ချင်းမိုင်အနီး ဆင်စခန်းလုပ်သား မြန်မာများ အခက်တွေ့နေ

ချင်းမိုင်အနီး ဆင်စခန်းလုပ်သား မြန်မာများ အခက်တွေ့နေ

COVID-19 ကူးစက်မြန်ရောဂါကြောင့် ထိုင်းနိုင်ငံ ချင်းမိုင်မြို့အနီး ဆင်စခန်းများ ပိတ်ထားရသဖြင့် အဆိုပါစခန်းများရှိ မြန်မာအလုပ်သမားများ အခက်အခဲများနှင့် ကြုံနေကြရသည်။

၎င်းတို့မှာ အလုပ်ရပ်နားခံရမှု၊ လစာငွေအပြည့်အ၀မရရှိမှုနှင့် စခန်းအဝင်အထွက်ကိုလည်း သွားလာခွင့်ကန့်သတ်ထားမှုကြောင့် စားသောက်နေထိုင်ရေး အခက်ကြုံနေကြရသည်ဟု ပြောပြကြသည်။

ထိုင်းနိုင်ငံအတွင်း ကိုရိုနာဗိုင်းရပ်စ် COVID 19 စတင်ဖြစ်ပွားခဲ့ပြီးနောက်ပိုင်း နိုင်ငံခြားသား ခရီးသွား ဧည့်သည်များ လာရောက်လည်ပတ်မှု မရှိသလောက် ဖြစ်သွားခဲ့ပြီး ဆင်စခန်းများကိုလည်း ယာယီ ပိတ်ထားလိုက်ရသည်။

မယ့်တဲန် (Mae Tang) ဆင်စခန်းမှ ဒေါ်နဲနယ်က “ဒီမှာ ဆင်ထိန်းတောင်မှ တစ်ရက် ၁၀၀ ပဲရတယ်၊ အဲဒါ တချို့ မိန်းခလေးတွေဆို အလုပ်မရှိဘူး၊ လုံး၀ အလုပ်မရှိတဲ့လူ မရှိဘူးပေါ့။ နောက် အပြင်ထွက်လို့လည်း မရဘူး၊ ဥက္ကဋ္ဌတွေလည်း မပေးထွက်ဘူး၊ သူများ ဝင်ရင်လည်း မပေးဝင်ဘူး၊ ထွက်လည်း မပေးထွက်ဘူး အဲလိုမျိုး”ဟု ပြောသည်။

အမျိုးသားများက ဆင်ထိန်းအဖြစ် လုပ်ကိုင်ကြပြီး အမျိုးသမီးများက မီးဖိုဆောင်၊ သန့်ရှင်းရေး လုပ်ငန်းများ လုပ်ကိုင်ကြသည်။အလုပ်သမား စုစုပေါင်း ၂၀၀ ခန့် ရှိသည်ဟုလည်း ကာယကံရှင်များက ပြောသည်။

လတ်တလော ဝင်ငွေနှင့် ပတ်သက်၍ “ ၁၀၀ ပဲ။ တကယ်လို့ တစ်အိမ်ထောင်စုမှာ လူ ၅ ယောက်ရှိတယ်၊ သားသမီး ၅ ယောက်ရှိတယ်၊ ထားလိုက်တော့၊ သူ့ရဲ့ အဖေက ၁၀၀ ပဲ ရမယ်။ အဲ့တစ်ရက်က မစားလောက်ဘူး။ ၁၀၀ ဆိုလို့ရှိရင် ကလေး မုန့်ဖိုးလား၊ ဟင်းဖိုးလား၊ ထမင်းဖိုးလား။ အဲ့လိုမျိုးပေါ့၊ စားမလောက်ဘူး” ဟု ဆက်ပြောသည်။

ယခင် နိုင်ငံခြားခရီးသွားများ ရှိစဉ်က အလုပ်သမားများမှာ တရက်လျှင် လုပ်အားခ အဖြစ် ဘတ် ၂၀၀ ရရှိပြီး ဧည့်သည်များမှ ဆုကြေးပေးငွေများရှိသဖြင့် လောက်ငှကြသည်ဟု ပြောသည်။

ထို့အတူ ပန်ချန့် ချုပ်ချိုင်း ဆင်စခန်း မှာလည်း အလုပ်ရပ်နားခံရသူတွေ အများအပြားရှိပြီး နေရပ်ပြန်မရ ဖြစ်နေသောကြောင့် စားသောက်နေထိုင်ရေး အခက်ကြုံနေကြရသည်ဟုလည်း ဒေါ်ဝင်းဝင်းမာ က ပြောသည်။

"ဆင် အကောင် လေးငါးဆယ် ရှိရတာကို ဆယ်ယောက်ပဲ သူဌေးက ခေါ်တော့တယ်လေ၊ ကျန်တဲ့လူတွေကို သူဌေးက မခေါ်တော့ဘူး၊ မခေါ်တော့ ပြန်မယ်ဆိုလည်း လမ်းကပိတ်၊ စားစရာလည်းမရှိဘူး၊ နေစရာလည်း မရှိဘူး/ အဲ့လို ဖြစ်နေတယ်ပေါ့နော်၊ ဒါပေမယ့် နေတာကတော့ ဒီမှာရှိတဲ့လူတွေနားမှာသူတို့ ကပ်နေလို့ ရနေသေးတယ်၊ စားတာလည်း ရှိတဲ့သူတွေနဲ့ ကပ်စားကြတယ်ပေါ့၊ အဲ့လိုမျိုး၊ သူတို့ကိုက ထုတ်လိုက်ပြီဆိုတော့ လစာ မပေးတော့ဘူးပေါ့၊ တချို့လည်း လက်မှတ်ရှိကြတယ်။ တချို့လည်း လက်မှတ် မရှိဘူးပေါ့ အဲ့လိုမျိုး"

ဤ ပန်ချန့် ချုပ်ချိုင်း ဆင်စခန်း တွင် မြန်မာနိုင်ငံ ကရင်နှင့်ကယားပြည်နယ်များမှ ရွှေ့ပြောင်းအလုပ်သမား ၁၀၀ ခန့် ဝင်ရောက်လုပ်ကိုင်နေကြသည်။

ထိုင်းနိုင်ငံအတွင်း ကိုရိုနာဗိုင်းရပ်စ် Covid 19 ဖြစ်ပွားမှု များလာပြီးနောက် ထိုင်းအစိုးရက ကန့်သတ်မှုများ စတင်ခဲ့ချိန်ကစပြီး အလုပ်ရပ်နားခံလိုက်ရသည်မှာ ၂ လခန့် ရှိသွားပြီဖြစ်ကြောင်း အလုပ်သမားများက ပြောသည်။

အလုပ်ရပ်နားခံလိုက်ရချိန်တွင် ပဒေါင်ယဉ်ကျေးမှုအဖွဲ့များ၊ အချို့ဆင်ထိန်းသမားများနှင့် အမျိုးသမီးအချို့နေရပ်ပြန်သွားခဲ့ကြသော်လည်း ကျန်ရှိနေသူများမှာ နေထိုင်ရာ ရပ်ကွက်၊ ကျေးရွာအတွင်း ကန့်သတ်ထားမှုများကြောင့် ရိက္ခာအခက်အခဲဖြစ်နေကြသည်။

ချင်းမိုင်အခြေစိုက် မြန်မာကောင်စစ်ဝန်ရုံးသို့ ဆင်သမားများကိစ္စ အကြောင်းကြားမလာသေးကြောင်း ကောင်စစ်ဝန်ရုံး၊ အလုပ်သမားသံအရာရှိ ဦးဇော်မင်းထွေးက ပြောသည်။

"အခုလောလောဆယ်တော့ သူတို့ကျနော့်ကို ဆက်သွယ်ပြီး တိုင်ကြားလာတာမျိုးတော့ မကြားရသေးဘူးဗျ ၊ ဒါပေမယ့် အခု လောလောဆယ် သွားလာ ကန့်သတ်တာကတော့ ထိုင်းနိုင်ငံထဲ အကုန် ကန့်သတ်ထားတယ်ဆိုတော့လေ။ ပြန်မရတဲ့ဇာတ်လမ်းကတော့ သူတို့ ဒီဖက်က ခွင့်ပြုမှပဲ ပြန်လို့ရမည့် ပုံစံမျိုးပေါ့နော်၊ ကျနော်တို့က အခက်အခဲ ဖြစ်တယ်ဆိုရင်တော့ ဥပဒေ နဲ့အညီ အခွင့်အရေး ရအောင်တော့ ကူညီရမှာပေါ့။ အခု သူတို့ကို အကူအညီတောင်းခံတာမျိုးတွေတော့ ကျနော့်ကို မရှိသေးဘူး၊ ရှိရင်တော့ ကျနော် သွားကူညီမှာပါ။"

ချင်းမိုင်မြို့ အနီးတဝိုက်တွင် နိုင်ငံခြားသား ခရီးသွားဧည့်သည်များကို အဓိကထား ပြသနေသည့် ဆင်စခန်းများအဖြစ် မယ့်တဲန်၊ မယ့်တမန်၊ မယ့်ကေ့ဒ်၊ ပါမယ်ဒဲ၊ မယ့်ဆာ စသော ဆင်စခန်း ၁၀ ခုကျော် ရှိပြီး အဆိုပါ ဆင်စခန်းများတွင် မြန်မာရွှေ့ပြောင်းအလုပ်သမား ၁၀၀၀ နီးပါး အလုပ်လုပ်ကိုင်နေခဲ့ကြသည်။

ချင်းမိုင်ခရိုင်တွင် တရားဝင် မှတ်ပုံတင်ထားသည့် မြန်မာရွှေ့ပြောင်းအလုပ်သမား ၁၉၉၀၀၀ ကျော် ရှိကြောင်း အလုပ်သမားအရေး ကူညီဆောင်ရွက်နေသည့် အဖွဲ့အစည်းများက ပြောသည်။

Most read this week

February 11, 2026
စစ်ကော်မရှင်၏ အတုအယောင်ရွေးကောက်ပွဲသည် စစ်ရာဇဝတ်မှုများ ဆက်လက်ကျူးလွန်ရန် လမ်းဖွင့်ပေး...
February 10, 2026
စစ်ကော်မရှင်က ကျင်းပသည့် အထွေထွေ ရွေးကောက်ပွဲ အပိုင်း ၃ ပိုင်း အပြီးတွင် ပြည်ထောင်စု...
February 9, 2026
အမေရိကန်သမ္မတ အတည်ပြုလိုက်သည့် Burma Act ရန်ပုံငွေ ဒေါ်လာ ၁၂၁ သန်းကို စစ်ကော်မရှင်လက်သို့...
February 7, 2026
ဒေါ်အောင်ဆန်းစုကြည်၏ ဝမ်းကွဲ အကို၊ ဗိုလ်ချုပ်အောင်ဆန်း၏ တူ၊ အာဇာနည် ခေါင်းဆောင်ကြီး ဦးဘဝင်း၏ သား...