တပ်မတော်နှင့် ရှမ်းနီ တိုက်ပွဲများ ရပ်တန့်ပေးစေလိုကြောင်း ဒေသခံများ ပြော

တပ်မတော်နှင့် ရှမ်းနီ တိုက်ပွဲများ ရပ်တန့်ပေးစေလိုကြောင်း ဒေသခံများ ပြော

စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းမြို့နယ်တွင် ဖြစ်ပွားနေသည့် တပ်မတော်နှင့် ရှမ်းနီအမျိုးသားများတပ်မတော် SNA တို့ တိုက်ပွဲများ၊ စစ်ရေးတင်းမာမှုများ ရပ်တန့်ပေးစေလိုသည်ဟု ဒေသခံများက ပြောသည်။

ဟုမ္မလင်းမြို့နယ် ချောင်းကြီးနယ်တဝိုက်တွင် ဧပြီ ၁၇ နှင့် ၁၈ ရက်များက ဖြစ်ပွားခဲ့သည့် တိုက်ပွဲများအပြီး တပ်မတော်က ဒေသအတွင်း  စစ်အင်အားတိုးချဲ့လျက်ရှိရာ ဒေသခံပြည်သူများ အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ လွတ်လပ်စွာ သွားလာလုပ်ကိုင်ခွင့် မရှိသောကြောင့် ယခုကဲ့သို့ တောင်းဆိုရခြင်းဖြစ်သည်ဟု ပြောသည်။

ချောင်းကြီးနယ် ဒေသခံ ဆေဆိုင်မုန်းက “လက်ရှိအခြေအနေကတော့ တပ်ကတော့ တပ်အင်အားတွေ တိုးချဲ့နေတယ်ပေါ့။ ပြီးတော့ အရပ်ဝတ်နဲ့ လက်နက်ကိုင်ပြီးတော့ ကျနော်တို့ ဒီချောင်းကြီးဒေသမှာရော၊ ဥရုချောင်းဒေသမှာပါ လှည့်ပတ်ပြီးတော့ လုံခြုံရေး ယူတာပေါ့။ ဒါကတော့ အထူး စိုးရိမ်စရာပေါ့။ အစိုးရတပ်အနေနဲ့ အဲဒီလို လုပ်နေတာကျတော့ ကျနော်တို့ အရပ်သားတွေက အထူးစိုးရိမ်တာဗျ” ဟု ပြောသည်။

ယင်းနယ်တစ်ကြော ကျေးရွာများအတွင်း လုံခြုံရေးယူသည်ဆိုသည့် အကြောင်းပြချက်ဖြင့် အရပ်ဝတ်များနှင့် လက်နက်ကိုင်ဆောင်ထားသူများ နေရာယူထားသည့်အတွက်ဒေသခံများ ပိုမိုစိုးရိမ်ထိတ်လန့်နေကြသည်ဟု သိရသည်။

“အဓိကတော့ လူထုကို ဖိအားပေးနေတာပဲဗျ။ အခုလက်ရှိအနေအထားက ရွာထဲကို ဝင်လာတယ်။ ပြီး တော့ အရပ်ဝတ်တွေနဲ့လာတယ်ဆိုတဲ့အခါကျတော့ ဘယ်အဖွဲ့မှန်းကျနော်တို့က မသိရအောင် ဖြစ်နေတယ်။ အဓိကတော့ ဒီအရပ်ဝတ်နဲ့လာပြီးတော့ ရွာထဲကို ဝင်ပြီးတော့ သူတို့က လုံခြုံရေးယူတယ်လို့ပြော တယ်ဗျ။ အခုက ရပ်ရွာမှာရှိတဲ့လူထုကို စိတ်ဓါတ်ရေးရာ ဖိအားပေးတယ်။”

တိုက်ပွဲများ၊ စစ်ရေးတင်းမာမှုများကြောင့် ဒေသခံများ ထိတ်လန့်နေကြ သည့်အပြင် ကမ္ဘာ့ကပ်ရောဂါဆိုး Covid-19 ကြောင့် ကျန်းမာရေးနှင့် စားဝတ် နေရေးစိုးရိမ်နေကြချိန်ဖြစ်သောကြောင့် နှစ်ဖက်တပ်များအနေဖြင့် တိုက်ပွဲဖြစ်ပွားမှုကို ရှောင်ကြဉ်ပေးပါရန် မြန်မာပြည်မြောက်ပိုင်း သျှမ်းမျိုးနွယ်စုရေးရာအဖွဲ့ က ဧပြီလ ၂၃ ရက်တွင် ထုတ်ပြန်တောင်းဆိုထားသည်။

ယင်းဒေသတွင် ယခုရက်ပိုင်း တိုက်ပွဲ ဖြစ်ပွားမှု မရှိသော်လည်း တပ်မတော်က စစ်အင်အားတိုးချဲ့ မှုများ ပြုလုပ်နေသည့်အတွက် စစ်ရေးတင်းမာမှုရှိသည်ဟု ရှမ်းနီအမျိုးသားများတပ်မတော် SNA ဘက်က ပြောသည်။

SNA မှ ဗိုလ်မှူးကြီးဆေစိုင်းထွန်းက “လောလောဆယ် နောက်ဆက် တွဲ အခြေအနေကတော့ မြန်မာ့တပ်မတော်ဘက်က စစ်အင်အားတွေပြန်ပြီးတော့ တိုးချဲ့လာတယ်။ အခြေ အနေကတော့ တင်းမာတဲ့ အနေအထားရှိနေတယ်။ လက်ရှိက တပ်မတော်က ဆုတ်ခွာဖို့ နေနေသာ၊ ပြီးမှ တောင် စစ်အင်အား တိုးချဲ့ ပြီး လာထိုင်ထားတာတောင်ရှိတယ်။ ကျနော်တို့က အခုလိုကာလမှာ ကျနော် တို့က ရှောင်ချင်ပါတယ်။ အဓိကက မြန်မာ့တပ်မတော်အပေါ်မှာ မူတည်ပါတယ်။ မြန်မာ့တပ်မတော် ဘက် က ထိုးစစ်တွေ အင်အားတိုးချဲ့မှုတွေ ဖြစ်လာတာလေ။ ကျနော်တို့က အတတ်နိုင်ဆုံးရှောင်တယ်။ အထူးသ ဖြင့် ဒီလို ရောဂါဖြစ်နေတဲ့ကာလတွေမှာ မဖြစ်ချင်ဘူး” ဟု ပြောသည်။

တပ်မတော်ဘက်က ဖောင်းပြင်၊ ခန္တီးနှင့် ဗန်းမောက်ဘက်က တပ်ရင်းများဖြင့် ချောင်းကြီးနယ်တဝိုက်တွင် အင်အားများ ထပ်မံဖြည့်တင်းထားသည်ဟု ဗိုလ်မှူးကြီးဆေစိုင်းထွန်းက ဆက်ပြောသည်။

“ဒီဧပြီလထဲမှာတော့ နှစ်ကြိမ်ပေါ့လေ။ ၁၇ ရက်နေ့နဲ့ ၁၈ ရက်နေ့က တစ်ကြိမ် နှစ်ကြိမ်ပါခင်ဗျ။ ဖြစ်တဲ့နေ ရာကတော့ ကျေးရွာတွေနဲ့ အနည်းဆုံး နှစ်နာရီခွဲလောက် ဝေးပါတယ်။ အဓိကတော့ ဟုမ္မလင်း အခြေဆိုက် ခလရ (နှစ်သုံးလုံး) ၂၂၂ နဲ့ ဖြစ်တာပါ။ ကျန်တဲ့တပ်တွေကတော့ ဖောင်းပြင်တပ်၊ ခန္တီးတပ်တွေကတော့ အင်အားဖြည့်ထားတာတော့ ရှိတယ်။ အဓိက တိုက်ပွဲဖြစ်ရတာကတော့ ကျနော်တို့ SNA မူမှာလည်းပါတယ်။ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးပေါ့၊ အဲမှာ မူးယစ်ဆေးဝါးရောင်းဝယ်တာတွေ ဖမ်းဆီးအရေးယူတာ၊ အပြစ် ပေးတာ၊ အရေးယူတာတွေ လုပ်နေတော့ အဲကနေ စဖြစ်တာပေါ့။”

SNA နှင့် တပ်မတော်ကြား စစ်ရေးတင်းမာမှုများ၊ တိုက်ပွဲအခြေအနေများနှင့်ပတ်သက်၍ တပ်မတော်သတင်းမှန်ပြန်ကြားရေးမှ တာဝန်ရှိသူများထံ ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်၍ မရခဲ့ပေ။

SNA ကို ကချင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်းအထက်ပိုင်းရှိ ရှမ်းနီလူငယ်များက  ၁၉၈၉ ဇူလိုင် ၅ ရက်တွင် ဖွဲ့စည်းထားခြင်းဖြစ်ပြီး ရှမ်းနီပြည်ရရှိရေး၊ မူးယစ်ဆေးဝါးတိုက်ဖျက်ရေး၊ စစ်မှန်သော ဖက်ဒရယ် ပြည်ထောင်စု ထူထောင်နိုင်ရေး၊ ရှမ်းနီဒေသဖွံ့ဖြိုးတိုးတက်ရေး၊ ရှမ်းမျိုးနွယ်စုများအားလုံး စည်းလုံးညီညွတ်မှုရရှိရေးနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရေး စသည့် မူများ ချမှတ်ဖော်ဆောင်လျက်ရှိသည်ဟု ဆိုသည်။

Most read this week

February 11, 2026
စစ်ကော်မရှင်၏ အတုအယောင်ရွေးကောက်ပွဲသည် စစ်ရာဇဝတ်မှုများ ဆက်လက်ကျူးလွန်ရန် လမ်းဖွင့်ပေး...
February 10, 2026
စစ်ကော်မရှင်က ကျင်းပသည့် အထွေထွေ ရွေးကောက်ပွဲ အပိုင်း ၃ ပိုင်း အပြီးတွင် ပြည်ထောင်စု...
February 9, 2026
အမေရိကန်သမ္မတ အတည်ပြုလိုက်သည့် Burma Act ရန်ပုံငွေ ဒေါ်လာ ၁၂၁ သန်းကို စစ်ကော်မရှင်လက်သို့...
February 7, 2026
ဒေါ်အောင်ဆန်းစုကြည်၏ ဝမ်းကွဲ အကို၊ ဗိုလ်ချုပ်အောင်ဆန်း၏ တူ၊ အာဇာနည် ခေါင်းဆောင်ကြီး ဦးဘဝင်း၏ သား...