တွေ့ဆုံဆွေးနွေးရန် မြောက်ပိုင်းမဟာမိတ် ၄ ဖွဲ့လိုလား

တွေ့ဆုံဆွေးနွေးရန် မြောက်ပိုင်းမဟာမိတ် ၄ ဖွဲ့လိုလား

ပဏမ အပစ်ရပ်လက်မှတ် (Bilateral) ရေးထိုးနိုင်ရန်အတွက် အစိုးရ၊ တပ်မတော်တို့နှင့် တွေ့ဆုံဆွေးနွေး နိုင်ရန် မြောက်ပိုင်း မဟာမိတ်အဖွဲ့ ၄ ဖွဲ့မှ လိုလားလျက်ရှိသည်။

တွေ့ဆုံဆွေးနွေးပွဲများ ရပ်တန့်နေသောကြောင့် တိုက်ပွဲများ ပြန်လည်ဖြစ်ပွားလာသည့်အတွက်နှစ်ဖက်  ဆွေးနွေးပွဲများကို ပြန်လည်စတင်ရန် လိုလားသည်ဟု မြောက်ပိုင်းမဟာမိတ် အဖွဲ့က ပြောသည်။

တွေ့ဆုံဆွေးနွေးမှုများ ရပ်တန့်နေသည့် အခြားတစ်ဖက်တွင် မြောက်ပိုင်း မဟာမိတ် အဖွဲ့ဝင်ဖြစ်သည့် ရက္ခိုင့်တပ်တော် ULA/AA နှင့် တပ်မတော်တို့ ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ် ပလက်ဝတွင် တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားနေသကဲ့သို့ ရှမ်းပြည်နယ်မြောက်ပိုင်းတွင်လည်း PSLF/TNLA၊ KIO/KIA နှင့် တပ်မတော်တို့ တိုက်ပွဲများ ဖြစ်ပွားနေသည်။

မြောက်ပိုင်းမဟာမိတ် ၄ ဖွဲ့ထဲမှ တစ်ဖွဲ့ဖြစ်သည့် တအန်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် PSLF/ TNLA မှ သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူးမိုင်းအိုက်ကျော်က “အဓိက ဒီတိုက်ပွဲဖြစ်နေတယ်ဆို တာက တွေ့ဆုံဆွေးနွေးပွဲ မရှိလို့ တွေ့ဆုံဆွေးနွေးပွဲ ရှိတော့လည်း ရလာဒ်က မတိုးတက်လို့ ဒီလိုမျိုး တိုက် ပွဲဖြစ်နေတာပေါ့နော်။ တိုက်ပွဲရပ်အောင် ဆိုရင်လည်းတွေ့ဆုံ ဆွေးနွေးပွဲကနေ အဖြေရှာဖို့တော့လိုတယ်။ ဒါကြောင့်မို့ တွေ့ဆုံဆွေးနွေးပွဲက မကြာခဏ ပြုလုပ်ဖို့တော့ လိုတယ်” ဟု ပြောသည်။

မြောက်ပိုင်း မဟာမိတ် အဖွဲ့ဝင်ဖြစ်သည့် ကချင်လွတ်လပ်ရေး တပ်မတော် KIO/KA ကလည်း “ဆွေးနွေးမှ အဖြေရမှာပါ။ မဆွေးနွေးပဲနဲ့တော့ အဖြေတော့ မရဘူး။ အဲတော့ ဆွေးနွေးတာကတော့ ကောင်းပါတယ်။ ဘယ်နည်းဘယ်ပုံစံနဲ့ ဘယ်လိုဆွေးနွေးမယ်ဆိုတဲ့ အပိုင်းကတော့ လက်တွေ့ပေါ့နော တာဝန်ယူတဲ့ ဒီအဖွဲ့ အစည်းမှ ကော်မတီတွေမှ သူတို့မှ ပိုပြီးမှ သိမှာပါ” ဟု KIO/KIA ၏ သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူး ကြီး နော်ဘူက ပြောသည်။

တိုက်ပွဲဖြစ်ပွားနေသည့် တစ်ဖက်တွင် အစိုးရအနေဖြင့် ရက္ခိုင့်တပ်တော် ULA/AA ပါဝင်သည့် မြောက်ပိုင်း မဟာမိတ်အဖွဲ့များနှင့် တွေ့ဆုံဆွေးနွေးပွဲများကို ပြန် လည်စတင်ရန်အတွက် နိုင်ငံတော် သမ္မတရုံးမှ ငြိမ်းချမ်းရေး အကျိုးတော်ဆောင်အဖွဲ့ PCG ကို ယခုလအစောပိုင်းက ဆက်သွယ်ပြောဆိုထားသည်ဟု သိရသည်။

အစိုးရ၏ ဖိတ်ကြားမှုနှင့် ပတ်သက်၍ PSLF/TNLA နှင့် KIO/KIA ပြန်ကြားရေး တာဝန်ရှိသူများက ၎င်းတို့ အနေဖြင့် တစ်စုံတစ်ရာ မသိရသေးဟု သတင်းနှင့် မီဒီယာ ကွန်ရက်အား ပြောသည်။

သို့သော် ရက္ခိုင်တပ်တော် ULA/AA က အစိုးရဖက်မှ ဖိတ်ကြားချက်ကို ဇွန်လ ၅ ရက်နေက ရရှိထား ကြောင်း၊ တွေ့ဆုံဆွေးနွေးနိုင်ရန် အပြန်အလှန်ညှိနှိုင်းနေဆဲဖြစ်ကြောင်း ULA/AA ပြန် ကြားရေး တာဝန်ခံ ခိုင်သုခက RFA သတင်းဌာနကို ပြောဆိုထားသည်။

ယခင်တွေ့ဆုံဆွေးနွေးပွဲများတွင် ကောင်းမွန်သည့် ရလာဒ်များ မရရှိခဲ့သည့်အတွက် တိုက်ပွဲများ ပြည် လည် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း၊ နောက်လာမည့် တွေ့ဆုံဆွေးနွေးပွဲများတွင် ကောင်းမွန်သည့် ရလာဒ်များ ရရှိရန်   မျှော်လင့်သည် ဟု PSLF/TNLA မှ ဗိုလ်မှူးမိုင်းအိုက်ကျော် က ပြောသည်။

“ဒီဟာက တိုးတက်တဲ့ ရလာဒ်ဖြစ်ဖို့တော့ လိုတယ်။ အဲလိုမျိုးဖြစ်မှပဲ တိုက်ပွဲတွေက မြေပြင်မှာ ဖြစ်နေတဲ့  ဖြစ်စဉ်တွေက လျော့နည်းလာမယ်။ မဟုတ်ရင်တော့ တွေ့ဆုံဆွေးနွေးပွဲ မရှိပဲနဲ့ စစ်ရေးနဲ့ပဲ ဖြေရှင်းမယ် ဆိုရင်တော့ သေချာတာကတော့ ဒီမြေပြင်မှာကတော့ တိုက်ပွဲက ပိုပြီးပြင်းထန်မှာ။”

လက်ရှိတွင် မြောက်ပိုင်း မဟာမိတ် ၄ ဖွဲ့နှင့် အစိုးရတို့ ပဏာမ အပစ်ရပ် Bilateral လက်မှတ် ရေးထိုးနိုင် ရန် တွေ့ဆုံဆွေးနွေးမှု ၄ ကြိမ်တိုင်တိုင် ပြုလုပ်ထားခဲ့ကြသည်။ မိုင်းလား နှစ် ၃၀ ပြည့်နေ့တွင် တစ်ကြိမ်၊ ၂၀၁၉ ခုနှစ် ဧပြီလ ၃၀ ရက်နေ့က မူဆယ်တွင် ဒုတိယအကြိမ်၊ ၂၀၁၉ ခုနှစ် သြဂုတ်လ ၃၁ ရက်နေ့ တွင် ကျိုင်းတုံတွင် တတိအကြိမ်နှင့် စက်တင်ဘာလ ၁၇ ရက်နေ့တွင် ကျိုင်းတုံတွင် စတုတ္ထအကြိမ် တို့ဖြစ်သည်။

အဆိုပါတွေ့ဆုံဆွေးနွေးမှုများနောက်ပိုင်း နှစ်ဖက် ဆက်လက်တွေ့ဆုံဆွေးနွေးရန် အချိန်နှင့် နေရာ ညှိနှိုင်း ရာတွင် ပြေလည်မှု မရှိခဲ့သည်ကတစ်ကြောင်း၊ COVID- 19 ဖြစ်လာသည့်အတွက် သွားရေးလာရေးအခက်အခဲတို့ကြောင့် တွေ့ဆုံဆွေးနွေးမှုများမှာ ရပ်တန့်ခဲ့ရသည်။

၂၀၁၉ ခုနှစ် စက်တင်ဘာလ ၁၇ ရက်နေ့က ပြုလုပ်သည့် ကျိုင်းတုံ တွေ့ဆုံဆွေးနွေးပွဲတွင် အချက် ၇ ချက်ကို သဘောတူညီခဲ့ကြပြီး အဆိုပါ အချက် ၇ ချက်မှာ Bilateral လက်မှတ်ရေးထိုးရေးနှင့် လက်ရှိဖြစ်ပွား နေသည့်တိုက်ပွဲများလုံးဝချုပ်ငြိမ်းသွားရေး  ဆက်လက်ဆွေးနွေးရန်၊ တပ်နေရာချထားရေး တိုက်ပွဲများ ထပ်မံ မဖြစ်ပွားရေး နှစ်ဖက်လိုက်နာရမည့် စည်းမျဉ်း စည်းများကို တပ်မတော်နှင့် ဆက်လက်ဆွေးနွေးရန်၊  တိုက်ပွဲမဖြစ် ပွားအောင် ဆက်သွယ်နိုင်ရေးအတွက် ဆက်ဆံရေးရုံးများ ထားရှိရန်၊ NCA လက်မှတ်ရေး ထိုး နိုင်ရေး နှစ်ဖက်လက်ခံနိုင်သည့် လုပ်ငန်းစဉ်ကို ဆွေးနွေးရန်၊ နေရပ်စွန့်ခွာ တိမ်းရှောင်သူများ ပြန်လည်နေ ရာချ ထားရေး ပြန်လည်ထူထောင်ရေးကိစ္စ ဆက်လက်ဆွေးနွေးရန်တို့ ဖြစ်သည်။

မြောက်ပိုင်းမဟာမိတ်အဖွဲ့ ၄ ဖွဲ့နှင့် အစိုးရ၊ တပ်မတော်တို့ ပဏာမ အပစ်ရပ်စာချုပ် Bilateral လက်မှတ်ရေးထိုးနိုင်ရန် တစ်ဆို့နေသည့် အဓိကအခက်အခဲမှာ တပ်နေရာချထားရေးကိစ္စရပ်နှင့် လက်မှတ်ရေးထိုးပြီးပါက ပဋိပက္ခဖြေ ရှင်းရာတွင် ကြားနေစောင့်ကြည့်မည့်အဖွဲ့ ဖွဲ့စည်းရေးတို့ဖြစ်သည်ဟု မြောက်ပိုင်း  မဟာ မိတ် အဖွဲ့က ယခင်က ပြောဆိုထားသည်။

လက်ရှိအချိန်အထိ မြောက်ပိုင်း မဟာမိတ် ၄ ဖွဲ့ ၏ Bilateral အပစ်ရပ် လက်မှတ်ရေးထိုးရေး မူဝါဒသည် လည်း ပြောင်းလဲမှု မရှိသေးဟု ဆိုသည်။

“အရင်ကတည်း က ကျနော်တို့ ရပ်တည်ချက်က မပြောင်းလဲသေးပါဘူး။ ဒီဟာက ၄ ဖွဲ့စလုံးပါမှ လက် မှတ် ထိုးမယ်။ တွေ့ ဆုံ ဆွေးနွေးပွဲတောင်မှ နိုင်ငံရေး တွေ့ဆုံဆွေးနွေးပွဲတောင်မှ ၄ ဖွဲ့စလုံးပါမှတွေ့ မယ်ဆိုပြီးတော့ ကျနော်တို့ရဲ့ ရပ်တည်ချက် အခုလည်း ဘာမှ မပြောင်းလဲသေးပါဘူး ဒီအတိုင်းပဲ ရှိပါ သေးတယ်။” ဟု ဗိုလ်မှူးမိုင်း အိုက်ကျော် က ပြောသည်။

KIO/KIA မှ ဗိုလ်မှူးကြီး နော်ဘူ က လည်း “ကျနော်တို့ရဲ့ မူဝါဒ ကတော့ ကျနော်တို့ မြောက်ပိုင်း မဟာမိတ် အားလုံးကတော့ တစ်ခါတည်း တစ်ရက်တည်း ထိုးဖို့ ဆိုတဲ့ မူဝါဒတော့ ဖြစ်ပါတယ်” ဟုပြောသည်။

အစိုးရ၊ တပ်မတော်နှင့် Bilateral အပစ်ရပ်စာချုပ် ချုပ်ဆိုနိုင်ရန် ညှိနှိုင်းလျက်ရှိသည့် မြောက်ပိုင်း မဟာ မိတ် ၄ ဖွဲ့ မှာ ကချင်လွတ်လပ်ရေးအဖွဲ့ KIO/KIA၊ ရက္ခိုင့်တပ်တော် ULA/AA၊ မြန်မာအမျိုးသားများ  ဒီမိုက ရက်တစ် တပ်ပေါင်းစု တပ်မတော် (MNTJP/ MNDAA- ကိုးကန့်အဖွဲ့)၊ တအန်း(ပလောင်) အမျိုးသား  လွတ်မြောက်ရေး တပ်မတော် PSLF/ TNLA တို့ ဖြစ်ကြသည်။

၎င်းမြောက်ပိုင်း မဟာမိတ် ၄ ဖွဲ့သည့် မြောက်ပိုင်း တိုင်းရင်းသား လက်နက်ကိုင်များဖြင့် ဖွဲ့စည်းထားသည့်  ပြည်ထောင်စု နိုင်ငံရေး ဆွေးနွေးညှိနှိုင်းရေး ကော်မတီ FPNCC ၏ အဖွဲ့ဝင်များလည်းဖြစ်သည်။

Most read this week

February 11, 2026
စစ်ကော်မရှင်၏ အတုအယောင်ရွေးကောက်ပွဲသည် စစ်ရာဇဝတ်မှုများ ဆက်လက်ကျူးလွန်ရန် လမ်းဖွင့်ပေး...
February 10, 2026
စစ်ကော်မရှင်က ကျင်းပသည့် အထွေထွေ ရွေးကောက်ပွဲ အပိုင်း ၃ ပိုင်း အပြီးတွင် ပြည်ထောင်စု...
February 9, 2026
အမေရိကန်သမ္မတ အတည်ပြုလိုက်သည့် Burma Act ရန်ပုံငွေ ဒေါ်လာ ၁၂၁ သန်းကို စစ်ကော်မရှင်လက်သို့...
February 7, 2026
ဒေါ်အောင်ဆန်းစုကြည်၏ ဝမ်းကွဲ အကို၊ ဗိုလ်ချုပ်အောင်ဆန်း၏ တူ၊ အာဇာနည် ခေါင်းဆောင်ကြီး ဦးဘဝင်း၏ သား...