မွန်ပြည်နယ် သွေးလွန်တုတ်ကွေးဖြစ်ပွားသူ ၁၅၀ နီးပါးရှိ၊ ကလေး ၂ ဦးသေ

မွန်ပြည်နယ် သွေးလွန်တုတ်ကွေးဖြစ်ပွားသူ ၁၅၀ နီးပါးရှိ၊ ကလေး ၂ ဦးသေ

မွန်ပြည်နယ်တွင် ယခုနှစ်အတွင်း သွေးလွန်တုပ်ကွေးရောဂါ ကူးစက်ဖြစ်ပွားသူ ၁၆၄ ဦးရှိပြီး ကလေး ၂ ဦး သေဆုံးခဲ့သည်ဟုမွန်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန တာဝန်ရှိသူက ပြောသည်။

ပြည်နယ်အတွင်း သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှုအခြေအနေသည် ဇန်နဝါရီလ ၁ ရက်နေ့မှ ဇွန်လ ၆ ရက်နေ့ထိ စာရင်းအရ ရောဂါကူးစက်ဖြစ်ပွားသူ ၁၆၄ ဦးရှိပြီး ၁၀ လ သားအရွယ် နှင့် ၈ နှစ်အရွယ်ကလေး နှစ်ဦး သေဆုံးခဲ့သည် ဟု ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနရှိ စာရင်းအရ သိရသည်။

သွေးလွန်တုပ်ကွေးအဖြစ် အများဆုံးမြို့ နယ်သည် မော်လမြိုင်နှင့် ပေါင်မြို့ နယ်တို့ ဖြစ်ပြီး သေဆုံးသူ ကလေး ၂ ဦးမှာ ပေါင်မြို့နယ်က ဖြစ်သည်။

မွန်ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဒေါက်တာထွန်းအောင်ကြည်က ရောဂါ ကာကွယ်ရေးတွင် လူထု ပါဝင်မှုက အရေးကြီးသည်ဟု ပြောသည်။

“ကျနော်တို့ ကျန်းမာရေးဝန်ထမ်းတွေကြီးပဲ လုပ်လို့မရဘူး။ အိမ်တိုင်း အိမ်တိုင်းက ဖုံး၊ သွန်၊ လဲ၊ စစ် ကို နားလည်သဘောပေါက်ပြီး ကိုယ့်အိမ်မှာ ဖုံး၊ သွန်၊ လဲ၊ စစ် မှန်မှန်လုပ် ပေး ကြဖို့ ဘုရားသောက်တော်ရေကအစ မှန်မှန်လဲပေးဖို့ လိုပါတယ်” ဟု ပြောသည်။

ဖုံး၊ သွန်၊ လဲ၊ စစ် ဆိုသည်မှာ ခြင်နှင့် ပိုးလောက်လမ်းများ ခိုအောင်းပေါက်ပွားနိုင်သည့် ရေအိုး၊ ရေကန်များကို အဖုံးဖုံးရန်၊ ရေများ မသန့်ရှင်း ပါက သွန်ပစ်ရန်၊ လဲလှယ်ရန်နှင့် သောက်သုံးရေများကို ပိုးများများ မပါစေရန်အတွက် ရေစစ်စစ်ပြီး အသုံးပြု  ခြင်းတို့သည် သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ရေးအတွက် အဓိကကျသည်ဟု ကျန်းမာရေးဝန်ထမ်းများက တိုက်တွန်းပြောဆိုထားသည်။

ပြည်နယ်ကျန်းမာရေးဌာအနေဖြင့် သွေးလွန်တုပ်ကွေးအတွက် နှစ်စကတည်းကပင် အစီအစဉ်(plan) များရေးဆွဲပြီး သွေးလွန်တုပ်ကွေးကာကွယ်ရေးဖြစ်သည့် ဖုံး၊ သွန်၊ လဲ၊ စစ် ခြင်းနှင့် ပိုးလောက်လန်း သတ်ဆေးများ (Abate) ခပ် ခြင်းတို့ကို တစ်မြို့ နယ်လျှင် အနည်းဆုံး ရပ်ကွက်/ကျေးရွာ ၅ ခု တို့တွင် လုပ်ဆောင်လျက် ရှိသည်။

ယခုနှစ် သွေးလွန်တုပ်ကွေးဖြစ်ပွားမှုအခြေအနေသည် လွန်ခဲ့သည့် ၂၀၁၉၊ ၂၀၁၈၊ ၂၀၁၇ ခုနှစ် ကာလ များနှင့် နှိုင်းယှဉ်လျှင် ဖြစ်ပွားမှုနှုန်း နည်းသည်ဟု ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနရှိ စာရင်းအရ သိရသည်။

သွေးလွန်တုပ်ကွေးရောဂါသည် မိုးရာသီတွင် အဖြစ်များပြီး အထူးသဖြင့် ဇွန်၊ ဇူလိုင်လတို့တွင် အဖြစ်များ တတ်သည့်သဘောရှိသည့်အတွက် ပြည်နယ်အတွင်း၌ သွေးလွန်တုပ်ကွေး ရောဂါဖြစ်ပွားမှု များလာနိုင်သည့် အနေအထားရှိသည်ဟု ကျန်းမာရေးဝန်ထမ်းများက ပြောသည်။

မော်လမြိုင်မြို့ တွင် ဆေးခန်းဖွင့်ထားသည့် ဆရာဝန်တစ်ဦးက “သွေးလွန်တုပ်ကွေးက မိုးများလာတဲ့ ဇွန် ဇူလိုင်မှာဆိုရင် အဖြစ်များတတ်တော့ အထူး သတိထားကြဖို့လိုတယ်” ဟု ပြောသည်။

သွေးလွန်တုတ်ကွေးရောဂါ ဖြစ်ပွားမှုသည် လူကြီး၊ ကလေး အရွယ် မရွေးဖြစ်ပွားတတ်ပြီး ကလေးငယ်များတွင် အများဆုံး ဖြစ်ပွားလေ့ရှိသည်။

Most read this week

February 11, 2026
စစ်ကော်မရှင်၏ အတုအယောင်ရွေးကောက်ပွဲသည် စစ်ရာဇဝတ်မှုများ ဆက်လက်ကျူးလွန်ရန် လမ်းဖွင့်ပေး...
February 10, 2026
စစ်ကော်မရှင်က ကျင်းပသည့် အထွေထွေ ရွေးကောက်ပွဲ အပိုင်း ၃ ပိုင်း အပြီးတွင် ပြည်ထောင်စု...
February 9, 2026
အမေရိကန်သမ္မတ အတည်ပြုလိုက်သည့် Burma Act ရန်ပုံငွေ ဒေါ်လာ ၁၂၁ သန်းကို စစ်ကော်မရှင်လက်သို့...
February 7, 2026
ဒေါ်အောင်ဆန်းစုကြည်၏ ဝမ်းကွဲ အကို၊ ဗိုလ်ချုပ်အောင်ဆန်း၏ တူ၊ အာဇာနည် ခေါင်းဆောင်ကြီး ဦးဘဝင်း၏ သား...