ဘုရားသုံးဆူမြို့ထဲ အဝင်မခံသဖြင့် ရာဘာခြံများတွင် သောင်တင်နေသည့် ထိုင်းပြန် ၂၀ ကျော်ကို ခြံရှင်များ မောင်းထုတ်

ဘုရားသုံးဆူမြို့ထဲ အဝင်မခံသဖြင့် ရာဘာခြံများတွင် သောင်တင်နေသည့် ထိုင်းပြန် ၂၀ ကျော်ကို ခြံရှင်များ မောင်းထုတ်

ထိုင်းနိုင်ငံမှ ကရင်ပြည်နယ် ဘုရားသုံးဆူမြို့အနီးသို့ တရားမဝင်လမ်းကြောင်းကတဆင့် ပြန်ရောက်လာသော ထိုင်းပြန် ၂၀ ကျော်ကို မြို့ထဲ အဝင်မခံသဖြင့် ရာဘာခြံများ၌ သောင်တင်နေရာ ခြံပိုင်ရှင်များက ဧပြီ ၁၈နံနက်ပိုင်းတွင်  လာရောက်မောင်းထုတ်ခဲ့ကြောင်း သတင်းရရှိသည်။

“မြို့ထဲအဝင်မခံလို့ ရာဘာခြံထဲမှာနေပါတယ်။ ၄ ညရှိပါပြီ၊ ဒီမှာမနေနဲ့ဆိုပြီး ခြံရှင်က လာမောင်းထုတ်တယ်၊ ကျနော်တို့မြို့ထဲ ဝင်ချင်တယ်၊ Quarantine ဝင်ရင်လည်း ဝင်မယ်၊ ရန်ကုန်၊ ဧရာဝတီတိုင်း၊ မကွေး၊ ပဲခူးတိုင်းနယ်စုံက ဗမာတွေပဲ၊ မိန်းခလေးတွေလည်းပါလာတယ်၊ အစားအသောက်နဲ့ သောက်ရေသန့်တွေကို ဘုရားသုံးဆူ လူမှုရေးအသင်းအဖွဲ့တွေက လာထောက်ပံ့ပေးနေတယ်” ဟု ထိုင်း-လာအိုနယ်စပ်မှပြန်လာသူ ကိုမြင့်မောင်က မွန်သတင်းအေဂျင်စီသို့ ပြောသည်။

၎င်းတို့သည် ထိုင်းနိုင်ငံအတွင်း မတူညီသည့်ဒေသအသီးသီးမှ အဆင်ပြေရာမော်တော်ယာဉ်လိုင်းကားများ အဆင့်ဆင့်လိုက်ပါစီးနင်းခဲ့ပြီး ဘုရားသုံးဆူအနီးရောက်ရှိလာမှသာ ပြည်တော်ပြန်ကြမည့် ဘဝတူထိုင်းပြန်များ ၁၆ ယောက် လာရောက်ဆုံတွေ့ကြခြင်းဖြစ်သည်ဟု ဆိုသည်။

သို့ရာတွင် နွေရာသီအတွင်းရာဘာခြံများ၌ မကြာခဏဖြစ်ပေါ်တတ်သော မီးဘေးအန္တရာယ်၊ မလိုလားအပ်သောရာဇဝတ်မှုခင်းများနှင့် သက်ဆိုင်ရာအာဏာပိုင်များ ခေါ်ယူစစ်ဆေးမှု စသည့်အရှုပ်အရှင်းများ မပေါ်ပေါက်စေလို၍ လူစိမ်းများကို မိမိတို့ခြံမြေတွင် ခိုလှုံခွင့် မပေးလိုကြောင်း ဒေသခံခြံပိုင်ရှင်များက မွန်သတင်းအေဂျင်စီသို့ ဆက်သွယ်ပြောကြားခဲ့သည်။

အလားတူ မြဝတီမြို့သို့ပြန်မည့် ကိုထွန်းထွန်းက “ အေပြီ ၁၅ ရက်ဆိုရင်ပြန်လို့ရပြီလို့ ပထမပြောထားတယ်၊ မဲဆောက်ဘက်ပိတ်ထားတော့ ဘုရားသုံးဆူလမ်းဘက်ပြန်တာပေါ့၊ ဒီရောက်တော့ လကုန်မှပြန်လို့ရမယ်လို့ သိရတယ်၊ ဘာပဲပြောပြော အိမ်အမြန်ပြန်ရောက်ချင်တယ်” ဟု ပြောသည်။

၎င်းတို့ထိုင်းပြန် ၆ ဦးပါအဖွဲ့သည် ကြံတောရွာ ဘိုးဘိုးနတ်စင်အနီး ဖျာတစ်ချပ်ပေါ် စခန်းချနေသည်မှာ ၅ ညရှိပြီး ဘုရားသုံးဆူမှ လူမှုရေးအသင်းအဖွဲ့တို့က သောက်ရေသန့်နှင့် ထမင်းဟင်းများ ဝေငှပေးခဲ့သည်ဟု ဆိုသည်။

ထိုင်းပြန်များကို လိုက်လံကူညီပေးနေသူ ဘုရားသုံးဆူ လူမှုရေးအသင်းမှ ဦးအောင်စိုးက “ သူတို့တစ်တွေကို ဘုရားသုံးဆူမြို့က စစ်ဆေးရေးစခန်းတွေမှာ ပြန်လည်စိစစ်ပြီးတော့ ပြည်နယ်အစိုးရရဲ့လမ်းညွှန်မှုနဲ့အတူ သူတို့ကို မြန်မာပြည်ထဲ ရွှေ့ပြောင်းစေချင်ပါတယ်၊ ဒီမှာဆိုလို့ရှိရင်သူတို့အတွက် ဆိုးဝါးတဲ့ရလဒ်၊ လက္ခဏာများသာ ရရှိမှာပါ”ဟု ဆိုသည်။

လက်ရှိသောင်တင်လျက်ရှိသော ထိုင်းပြန်များကို ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးရှိ Quarantine စခန်းများသို့ ပြောင်းရွှေ့ပေးနိုင်ရန် နယ်မြေခံလွှတ်တော်ကိုယ်စားလှယ်များက သက်ဆိုင်ရာအစိုးရဌာနများနှင့် ဆက်သွယ်ညှိနှိုင်းဆောင်ရွက်လျက်ရှိပြီး မကြာမီရွှေ့ပြောင်းနိုင်လိမ့်မည်ဟုယူဆကြောင်း ဦးအောင်စိုးက ဆက်ပြောသည်။

ထို့အတူ လွန်ခဲ့သည့် သီတင်းပတ်အတွင်း မွန်ပြည်သစ်ပါတီ ထိန်းချုပ်နယ်မြေ ဂျပန်ရေတွင်းနှင့် ကြံတောရွာတို့တွင် ၄ ညကြာမျှသောင်တင်ခဲ့သော ထိုင်းပြန် ၁၄၂ ဦးတို့ကို အေပြီလ ၁၂ ရက်နေ့က ကြာအင်းဆိပ်ကြီးနှင့် မွန်ပြည်နယ် Quarantine စခန်းများသို့ နယ်မြေခံလွှတ်တော်ကိုယ်စားလှယ်များက လွှဲပြောင်းပို့ဆောင်ပေးခဲ့ပြီး ဖြစ်သည်။

မွန်ပြည်သစ်ပါတီအနေဖြင့် Covid 19 ရောဂါထိန်းချုပ်ကာလအတွင်း ထိုင်းနိုင်ငံမှ နေရပ်ပြန်သူများအနေဖြင့် ဂျပန်ရေတွင်းနှင့် ကြံတောရွာ ဝင်ရောက်ဖြတ်သန်းခွင့်ကို ပိတ်ပင်တားမြစ်ထားပြီး လိုက်လံပို့ဆောင်ပေးသူပွဲစားများအား ပြင်းထန်စွာအရေးယူသွားမည်ဖြစ်ကြောင်း အမိန့်စာတစ်စောင် ထုတ်ပြန်ခဲ့သည်။

December 19, 2025
တနင်္သာရီတိုင်း၊ မြိတ်ထားဝယ်ခရိုင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်ရင်း ၁၂ က...
December 18, 2025
တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်ရှိ စစ်ကော်မရှင် ဌာနဆိုင်ရာရုံးများကို တော်လှန်ရေး...
Photo credit - social media
December 17, 2025
မွန်ပြည်နယ်မှာ စစ်မှုထမ်းဥပဒေအရဟုဆိုကာ လူငယ်များအား အဓမ္မတပ်သားသစ်စုဆောင်း၍ သင်တန်းပေးနေသည်မှာ...
Photo credit - CJ
December 16, 2025
ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ ဂျိုင်းမြစ်အတွင်း စစ်ကော်မရှင်အဖွဲ့၏ ပစ်ခတ်ခံရမှုကြောင့် ရေထဲမျောပါ...