ရခိုင်ပြည်နယ်တွင် တိုက်ပွဲအကျိုးဆက်ကြောင့် လက်နက်ကြီးကျရောက်ခြင်း (သို့မဟုတ်) မီးရှို့ခံရခြင်းကြောင့် ပျက်စီးသွားသည့် နေအိမ်များနှင့်ပတ်သက်ပြီး တင်ပြလာပါက လုပ်ထုံးလုပ်နည်းနှင့်အညီ ထောက်ပံ့ပေးသွားမည်ဟု ပြည်နယ် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဦးစီးဌာနထံမှ သိရသည်။
မတ်လ ၂၂ ရက်နေ့တွင် တိုက်ပွဲအကျိုးဆက်ကြောင့် မီးလောင်ဆုံးရှုံးသွားသည့် ကျောက်တော်မြို့နယ်၊ တင်းမကျေးရွာက နေအိမ် (၅၀၀)ကျော်အတွက် ငွေကျပ်သိန်း (၉၀၀)ကျော်ကို ဧပြီလ ၂၂ ရက်နေ့က ထောက်ပံ့ပေးခဲ့သည်ဟု ယင်းဦးစီးဌာနထံမှ သိရသည်။
မီးလောင်ပျက်စီးသွားသည့် ဝါးအိမ်ဆိုလျှင် ငွေတစ်သိန်းကျပ်ထောက်ပံ့သည်၊ ပျဉ်ထောင်အိမ်ဆိုလျှင် ငွေနှစ်သိန်းကျပ်ထောက်ပံ့ပြီး တိုက်အိမ်ဆိုလျှင် သုံးသိန်းကျပ်ထောက်ပံ့သည်ဟု ယင်းဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဝင်းဇော်ဌေးက DMG သို့ပြောသည်။
“ ကျွန်တော်တို့က အိမ်အမျိုးအစားအပေါ်မူတည်ပြီးတော့ ကျွန်တော်တို့ ဘေးအန္တရာယ်ဆိုင်ရာဦးစီးဌာနက လုပ်ထုံးလုပ်နည်းနဲဲ့အညီ ထောက်ပံ့ပါတယ်။ ဝါးအိမ်ဆိုရင် တစ်သိန်းထောက်ပံ့ပါတယ်။ နောက်ပြီးတော့ ပျဉ်ထောင်အိမ်တွေဆိုရင် နှစ်သိန်းထောက်ပံ့ပြီးတော့ တိုက်အိမ်တွေဆိုရင် သုံးသိန်းထောက်ပံ့ပါတယ်” ဟု ၄င်းက ဆိုသည်။
လက်ရှိတွင် တင်းမကျေးရွာသားများမှာ ကျောက်တော်မြို့နယ်ရှိ စာသင်ကျောင်း၊ ဘုန်းတော်ကြီးကျောင်းနှင့် စစ်ဘေးရှောင်စခန်းများတွင် ခိုလှုံနေကြပြီး မိမိနေရပ်သို့ ပြန်လိုကြသော်လည်း လုံခြုံရေးအခြေအနေကြောင့် မသွားရဲဖြစ်နေသည်။
“ကျွန်တော်တို့တော့ ရွာမှာပဲသွားနေချင်တယ်၊ ဒါပေမဲ့ မလုံခြုံတော့ ဘယ်သူမှ သွားမနေရဲကြဘူး” ဟု တင်းမကျေးရွာမှ ကိုဦးထွန်းသိန်းက ပြောသည်။
ရခိုင်ပြည်နယ်တွင် တပ်မတော်နှင့်ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲပြင်းထန်စွာဖြစ်ပွားနေပြီး ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရသည်။ လက်ရှိတွင် စစ်ဘေးရှောင် တစ်သိန်းငါးသောင်းကျော်အထိ ရှိလာပြီဖြစ်သည်။
<><><>
ပုံစာ - ဘူးသီးတောင်မြို့နယ်၊ ဆင်သေပြင် မွတ်ဆလင်ကျေးရွာကို ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ ၁၄ ရက်က လက်နက်ကြီးကျည်ကျ၍ နေအိမ်နှစ်ဆောင် မီးလောင်ကျွမ်းသွားသည်။ (ဓာတ်ပုံ - ဦးအောင်သောင်းရွှေ / Facebook)







