ထိုင်းပြန် မြန်မာများအတွက် နယ်စပ်ဂိတ်အားလုံး စနစ်တကျ ဖွင့်ပေးသင့်ဟု ဆို

ထိုင်းပြန် မြန်မာများအတွက် နယ်စပ်ဂိတ်အားလုံး စနစ်တကျ ဖွင့်ပေးသင့်ဟု ဆို
အလုပ်သမားသံအရာရှိရုံး website စာမျက်နှာ (Copy)
အလုပ်သမားသံအရာရှိရုံး website စာမျက်နှာ (Copy)

Covid-19 ကြောင့် ထိုင်းနိုင်ငံမှ မြန်မာရွှေ့ပြောင်းအလုပ်သမားများ အခက်အခဲမရှိနေရပ်ပြန်နိုင်ရန် နှစ်နိုင်ငံအစိုးရများညှိနှိုင်း၍ နယ်စပ်ဂိတ်အားလုံး အကန့်အသတ်ဖြင့်စနစ်တကျဖွင့်ပေးသင့်ကြောင်း ထိုင်းမြန်မာအခြေစိုက် ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း-FED အမှုဆောင်ဒါရိုက်တာ ကိုထူးချစ်က ပြောသည်။

“အစိုးရက အသိအမှတ်ပြုဖွင့်ထားတဲ့နယ်စပ်ပေါ့၊ ဥပမာအားဖြင့် မယ်ဆိုင်-တာချီလိတ်၊ မြဝတီ-မဲဆောက်၊ ရနောင်း-ကော့သောင်း၊ ကန်ချပူရီဘက် ထီးခီးပေါ့၊ အဲဒါအပြင် ဘုရားသုံးဆူဘက်မှာလည်း တရားဝင် ဖွင့်ထားတာမရှိဘူး၊ ဒါကြောင့်မို့လို့  ဖြစ်နိုင်လို့ရှိရင် ဒီကာလမှာ နှစ်ဖက်အစိုးရတွေညှိပြီးတော့ နယ်စပ်ပေါက်တွေ အကုန်လုံးကိုတော့ အချိန်အကန့်သတ်နဲ့ ဖွင့်ပေးသင့်ပါတယ်” ဟု ကိုထူးချစ်က ဆိုသည်။

ထိုင်း-မြန်မာနယ်စပ်မျဉ်းကြောင်းတလျှောက်တွင် တရားဝင်နယ်စပ်ဂိတ်အနည်းငယ်သာဖွင့်လှစ်နိုင်ခဲ့ပြီး တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များထိန်းချုပ်ထားသည့် နယ်စပ်ဖြတ်ကျော်လမ်းကြောင်းများစွာ ရှိနေသဖြင့် နှစ်ဖက်တပ်ဖွဲ့များစုဖွဲ့၍ နယ်စပ်တွင် စနစ်တကျစိစစ်ဆောင်ရွက်ပေးသင့်ကြောင်း ၎င်းက ဆက်ပြောသည်။

ထို့အတူ ထိုင်းနိုင်ငံရောက် မြန်မာရွေ့ပြောင်းအလုပ်သမားများ မြန်မာနိုင်ငံသို့ ပြန်လိုသည့် စာရင်းသိရှိနိုင်ရန်နှင့် လိုအပ်သည်များ ကူညီဆောင်ရွက်ပေးနိုင်ရန် ထိုင်းနိုင်ငံဆိုင်ရာ အလုပ်သမားသံအရာရှိရုံး၏ Website ပေါ်တွင် ဖောင်ဖြည့်၍ စာရင်းပေးသွင်းနိုင်ကြောင်း၊ တရားဝင်စာရွက်စာတမ်းအထောက်အထားမရှိသူများလည်း စာရင်းပေးသွင်း ထားနိုင်ကြောင်း၊ ရရှိလာသည့်စာရင်းအပေါ်အခြေခံ၍ စာရွက်စာတမ်းအထောက်အထားမဲ့သူများလည်း နေရပ်ပြန်နိုင်ရန်နှင့် အခြားနယ်စပ်ဂိတ်များမှတဆင့် ပြန်နိုင်ရန် မြန်မာသံရုံးနှင့် ထိုင်းအစိုးရ ဆက်လက်ညှိနှိုင်းသွားမည်ဟုယူဆရကြောင်း ရွှေ့ပြောင်းအလုပ်သမားအခွင့်အရေးကွန်ရက် MWRN ဒုဥက္ကဌ ကိုသန်းဇော်ထိုက်က ပြောသည်။

“သံရုံးကနေပြီးတော့ စာရင်းယူလိုက်တယ်၊ စာရင်းတင်တဲ့လူကိုပြန်စိစစ်မယ်၊ ပြီးလို့ရှိရင် ဒီစာရင်းအတိုင်းကို မဲဆောက်အလုပ်သမားသံအရာရှိဆီ စာရင်းပို့မယ်၊ ပြန်စိစစ်လို့ပြီးရင် အလုပ်သမားတွေကိုစနစ်တကျ ဟိုဘက်မြန်မာအခြမ်းကို ပြန်ပို့မယ်၊ မြန်မာအစိုးရဘက်ကလည်း ပြန်လာမယ့်အလုပ်သမားတွေကို Quarantine စခန်းမှာ ၂၁ ရက် ထားပြီး နေရပ်ကိုပြန်ပို့မယ်” ဟု ကိုသန်းဇော်ထိုက်က ဆိုသည်။  

သို့ရာတွင် မွန်ပြည်သစ်ပါတီအနေဖြင့် Covid-19 ရောဂါကာကွယ်ထိန်းချုပ်ရေးအတွက် ဘုရားသုံးဆူဒေသကို ရွှေ့ပြောင်းအလုပ်သမားများအား ဝင်ခွင့်ပြုမည်မဟုတ်ဘဲ လုံးဝပိတ်ထားလိုက်ပြီဖြစ်ကြောင်း ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ပြည်တွင်းရေးရာဌာနတာဝန်ခံ နိုင်ဗညားလယ်က ယမန်နေ့ညပိုင်းတွင် မွန်ပြည်သစ်လူမှုကွန်ယက်စာမျက်နှာမှ ရုပ်သံဖိုင်လွှင့်ထုတ်ခဲ့သည်။  

“နေရပ်ပြန်မယ့်အလုပ်သမားတွေအနေနဲ့ တရားဝင်စာရွက်စာတမ်းရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ မြဝတီမြို့ကိုသာ အရောက်လာခဲ့ပါ၊ နေရပ်ပြန်မယ့်ကိစ္စတွေကို အစိုးရဆက်ပြီး တာဝန်ယူပါလိမ့်မယ်လို့ မွန်လုံနယ်ဝန်ကြီး ကျနော်တို့ကို ရှင်းပြထားတယ်” ဟု နိုင်ဗညားလယ်က မွန်ဘာသာရုပ်သံဖိုင်ဖြင့် ရှင်းပြခဲ့သည်။

Covid-19 ကမ္ဘာ့ကပ်ရောဂါကြောင့် ထိုင်းနိုင်ငံ၏ စက်ရုံအလုပ်ရုံများစွာရပ်နားထားရသည့်အတွက် လက်ရှိထိုင်းနိုင်ငံရောက်ရှိ ရွှေ့ပြောင်းမြန်မာအလုပ်သမားများအနေဖြင့် လုံးဝအလုပ်ပြုတ်သွားသူများ၊ အလုပ်ဆိုင်းငံ့ခံထားရသူများနှင့် အလုပ်ချိန်အလျှော့ခံရသူများ သိန်းနှင့်ချီရှိနေသဖြင့် နေရပ်ပြန်ကြမည့် မြန်မာအလုပ်သမားအများအပြားရှိနိုင်ကြောင်း ထိုင်းအစိုးရက ခန့်မှန်းထားသည်။ 

March 7, 2026
“၂ နှစ်ပြည့်ရင် အိမ်ပြန်ခွင့်ရပြီ။ ၂ နှစ်ပြည့်တဲ့နေ့ကို စောင့်နေတာ” ဒါကတော့ မကြာခင်ကမှ...
March 6, 2026
အရပ်သားပြည်သူများကို ပိုမိုဆိုးရွားစွာ စောင့်ကြည့်နိုင်ရန် ဗဟိုမိုဘိုင်းလ်စက်ပစ္စည်း သက်သေခံ...
March 5, 2026
ကရင်ပြည်နယ်၊ မြဝတီ-ကော့ကရိတ် အာရှလမ်းပိုင်းကို ဖွင့်လှစ်နိုင်ရေး စစ်ကော်မရှင်ဘက်မှ...
March 4, 2026
ထိုင်းနိုင်ငံမှ ပြည်ပလောင်စာဆီ တင်ပို့မှုရပ်ဆိုင်းလိုက်ပြီဟု ထုတ်ပြန်ထားသည့်အပြင်...