်းတဲ့ campaign ကို ဘယ်လိုအကန့်အသတ်မျိုးရှိမလဲ ဘယ်လို အကန့်အသတ်မျိုးထားမလဲ ပါတီအကုန်လုံး တစ်ပြေးညီ ဖြစ်ဖို့အတွက် သူတို့ဘယ်လို စီစဉ်  ဆောင်ရွက်ပေးမလဲဆိုတာကိုတစ်ချက်မေးဖို့လိုအပ်ပါတယ်။”

ရခိုင် ဒီမိုကရေစီ အဖွဲ့ချုပ် ALD ပါတီ အထွေထွေအတွင်းရေးမှူး ဦးမျိုးကျော်က ၎င်းတို့ပါတီအနေဖြင့် ဆွေးနွေးမည့် အကြောင်းအရာများနှင့် ပတ်သက်၍ ယခုကဲ့သို့ ပြောသည်။

“ကျနော်တို့ဖက်ကတော့ အဓိကဆွေးနွေးရမှာကတော့ ကျနော်တို့ကတော့ ရခိုင်ကိုယ်စားပြုပါတီတွေဖြစ်တဲ့အတွက် ရခိုင်ပြည်နယ်မှာ ရွေးကောက်ပွဲ တစ်ပြည်နယ်လုံး အတိုင်းအတာနဲ့ ဖြစ်နိုင်မဖြစ်နိုင်မေးကြရမှာပေါ့ဗျာ။ တစ်ဖက်မှာလည်း ပြည်ထောင်စု တစ်ခုလုံးမှာလည်း ရွေးကောက်ပွဲဖြစ်နိုင်လား ဆိုတဲ့ဟာမျိုး ဒီလိုမေးခွန်းလေးတွေတော့ ရှိမှာပေါ့။ နောက်တစ်ခါနေပြီးတော့ အခုရွေးကောက်ပွဲ ကျင်းပတဲ့ အချိန်က COVID ရဲ့ အချိန်လည်း ရှိနေတယ်လေ။ ဒီအတွက်ကိုလည်း ဘယ်လိုအကာအကွယ် အတားအဆီးပါ ဒါတွေလည်း မေးခွန်းတွေ အနေနဲ့ကတော့ ရှိမှာပါ။”

ထို့အတူ ကချင်ပြည်နယ် ပြည်သူ့ပါတီ KSPP ကလည်း ရွေ့ပြောင်းအလုပ်သမားများ မဲပေးမည့် ကိစ္စရပ်များ၊ ကြိုတင်မဲကိစ္စ၊ တပ်မဲရုံကိစ္စနှင့် ပွင့်လင်းမြင်သာ၍ တရားမျှတသော ရွေးကောက်ပွဲ ဖြစ်အောင် လုပ်  ဆောင်ပေးရန်  စသည့်အချက်များကို အဆိုပါ တွေ့ဆုံပွဲတွင် တင်ပြဆွေးနွေးသွားရန် ရှိသည်ဟု KSPP ဒု-ဥက္ကဋ္ဌ ဦးကွမ်ဂေါင်အောင်ခမ်းက ပြောသည်။

ပြီးခဲ့သည့် ၂၀၂၀ ခုနှစ် ဇွန်လ ၁ ရက်နေ့က  ရွေးကောက်ပွဲကို ရက်ရွေ့ဆိုင်းခြင်း သို့မဟုတ် ပုံမှန်အတိုင်း  ပြုလုပ်မည်ဆိုပါက ရွေးကောက်ပွဲတွင် ပါဝင်မည့် သက်ဆိုင်ရာ ပါတီများ၏ သဘောတူညီချက်ကို ရယူရန် SNLD  ပါဝင်သည့် စည်းလုံးညီညွှတ်သော တိုင်းရင်းသားများ မဟာမိတ် UNA နှင့် မိတ်ဖက် အဖွဲ့အစည်းများက ထုတ်ပြန်ကြေညာချက်ထုတ်ကာ ရွေးကောက်ပွဲကော်မရှင်အား တိုက်တွန်း တောင်းဆိုထား သည်။

ထိုတောင်းဆိုမှု နောက်ပိုင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ကရွေးကောက်ပွဲဝင်မည့် သက်ဆိုင်ရာနိုင်ငံရေး ပါတီများအား တွေ့ဆုံဆွေးနွေးရန် ပြောဆိုလာခြင်း ဖြစ်သည်။

ရွေးကောက်ပွဲကို နိုဝင်ဘာလတွင် ကျင်းပမည်ဆိုသော်လည်း ကျင်းပမည့်နေ့အတိအကျကို ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် UEC မှ တရားဝင် ထုတ်ပြန်ကြေညာထားခြင်း မရှိသေးပေ။

Most read this week

February 11, 2026
စစ်ကော်မရှင်၏ အတုအယောင်ရွေးကောက်ပွဲသည် စစ်ရာဇဝတ်မှုများ ဆက်လက်ကျူးလွန်ရန် လမ်းဖွင့်ပေး...
February 10, 2026
စစ်ကော်မရှင်က ကျင်းပသည့် အထွေထွေ ရွေးကောက်ပွဲ အပိုင်း ၃ ပိုင်း အပြီးတွင် ပြည်ထောင်စု...
February 9, 2026
အမေရိကန်သမ္မတ အတည်ပြုလိုက်သည့် Burma Act ရန်ပုံငွေ ဒေါ်လာ ၁၂၁ သန်းကို စစ်ကော်မရှင်လက်သို့...
February 7, 2026
ဒေါ်အောင်ဆန်းစုကြည်၏ ဝမ်းကွဲ အကို၊ ဗိုလ်ချုပ်အောင်ဆန်း၏ တူ၊ အာဇာနည် ခေါင်းဆောင်ကြီး ဦးဘဝင်း၏ သား...