ကချင်ပြည်နယ် မြစ်ကြီးနားမြို့ မန်ခိန်ရပ်ကွက်တွင် Covid-19 လူနာအမှတ် ၆၃ နှင့် ထိစပ်မှုရှိသည် ဆိုသူတစ်ဦးကို နေအိမ်စောင့်ကြည့်မှု (Home Quarantine) လုပ်ဆောင်ထားသည်ဟု သိရသည်။
“သူက ရန်ကုန်ကနေ ပြန်လာတယ်။ ရန်ကုန် ပုလဲက ပြန်လာတာပါ။ သူ ပြန်လာတာက (ဧပြီ) ၂ ရက်နေ့ မြစ်ကြီးနားကို ရောက်တာ။ ဒါပေမဲ့ သူက ၁၀ ရက်နေ့မှ ရပ်ကွက်အုပ်ချုပ်ရေးမှူးကို အကြောင်းကြားလာတယ်။ သတင်းပို့ပေးလာတာ။ ပို့ပို့ချင်းတော့ ကျနော်တို့က ကျန်းမာရေးအရ အဖျားသွား တိုင်းတာတယ်။ စစ်ဆေးတာတွေ လုပ်တယ်။ မေးမြန်းစရာရှိတာတွေ သွား မေးမြန်းတယ်။ ဒီနေ့အချိန်ထိကတော့ သူ့ရဲ့ ကျန်းမာရေး အခြေအနေကတော့ ကောင်းတာပေါ့။ လုံးလုံး ကောင်းပါတယ်။ သူ့မိသားစုကိုတော့ အောက်မှာ နေခိုင်းတယ်။ သူ့ကိုတော့ အပေါ်မှာ သီးသန့်အခန်းနဲ့ ထားတယ်။ အိမ်မှာပဲ Home Quarantine လုပ်ထားတာပေါ့”ဟု ဟု မန်ခိန်ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးလီဆီးစိုက်က ပြောသည်။
စောင့်ကြည့်ခံရသူမှာ လက်ရှိ ကျန်းမာရေးအခြေအနေ ကောင်းမွန်နေသဖြင့် ဓါတ်ခွဲခန်းပို့ ဆေးစစ်မှုကိုမူ လုပ်ဆောင်ဦးမည် မဟုတ်ကြောင်း၊ လက်ရှိအခြေအနေနှင့် ကျန်းမာရေးအနေအထားကို အထူး စောင့်ကြည့်သွားမည်ဖြစ်ကြောင်း မန်ခိန်အုပ်ချုပ်ရေးမှူးက ပြောသည်။
စောင့်ကြည့်ခံရသူမှာ မန်ခိန်ရပ်ကွက် အုပ်စု ၄ နေ လူလတ်ပိုင်းအရွယ် အမျိုးသမီးတစ်ဦးဖြစ်ကြောင်း၊ လူနာအမှတ် ၆၃ မှာ လူအများအပြားကို ရောဂါပိုးကူးစက်စေခဲ့သည့် လူနာအမှတ် ၂၄ နှင့် ထိစပ်ခဲ့သူဖြစ်ပြီး လူနာအမှတ် ၂၄ စင်ကာပူမှ ရောက်လာချိန်တွင် တွေ့ဆုံခဲ့သူလည်း ဖြစ်ကြောင်း သိရသည်။
မန်ခိန်ရက်ကွက်ဈေးမှ ဈေးသည် ဒေါ်အဆီးမီးက “အဲဒီလူ ဈေးလာတာ တွေ့တယ်၊ ဒီရက်ပိုင်းမှာပဲ။ အခု အဲလို ဆက်စပ်တယ်ဆိုတဲ့ သတင်းကြားတော့ ကျမတို့လည်း ကြောက်တာပေါ့နော်။ သူက ရောက်ရောက်ချင်း ရုံးကို အကြောင်းမကြားတာကို အံ့သြတယ်။ သူက မကြောက်ပေမယ့် ကျမတို့က ကြောက်တယ်လေနော်”ဟု ပြောသည်။
မန်ခိန်ရပ်ကွက်နေ မနူးနူးကလည်း “တကယ်ဆို သူ့ကို အိမ်မှာ Home Quarantine လုပ်တာမျိုး ကျမအနေနဲ့ သိပ်ပြီး သဘောမကျဘူး။ ဖြစ်နိုင်မယ်ဆိုရင်တော့ ဆေးရုံမှာ၊ အစိုးရက သတ်မှတ်ထားတဲ့ နေရာတခုခုမှာ Quarantine လုပ်တာမျိုး ဖြစ်စေချင်တယ်” ဟု ပြောသည်။
ရန်ကုန်မှ ပြန်ရောက်လာသူ တစ်ဦးအနေဖြင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးသို့ နောက်ကျမှ အကြောင်းကြားသည့်အပေါ် ကာယကံရှင်အနေဖြင့် သူ့ကိုယ်သူအပါအဝင် မိသားစုအတွက်၊ ရပ်ကွက်အတွက်၊ မြစ်ကြီးနားမြို့ခံလူထုအတွက် တာဝန်ယူမှု ရှိစွာ ပြန်ရောက်ရောက်ချင်း အကြောင်းကြားခဲ့သင့်ကြောင်း မနူးနူးက ဝေဖန်ထောက်ပြသည်။
မန်ခိန်ရပ်ကွက်တွင် ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ရေးဆိုင်ရာ အသိပေးချက်များကို ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးက အသံချဲ့စက်များဖြင့် ကြေညာပေးနေကြောင်း ရပ်ကွက်နေ ဒေသခံများက ပြောသည်။ ကြေညာချက်များထဲတွင် ရပ်ကွက်အတွင်း ဧည့်သည်အဝင်အထွက်ရှိပါက လက်ခံခြင်း မရှိစေဘဲ သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးသို့ သတင်းပို့ရန်အချက်ကိုလည်း ထည့်သွင်းအသိပေးထားပြီး မလိုက်နာပါက ဧပြီ ၁၆ ရက်နေ့ကစ၍ တည်ဆဲဥပဒေနှင့်အညီ အရေးယူမည်ဖြစ်ကြောင်း သတိပေးထားခဲ့သည်ဟု သိရသည်။
မြန်မာနိုင်ငံမှာ ဧပြီ ၁၆ ရက်ထိ တရားဝင်ထုတ်ပြန်ချက်များအရ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ၈၅ ဦး ရှိပြီး သေဆုံးသူ ၄ ဦးနှင့် ပိုးတွေ့ပြီး ပြန်သက်သာလာသူ ၂ ဦး ရှိပြီ ဖြစ်သည်။







