ပငကျေးရွာတွင် ဖွင့်လှစ်မည့် CBFQ စခန်းကို ရွာသားများစိုးရိမ်မှုရှိသည့်အတွက် ကရုပ္ပိကျေးရွာသို့ပြောင်းရွှေ့

ပငကျေးရွာတွင် ဖွင့်လှစ်မည့် CBFQ စခန်းကို ရွာသားများစိုးရိမ်မှုရှိသည့်အတွက် ကရုပ္ပိကျေးရွာသို့ပြောင်းရွှေ့
ပငကျေးရွာ အထက်တန်းကျောင်း CBFQ စခန်း(MNA)
ပငကျေးရွာ အထက်တန်းကျောင်း CBFQ စခန်း(MNA)

ဝံသမွန် — မကြာမီ ထိုင်းနိုင်ငံမှ ပြန်ရောက်လာမည့် နယ်စုံမှ ပြည်တော်ပြန်များအတွက် သံဖြူဇရပ်မြို့နယ် ပငကျေးရွာတွင် Community Base Facilities Quarantine –CBFQ တစ်နေရာဖွင့်လှစ်မည့်အစီအစဉ်ကို ရွာသားများစိုးရိမ်မှုရှိသည့်အတွက် ကရုပ္ပိကျေးရွာသို့ ပြောင်းရွှေ့ဖွင့်လှစ်လိုက်ကြောင်း သတင်းရရှိသည်။

သံဖြူဇရပ်မြို့နယ် CBFQ စခန်းအတွက် မြို့ပေါ် ၂ နေရာ၊ ကျိုက္ခမီ၊ ကျုံကဒတ်နှင့် ပငကျေးရွာတို့တွင် ထားရှိမည်ဟု ဧပြီလ ၂၉ ရက်နေ့က မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးဌာနမှ စီစဉ်ထားသည်ကို ဒေသခံများစိုးရိမ်ပြီး ကန့်ကွက်နေသည့်အတွက် ကရုပ္ပိကျေးရွာသို့ ပြောင်းရွှေ့ဖွင့်လှစ်လိုက်ရကြောင်း ပငလူမှုအကျိုးဆောင်အဖွဲ့ဝင် မင်းထူးက မွန်သတင်းအေဂျင်စီသို့ ပြောသည်။

“ကရုပ္ပိမှာပြောင်းဖွင့်မယ်ဆိုတာ အတည်ပြုလိုက်ပြီ ဘာဖြစ်လို့လဲဆိုတော့ ဒီက ခုံတွေ၊ ဖြန်းဆေးတွေ၊ အကုန်လုံးသယ်သွားကြပြီလေ၊ ပင အုပ်ချုပ်ရေးမှူးနဲ့ မြို့နယ်ထွေအုပ်တို့က ကရုပ္ပိရွာသွားပြီး သူတို့ စီစဉ်နေကြပြီဆိုတော့ ဟိုမှပြောင်းပြီး ထားမယ်ဆိုတာ သေချာသွားပြီ” ဟု မင်းထူးက ဆိုသည်။

မိမိတို့ဒေသခံများမဟုတ်ဘဲ နယ်စုံမှရောက်ရှိလာမည့် ပြည်တော်ပြန်များ ၂၁ ရက်ကြနေထိုင်မည့် CBFQ စခန်းဖြစ်သည့်အတွက် ထိုအထဲတွင် ရောဂါပိုးရှိသူတစ်ဦးတွေ့ရှိမိပါက ကျေးရွာ  Lockdown ချခံရမည်ကို ရွာသားများက အလွန်စိုးရိမ်နေကြောင်း၊ ယခင်ပငကျေးရွာ အထက၌ ဖွင့်လှစ်ခဲ့သည့် CBFQ စခန်းသည်လည်း ၂၁ ရက်ပြည့်ပြီဖြစ်သည့်အတွက်  မိမိရွာသားပြန်တော်ပြန်များအား နေအိမ်အသီးသီးသို့ပြန်စေခဲ့ပြီး ပငကျေးရွာ Covid19

ကာကွယ်တားဆီးရေး ယာယီကော်မတီကိုလည်း ခေတ္တရပ်နားလိုက်ကြောင်း ၎င်းကပြောသည်။

သို့ရာတွင် CBFQ တွင်နေထိုင်သည့်သူတွေထဲ  ပိုးရှိလူနာတွေ့ရှိပါက ထို CBFQ နေရာတွင်သာ Lockdown  ချပြီး အသွားအလာကန့်သတ်မှာဖြစ်ကာ ကျေးရွာကို Lockdown ချစရာမလိုဘူးဟု သံဖြူဇရပ်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဉာဏ်ဟိန်းက ပြောသည်။

“တကယ်လို့ အဲ့ဒီ Quarantine မှာရှိတဲ့သူတွေထဲက တစ်ယောက်ယောက်ပိုးရှိမယ်ဆိုရင် Quarantine နေရာကိုပဲ Lockdown  ချရမယ်လေ၊ ကျေးရွာကိုချစရာမလိုဘူး၊ တကယ်လို့ ကျေးရွာထဲက ရပ်ကွက်တစ်ခုခုမှာ ပိုးရှိလူနာတွေ့ရပြီ ဆိုရင်လဲ အဲဒီပိုးတွေ့လူနာနေတဲ့ရပ်ကွက်ကိုပဲ Lockdown  ချရမယ်၊ လူနာနဲ့ ထိတွေ့တဲ့လူတွေကို အသွားအလာကန့်သတ်မယ်ဒါပဲရှိတယ်၊ တစ်ရွာလုံး Lockdown  ချစရာမလိုဘူး၊  တစ်ချို့လူတွေက တွေးကြောက်နေကြတာဆိုတော့ ဘယ်လိုမှ ပြောလို့မရဘူးဖြစ်နေတယ်” ဟု ဦးဉာဏ်ဟိန်းက ဆိုသည်။

မွန်ပြည်နယ်အတွင်း ထိုင်းမှပြန်ရောက်လာမည့် ပြည်တော်ပြန်ဦးရေ တစ်သောင်းကျော်အတွက် Community Base Facilities Quarantine  နေရာ စီစဉ်ထားပြီးဖြစ်ကြောင်း ပြီးခဲ့သည့် ဧပြီလ ၁၈ ရက်နေ့တွင်  မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံက မီဒီယာများကို ပြောကြားခဲ့သည်။

April 1, 2026
စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ဒေသဖွံ့ဖြိုးရေးဟုဆိုကာ ဒေသခံပြည်သူလူထု၏ အသံနှင့် သဘာဝပတ်ဝန်းကျင်...
April 1, 2026
မွန်ပြည်နယ်၊ ပေါင်မြို့နယ်အတွင်းက သီးနှံစိုက်တောင်သူများ လုပ်ငန်းသုံး ရေတင်စက်များဖြင့် တန်းစီ...
March 31, 2026
တစ်လကျော်ကြာ ပိတ်ထားသည့် အမှတ် ၈ ပြည်ထောင်စုလမ်းမကြီး မြိတ်-ထားဝယ်ကားလမ်းပိုင်းကို မတ်လ ၂၇...
March 30, 2026
မွန်နှင့် ကရင်ပြည်နယ်အစပ် ဂျိုင်းမြစ်ဒေသတွင် စက်သုံးဆီ တစ်ဂါလံ ကျပ်ခုနှစ်သောင်းကျော်အထိ...