ချင်းပြည်တောင်ပိုင်းက ချင်းတော်လှန်ရေးအင်အားစုများဖြစ်သည့် ချင်းပြည်သူ့အစည်းအရုံး (CPU/ CPA) နှင့် IKACC / ပလက်ဝကောင်စီ (PC) တို့ ပထမဆုံးအကြိမ် တရားဝင်တွေ့ဆုံ၍ ပူးပေါင်းဆောင်ရွက်နိုင်မည့် လုပ်ငန်းစဉ်များ ဆွေးနွေးနိုင်ခဲ့ကြောင်း IKACC ထံမှ သိရသည်။
မတ်လ ၂၅ ရက်က မတူပီမြို့တွင် ချင်းပြည်သူ့အစည်းအရုံး (CPU/ CPA) တာဝန်ရှိသူများနှင့် ကြားကာလ ခူမီးချင်းမျိုးနွယ်စုများ ရေးရာ အတိုင်ပင်ခံကောင်စီ/ ပလက်ဝကောင်စီ (IKACC/ PC) ၏ မဟာမိတ်ဆက်ဆံရေးအဖွဲ့ ခေါင်းဆောင်များ တွေ့ဆုံ၍ အပြုသဘောဆောင်သည့် ဆွေးနွေးမှုများ ပြုလုပ်နိုင်ခဲ့သည်ဟု IKACC က ဧပြီလ ၂၂ ရက်မှာ ထုတ်ပြန်သည်။
တွေ့ဆုံမှုတွင် တော်လှန်ရေးကာလအတွင်း ချင်းတောင်ပိုင်းတလျှောက် နယ်မြေချင်း ထိစပ်နေသည့် နည်းတူ ထောက်ပို့လမ်းကြောင်း အသုံးပြုရေးကိစ္စ အပါအဝင် အခြားပူးပေါင်းဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို အပြုသဘောဆောင် ဆွေးနွေး ပေါင်းစည်းနိုင်ခဲ့သည်ဟု IKACC/ PC မဟာမိတ်ဆက်ဆံရေးအဖွဲ့ခေါင်းဆောင် ဆလိုင်းပေါလ်က ပြောကြောင်း IKACC က ထုတ်ပြန်သည်။
တော်လှန်ရေး လိုအပ်ချက်အရ CPU/ CPA အပါအဝင် အခြားချင်းတော်လှန်ရေးအဖွဲ့အစည်းများအပြင် အိမ်နီးချင်း တော်လှန်ရေးအဖွဲ့အစည်းများနှင့် ကောင်းမွန်သည့် မိတ်ဖက်ဆက်ဆံရေး တည်ဆောက်ထားသည်ဟု IKACC / PC ထံမှ သိရသည်။
တချိန်တွင် ချင်းအမျိုးသားတော်လှန်ရေးအဖွဲ့အစည်းများ ပူးပေါင်းပြီး တပ်ပေါင်းစုဖြစ်နိုင်ရေးကိုလည်း မျှော်လင့်ထားကြောင်း IKACC/ PC မဟာမိတ်ဆက်ဆံရေးအဖွဲ့ခေါင်းဆောင် ဆလိုင်းပေါလ်က ပြောသည်။
CPU/ CPA နှင့် IKACC/ PC တွေ့ဆုံဆွေးနွေးမှုကို CPU/ CPA ဘက်မှ ဥက္ကဌ ဆလိုင်းထန်ချွန်းဖေ ဦးဆောင် တက်ရောက်ပြီး IKACC/ PC ဘက်မှ မဟာမိတ်ဆက်ဆံရေအဖွဲ့ ခေါင်းဆောင် တာဝန်ယူထားသူ IKACC ၏ အထွေထွေ အတွင်းရေးမှူး ဆလိုင်းပေါလ်က ဦးဆောင်တက်ရောက်သည်ဟု သိရသည်။
ယခုတွေ့ဆုံမှု မတိုင်မီ ဖေဖော်ဝါရီလက CPU/ CPA ၏ ဥက္ကဌ ထန်ခွန်းဖေ ခေါင်းဆောင်သည့် ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်များနှင့် ULA/ AA ၏ ဥက္ကဌ ဗိုလ်ချုပ်ထွန်းမြတ်နိုင်တို့ ဦးဆောင်သည့် ULA/ AA ခေါင်းဆောင်များသည် အာရက္ခဒေသတွင် တွေ့ဆုံပြီး နိုင်ငံရေး၊ စစ်ရေးအပြင် ကုန်သွယ်စီးပွားကဏ္ဍများ အဓိကထား ဆွေးနွေးခဲ့သည်ဟု သိရသည်။
CPU/ CPA အဖွဲ့ကို ချင်းပြည်နယ်တောင်ပိုင်း ချင်းအင်အားစုများဖြစ်သည့် မင်းတပ်မြို့နယ် တော်လှန်ရေး ဦးဆောင်ကော်မတီ/ မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့/ ချင်းကာကွယ်ရေးတပ်ဖွဲ့ - မင်းတပ်၊ မတူပီ တော်လှန်ရေး အဖွဲ့ချုပ်/ ချင်းကာကွယ်ရေးတပ်ဖွဲ့ - မတူပီ နှင့် ကန်ပက်လက် မြို့နယ်ကောင်စီ/ ကန်ပက်လက် မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့/ ချင်းကာကွယ်ရေးတပ်ဖွဲ့ - ကန်ပက်လက် တို့အပြင် ဒိုင်ရ်ဒေသန္တရကောင်စီ/ ချင်းကာကွယ်ရေးတပ်ဖွဲ့ - ဒိုင်ရ် တို့ကို စုစည်းပြီး ဒေသတွင်း နိုင်ငံရေးစစ်ရေး ဦးဆောင်မှုပေးရန် ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ (၁၅) နေ့တွင် စတင်ဖွဲ့စည်းသည်ဟု သိရသည်။
IKACC/ PC သည် ချင်းပြည်နယ်တောင်ပိုင်း၊ ပလက်ဝမြို့နယ်အခြေစိုက် ချင်းတော်လှန်ရေးတပ်ဖွဲ့ဖြစ်ပြီး လက်ရှိတွင် ချင်းလဲန်းကောင်စီ၊ ချင်းပြည်အစိုးရ၏ အဖွဲ့ဝင်ဖြစ်သည်ဟု သိရသည်။







