မျိုးသီရီကျော် — ရခိုင်ပြည်နယ်၊ မြေပုံမြို့နယ်အတွင်းက ကျေးရွာအုပ်ချုပ်ရေးမှူးနှစ်ဦးမှာ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မနှစ်ခုဖြင့် အမှုဖွင့်ဖမ်းဆီးခံထားရကြောင်း သတင်းရရှိသည်။
ပြီးခဲ့သည့် မေလ ၃၀ ရက်နေ့က မြေပုံမြို့နယ်၊ အငူရွာသစ်ကျေးရွာမှ အုပ်ချုပ်ရေးမှူး ဦးမောင်ဇော် (၄၀ နှစ်) နှင့် ရွာသစ်ကေကျေးရွာမှ အုပ်ချုပ်ရေးမှူး ဦးကျော်မြင့် (၄၂ နှစ်) တို့ကို တပ်မတော်နှင့် ရဲတပ်ဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း မိသားစုဝင်များထံမှ သိရသည်။
၎င်းတို့နှစ်ဦးကို အေအေနှင့်ဆက်နွယ်သည်ဆိုသည့် သံသယဖြင့် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀(ည)၊ ၅၂(ခ)တို့ဖြင့် အမှုဖွင့်လှစ်ထားကြောင်း မြေပုံမြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖေသန်းက DMG သို့ ပြောသည်။
“သူတို့နှစ်ဦးကို မနေ့က ၅၀ (ည)၊ ၅၂ (ခ) အကြမ်းဖက်မှု ဥပဒေပုဒ်မနဲ့ အမှုဖွင့်ပြီး ဒီနေ့မှာတော့ ရဲက ၁၄ ရက် ရမန်ယူသွားတယ်” ဟု ဦးဖေသန်းက ဆိုသည်။
အဆိုပါကျေးရွာအုပ်ချုပ်ရေးမှူးနှစ်ဦးကို ဖမ်းဆီးပြီး မြေပုံမြို့နယ်အုပ်ချုပ်ရေးမှူးရုံးတွင် တစ်ညထိန်းသိမ်းထားခဲ့ကာ မေလ ၃၁ ရက်နေ့တွင် မြေပုံရဲစခန်းသို့ ပြောင်းရွှေ့ထိန်းသိမ်းထားခဲ့ကြောင်း မိသားစုဝင်များက ပြောသည်။
၎င်းတို့နှစ်ဦးနှင့်ဆက်စပ်သည့် မိသားစုဝင်များ၏နေအိမ်များကိုလည်း မေလ ၃၀ ရက်နေ့က ရဲတပ်ဖွဲ့နှင့် တပ်မတော်သားများမှ လာရောက်ရှာဖွေစစ်ဆေးမှုများရှိခဲ့ကြောင်း ဖမ်းဆီးခံရသူ ဦးမောင်ဇော်၏ ယောက်ဖဖြစ်သူ ဦးမောင်တင်မြင့်က ပြောသည်။
“ဖမ်းထားတယ်ဆိုတာကို မြို့နယ်အုပ်ချုပ်ရေးမှူးရုံးက ဖုန်းဆက်လာတယ်။ ညနေ (၃) နာရီလောက်မှာတော့ ရဲ(၃)ယောက်နဲ့စစ်သား (၄)ယောက်က သေနတ်တွေနဲ့အိမ်ကိုလာပြီး ရှာဖွေမွှေနှောက်ခဲ့ကြတယ်။ ပြီးရင် သူ့ညီမအိမ်ကိုရောမွှေပါတယ်။ မိသားစုဝင် (၃)အိမ်ကိုမွှေသွားတယ်။ ဘာဖြစ်လို့ ဖမ်းသွားလဲတော့မသိဘူး” ဟု ၎င်းကဆိုသည်။
ဖမ်းဆီးထားသည့် ကျေးရွာအုပ်ချုပ်ရေးမှူးနှစ်ဦးအား မြေပုံမြို့နယ်တရားရုံးတွင် ချုပ်ရမန် ၁၄ ရက် ရယူခဲ့သည်။
ဦးမောင်ဇော်၏ မိခင်ဖြစ်သူ ဒေါ်ခင်လှရီက အပြစ်မရှိသူကို အပြစ်ရှာနေခြင်းဖြစ်ကြောင်း ပြောသည်။
“ဒီအမှုကို မဖြစ်ရအောင် ဒီနေရာကပဲ စစ်ဆေးပြီးစီးစေချင်ပါတယ်။ အပြစ်မရှိတဲ့သူကို အပြစ်ရှာနေတယ်။ ဒီကိစ္စကို အမြန်ဆုံးလွတ်မြောက်စေချင်တယ်” ဟု ဒေါ်ခင်လှရီက ဆိုသည်။
ယင်းသို့ ကျေးရွာအုပ်ချုပ်ရေးမှူးများဖမ်းဆီးခံရသည့်ကိစ္စနှင့်ပတ်သတ်ပြီး မြေပုံမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇာနည်ကျော်အား DMG မှ ဆက်သွယ်မေးမြန်းခဲ့ရာ ဖုန်းလက်ခံဖြေကြားခြင်း မရှိခဲ့ပေ။
ယင်းအပြင် မြေပုံမြို့မရဲစခန်းမှူး ဒုရဲမှူး အောင်သန်းဇော်ကို ဆက်သွယ်မေးမြန်းခဲ့ရာတွင် ဖုန်းကိုင်သူတစ်ဦးက စခန်းမှူးအပြင်သွားနေသည်ဟု ပြန်လည်ပြောဆိုသဖြင့် ယင်းဖြစ်စဉ်ကို မေးမြန်းနိုင်ခြင်း မရှိခဲ့ပေ။
ရခိုင်ပြည်နယ်အတွင်း တပ်မတော်နှင့် AA တို့၏ တိုက်ပွဲဖြစ်စဉ်များနှင့်ပတ်သက်ပြီး ကျေးရွာသားများအပြင် ရပ်/ကျေးအုပ်ချုပ်ရေးမှူးများပါ ဖမ်းဆီးခံရမှုများ ရှိလာနေသည်။
ဒေသခံပြည်သူများနှင့် ကျေးရွာအုပ်ချုပ်ရေးမှူးများမှာ နှစ်ဖက်လက်နက်ကိုင်များကြားတွင် စိုးရိမ်ကြောက်လန့်မှုများဖြင့် ကြားညှပ်နေရကြောင်း ပြန်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖေသန်းက ဆိုသည်။
“အုပ်ချုပ်ရေးမှူးတွေကလည်း စိုးရိမ်ကြောက်လန့်နေကြရတယ်။ ဘယ်အဖွဲ့အစည်းကခေါ်ခေါ် သွားရတယ်ဆိုတော့ သူတို့ဟာ ကြားညှပ်နေရတယ်။ အုပ်ချုပ်ရေးမှူး မလုပ်ချင်တော့ဘူး၊ စိတ်ပျက်မှုတွေရှိနေကြတယ်” ဟု ၎င်းကပြောသည်။
ရခိုင်ပြည်နယ်အတွင်းတွင် ရပ်ကျေးအုပ်ချုပ်ရေးမှူးများ ဖမ်းဆီးခံရခြင်း၊ ပစ်ခတ်ခံရခြင်းများရှိသဖြင့် ပြီးခဲ့သည့် ၂၀၁၉ ခုနှစ်က ရသေ့တောင်၊ မြောက်ဦး၊ ကျောက်တော်နှင့် မင်းပြားမြို့နယ်တို့မှ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများ တာဝန်မှ နှုတ်ထွက်ရန် သက်ဆိုင်ရာသို့ စာတင်ခဲ့ကြသည်။







