လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် ချိုးဖောက်ခံရသည့် ပြည်နယ်များထဲတွင် ရခိုင်ပြည်နယ် အမြင့်ဆုံး ဖြစ်

လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် ချိုးဖောက်ခံရသည့် ပြည်နယ်များထဲတွင် ရခိုင်ပြည်နယ် အမြင့်ဆုံး ဖြစ်

နှင်းနွယ် — လက်ရှိ NLD အစိုးရသက်တမ်း (၄)နှစ်တာကာလအတွင်းတွင် ရခိုင်ပြည်နယ်သည် အခြားပြည်နယ်များထက် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ချိုးဖောက်ခံရမှု အမြင့်ဆုံး ဖြစ်နေသည်ဟု လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်အရေးကို လှုပ်ရှားဆောင်ရွက်နေသော အသံအဖွဲ့ထံမှ သိရသည်။

ရခိုင်ပြည်နယ်အတွင်းမှ မြို့နယ်များတွင် အင်တာနက်ဖြတ်တောက်ခံထားရသဖြင့် ရခိုင်သည် လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့် အမြင့်ဆုံးအခြေအနေသို့ ရောက်ရှိလာခြင်းဖြစ်ကြောင်း အသံအဖွဲ့မှ သုတေသီတစ်ဦးဖြစ်သည့် မထက်ထက်ဇော်က သုံးသပ်သည်။

“ရခိုင်မှာ အင်တာနက်ဖြတ်ထားတာက လွတ်လပ်စွာပြောဆိုခွင့်ကို အဆိုးဝါးဆုံး ချိုးဖောက်ထားတာဖြစ်တယ်။ ဒါ့အပြင် ဒီအစိုးရသက်တမ်းအတွင်းမှာဆိုရင် အများဆုံး ပြစ်ဒဏ်ချမှတ်ခံထားရတဲ့ ဒေါက်တာအေးမောင် ဆိုရင်လည်း စာပေဟောပြောပွဲတစ်ခုမှာ ပြောလိုက်တဲ့စကားတစ်ခွန်းကြောင့် ထောင်ဒဏ်နှစ်(၂၀) ချမှတ်ခံလိုက်ရတယ်။ အဲဒီအချက်တွေကိုကြည့်ခြင်းအားဖြင့် ရခိုင်က လွတ်လပ်စွာပြောဆိုခွင့်ချိုးဖောက်ခံရမှု အမြင့်ဆုံးဖြစ်တယ်”ဟု မထက်ထက်ဇော်က ပြောသည်။

ရခိုင်ပြည်နယ်အတွင်း တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ကြား တိုက်ပွဲဖြစ်ပွားမှုများရှိနေသော မြို့နယ်(၈)ခုအပါအဝင် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တို့ကို ပြီးခဲ့သည့် ၂၀၁၉ ခုနှစ်၊ ဇွန်လ ၂၁ ရက်နေ့တွင် အစိုးရက ကြိုတင်အသိပေးခြင်းမရှိဘဲ အင်တာနက်ဖြတ်တောက်ခဲ့သည်။

ထိုကဲ့သို့ အင်တာနက်ဖြတ်တောက်ထားခြင်းကို ပြန်လည်ဖွင့်ပေးရန်အတွက် တောင်းဆိုခဲ့ကြသော ကျောင်းသားများ၊ တက်ကြွလှုပ်ရှားသူများကို အစိုးရက ဖမ်းဆီးတရားစွဲဆိုမှုများ၊ ထောင်ဒဏ်ချမှတ်ခြင်းများ ရှိခဲ့သည်။

လက်ရှိတွင် အင်တာနက်ဖြတ်တောက်ထားသည့် မြို့နယ်များထဲမှ မောင်တောမြို့နယ်ကို စစ်ရေးအရ သက်ရောက်မှုနည်းပါးသည်ဟုဆိုကာ မေလ ၂ ရက်နေ့တွင် အင်တာနက် ပြန်ဖွင့်ပေးခဲ့သည်။

ရခိုင်ပြည်နယ်တွင် ယခင်ကတည်းက လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့် ချိုးဖောက်ခံရမှုများ၊ ငြိမ်းစုစီပုဒ်မနှင့် တရားစွဲဆိုခံရမှုများ ရှိခဲ့ဖူးသော်လည်း တိုက်ပွဲဖြစ်ပွားပြီးနောက်ပိုင်းတွင် လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ကို သိသိသာသာ ချိုးဖောက်ခံလာရကြောင်း အသံအဖွဲ့၏ အမှုဆောင်ဒါရိုက်တာ မောင်ဆောင်းခက ပြောသည်။

“တိုက်ပွဲဖြစ်ပြီးတဲ့နောက်မှာမှ ရခိုင်မှာအင်တာနက်ဖြတ်တောက်ပစ်တာကို ကျနော်တို့တွေ့ရတယ်။ တိုက်ပွဲ ဖြစ်ပွားပြီးမှ လွတ်လပ်စွာပြောဆိုခွင့်အပေါ်မှာ ရခိုင်ကိုပိုပြီးတော့ ဖိနှိပ်သလိုဖြစ်လာနေတာ သိသာစေတယ်”ဟု ၎င်းက ဆိုသည်။

မြန်မာနိုင်ငံတွင် လက်ရှိ ဒီမိုကရေစီအစိုးရသက်တမ်း (၄)နှစ်တာကာလအတွင်း လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ကို ချိုးဖောက်ကန့်သတ်သည့် ဥပဒေ၊ ပုဒ်မအမျိုးမျိုးတို့ဖြင့် တရားစွဲဆိုခံထားရသည့် လူဦးရေ (၁၀၅၁)ဦးရှိပြီး၊ တရားစွဲဆိုမှုအရေအတွက်မှာလည်း (၅၃၉)မှုထိရှိလာနေကြောင်း အသံအဖွဲ့၏ စစ်တမ်းများအရ သိရသည်။

April 30, 2026
အမ်း- ပဒါန်းလမ်းပိုင်း ရခိုင်ရိုးမတောင်ပေါ်ရှိ မကွေးတိုင်း၊ နတ်ရေကန်အနီး ဂုတ်ကြီးစခန်းသို့...
မောင်တောမြို့တွင်း တစ်နေရာကို ၂၀၂၅ ခုနှစ်အတွင်းက တွေ့ရစဉ်။
April 29, 2026
အာရက္ခတပ်တော် ထိန်းချုပ်ရာ မောင်တောမြို့နယ် တောင်ပိုင်း အောင်သုခကျေးရွာတွင် အသက် ၃ နှစ်အရွယ်...
April 28, 2026
ရခိုင်ပြည် ပြင်ပသို့ ထွက်ခွာနေကြသည်ဟုဆိုကာ ပလက်ဝမြို့နယ်ရှိ စစ်ဆေးရေးဂိတ်များတွင်...
April 27, 2026
စစ်ခေါင်းဆောင်ဟောင်း သမ္မတ ဦးမင်းအောင်လှိုင်ကိုယ်တိုင် ငြိမ်းချမ်းရေးစကားပြောဆိုရန် ဖိတ်ခေါ်...