လယ်သမားများအတွက် COVID 19 ကာလအထူးချေးငွေ စတင်ထုတ်ပေးသွားမည်

လယ်သမားများအတွက် COVID 19 ကာလအထူးချေးငွေ စတင်ထုတ်ပေးသွားမည်

ရန်လင်းအောင် — COVID 19 ကာလမှာ တောင်သူလယ်သမားများ အတွက်အထူးချေးငွေများကို ယခုဇွန်လမှစတင် ထုတ်ချေး သွားရန်ဆောင်ရွက်နေသည်ဟု မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ် မွန်ပြည်နယ်ဘဏ်ခွဲ ပြည်နယ် မန်နေဂျာ ဦးကျော်စွာလှိုင် ပြောကြားသည်။

COVID-19 အထူးချေးငွေအဖြစ် မိုးစပါးချေးငွေ ရရှိထားသူ တောင်သူလယ်သမားများကို တစ်ဧကလျှင် ကျပ်ငါးသောင်းနှုန်းဖြင့် ထပ်ဆောင်း ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း စီမံကိန်း၊ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာနက ဇွန်လ ၁၇ ရက်နေ့က သတင်း ထုတ်ပြန်လိုက်သည်။

“လယ်သမားတွေအတွက် အထူးချေးငွေ တစ်ဧကကို ၅ သောင်းနှုန်းနဲ့ ထုတ်ချေးမှာ ဖြစ်ပြီး အများဆုံး ဆယ်ဧက ကို ထုတ်ချေးပေးသွားမယ် အတိုးနှုန်းကလည်း စိုက်ပျိုးစရိတ် အတိုးအနှုန်းအတိုင်းပဲ ၅ % ပဲ ထုတ်ချေးပေးသွား အခုဇွန်လ အတွင်းမှာ ထုတ်ချေးပေးနိုင်ဖို့ ဆောင်ရွက်နေပါတယ်” ဟု ဦးကျော်စွာလှိုင်က ဆိုသည်။

လယ်ယာမြေပိုင်ဆိုင်ခွင့် ပုံစံ(၇) ရှိပြီး စိုက်ပျိုးရေးစရိတ် အကြွေးကျေသူများကို လယ်တစ်ဧက ၅ သောင်းကျပ်နှုန်းဖြင့် လယ်သမားတစ်ဦး အများဆုံးလယ် ၁၀ ဧကစာအတွက်သာ နိုင်ငံတစ်ဝန်းလုံးတွင် ထုတ်ချေးပေးသွားမည့် အစီအစဉ်ဖြစ်ကြောင်း ၎င်းကဆိုသည်။

ထို့ကြောင့် မိုးစပါးချေးငွေရရှိသူများသည် ယခင်ပုံမှန်ချေးငွေမှ တစ်ဧကလျှင် ကျပ်တစ်သိန်းခွဲ ရရှိထားပြီးဖြစ်သည့်အတွက် စုစုပေါင်းကျပ် ၂ သိန်းရရှိတော့မည်ဖြစ်သည်။

ယင်းကဲ့သို့ အထူးချေးငွေ  ထပ်မံထုတ်ချေးပေးခြင်းသည် လယ်သမားများအတွက် ကောက်စိုက်စရိတ် ပိုရလာနိုင်သည်ဟု သထုံမြို့နယ် ဒုံဝန်းမှ လယ်သမား ဦးအောင်ဝင်းက ပြောသည်။

“ထုတ်ချေးပေးတော့ပိုကောင်းတာပေါ့လယ်သမားတွေက ပိုက်ဆံလိုတာပဲလေ ငွေလိုနေတော့ ပိုကောင်းတာပေါ့ သူတို့ အခုပေးတဲ့ ချေးငွေက စိုက်စရိတ်နဲ့ မလောက်ဘူးလေ အခုပေးတော့ အသုံးစရိတ် ပိုရှိလာတာပေါ့ လိုအပ်တဲ့ ကောက်စိုက်စရိတ်လေးတွေ ပိုရလာတာပေါ့” ဟု ၎င်းကဆိုသည်။

အဆိုပါ အထူးချေးငွေ Special Covid 19 Relief Loan ကို မွန်ပြည်နယ်အတွင်းရှိ လယ်ဧက ၂ သိန်း ၈ သောင်းကျော်အတွက် ချေးငွေ သန်းပေါင်း ၁ သောင်း ၄ ထောင်ကျော် ထုတ်ချေးပေးသွားရန် လျာထားသည်ဟု သိရသည်။

အလားတူ Covid-19 စီးပွားရေး ကုစားမှုအစီအစဉ် လုပ်ငန်းစီမံချက်၏ Cash for Lending Support အစီအစဉ်တွင် ကျေးရွာ မတည်ရန်ပုံငွေ စီမံကိန်းအား ကျပ် ၄၁ ဘီလျံကျော်ဖြင့် ကျေးရွာ ၁၇ဝဝ ရွာအား အမြန်ဆုံးထုတ်ချေးသွားမည်ဖြစ်ကြောင်း ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ သတင်းရရှိသည်။

March 7, 2026
“၂ နှစ်ပြည့်ရင် အိမ်ပြန်ခွင့်ရပြီ။ ၂ နှစ်ပြည့်တဲ့နေ့ကို စောင့်နေတာ” ဒါကတော့ မကြာခင်ကမှ...
March 6, 2026
အရပ်သားပြည်သူများကို ပိုမိုဆိုးရွားစွာ စောင့်ကြည့်နိုင်ရန် ဗဟိုမိုဘိုင်းလ်စက်ပစ္စည်း သက်သေခံ...
March 5, 2026
ကရင်ပြည်နယ်၊ မြဝတီ-ကော့ကရိတ် အာရှလမ်းပိုင်းကို ဖွင့်လှစ်နိုင်ရေး စစ်ကော်မရှင်ဘက်မှ...
March 4, 2026
ထိုင်းနိုင်ငံမှ ပြည်ပလောင်စာဆီ တင်ပို့မှုရပ်ဆိုင်းလိုက်ပြီဟု ထုတ်ပြန်ထားသည့်အပြင်...