ရှမ်းမြောက်တွင် မိသားစု ၅ ဦး သေနတ်ဒဏ်ရာဖြင့် သေဆုံးနေ

ရှမ်းမြောက်တွင် မိသားစု ၅ ဦး သေနတ်ဒဏ်ရာဖြင့် သေဆုံးနေ

ရှမ်းပြည်နယ်မြောက်ပိုင်း သီပေါမြို့နယ်တွင် သေနတ်ဒဏ်ရာများဖြင့် သေဆုံးနေသည့် မိသားစုတစ်စု၏ ရုပ်အလောင်းများ တွေ့ရှိခဲ့ရကြောင်း သိရသည်။

ရဲစခန်းမှ အကြောင်းကြားလာသည့်အတွက် အလောင်းများကို ကုံးမုံရွာအနီး ပြည်ထောင်စု ကားလမ်းမကြီးမှ ၆ မိုင်ခန့်အကွာ တောတွင်းတစ်နေရာတွင်  သွားရောက်သယ်ယူခဲ့သည်ဟု သီပေါမြို့ နယ်စည်းမခြား ပရဟိတအဖွဲ့မှ ကိုမျိုးက ဧပြီလ ၉ ရက်တွင် ပြောသည်။ ၁၂ နှစ် အရွယ် ယောကျ်ားလေးတစ်ဦး၊ အမျိုးသား ၂ ဦး၊ အမျိုးသမီး ၂ ဦးတို့ဖြစ်သည်ဟု  ဆိုသည်။

“ကုံးမုံကျေးရွာရဲ့ အနောက်ဖက်ပေါ့၊ ၅ မိုင်ကျော် ၆ မိုင် လောက်နီးပါးရှိတဲ့ တောထဲမှာ မိသားစု ၅ ဦး သေနတ်ဒဏ်ရာနဲ့ သေဆုံးနေတာပေါ့။ ကလေးတစ်ယောက် ပါတယ်။ သေဆုံးနေတာကို အဲဒါကို ကျနော်တို့က သယ်ပြီးမှ သီပေါဆေးရုံကို ပို့ပေးတာပေါ့နော်”ဟု ကိုမျိုးက ပြောသည်။

သေဆုံးသူများမှာ မည်သူမည်ဝါ ဖြစ်သည်ကို မသိရှိရသေးဟု ကိုမျိုးက ပြောသည်။  သီပေါမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် ပထမလေးလအတွင်း သေနတ်ဒဏ်ရာများဖြင့် သေဆုံးသူ “ဒါနဲ့ ဆိုတော့ ၁၃ ယောက်ရှိပြီပေါ့” ဟု ကိုမျိုးက ပြောသည်။

ဇန္နဝါရီလအတွင်းကလည်း အဆိုပါဒေသတွင် သေနတ်ဒဏ်ရာများဖြင့် သေဆုံးသူ ၅ ဦးရှိခဲ့သည်ဟု ဒေသခံများက ဆိုသည်။

ရှမ်းပြည်နယ် မြောက်ပိုင်းတွင် တပ်မတော်အပါအဝင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းပေါင်းစုံနှင့် ပြည်သူ့စစ်များ သွားလာလှုပ်ရှားသည့် ဒေသဖြစ်သည့်အတွက် ဒေသခံများ သေနတ်ပစ်ခတ်ခံရပြီး သေဆုံးပါက တရားမျှတမှု ရရှိရန် အလွန်ခက်ခဲသည့် အနေအထားတွင် ရှိသည်ဟု တအာင်းအမျိုးသမီး အဖွဲ့အစည်း TWO က ပြောသည်။

 “မကြာခဏပဲ အခုလိုမျိုး လူသေ အလောင်းတွေ ပြီးတော့ မကြာခဏ အသတ်ခံရတယ်။ ဒါတွေက လက် သည် မပေါ်တဲ့ အရာတွေက မကြာခဏ တွေ့နေရတယ်။ သီပေါမှာလည်း ဖြစ်သလိုမျိုး ပြီးခဲ့တဲ့ နမ့်ခမ်းတို့ ဖက်မှာ လည်းပဲ မကြာခဏ ဖြစ်တယ်။ ဒါပေ မယ့် အခုအချိန်အထိ ဘယ်သူလုပ်မှန်းလည်း မသိဘူး။ အဲဒီသေဆုံးတဲ့ သူတွေ အတွက်လည်း တရားမျှတမှု အမှန်တရားဆိုတာ လုံး၀ မရှိတဲ့ အနေအထား ကျမတို့ တွေ့နေရတယ်” ဟု TWO မှ ပြောရေးဆိုခွင့်ရှိသူ လွေးချိဆငါးကပြောသည်။

ထို့သို့အနေအထားတွင် အစိုးရမှ ထိရောက်သည့် စုံစမ်းစစ်ဆေးမှုပုံစံဖြင့် အမှုမှန်ပေါ်ပေါက်သည့်အထိ လုပ်ဆောင်ပေးရန် လွေးချဆငါးက တောင်းဆိုသည်။

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ယခုကဲ့သို့ သေနတ်ဖြင့် ပစ်သတ်ခံရပြီး လက်သည်မပေါ်သည့်အတွက် အစိုးရက ထိရောက်စွာ ကိုင်တွယ်ပေးရန်နှင့် တရားမျှတပြီး ဥပဒေစိုးမိုးသည့် အနေအထားမျိုးရောက်အောင် လုပ်ဆောင်ပေးရန် ဒေသခံများက တောင်းဆိုသည်။

Most read this week

February 11, 2026
စစ်ကော်မရှင်၏ အတုအယောင်ရွေးကောက်ပွဲသည် စစ်ရာဇဝတ်မှုများ ဆက်လက်ကျူးလွန်ရန် လမ်းဖွင့်ပေး...
February 10, 2026
စစ်ကော်မရှင်က ကျင်းပသည့် အထွေထွေ ရွေးကောက်ပွဲ အပိုင်း ၃ ပိုင်း အပြီးတွင် ပြည်ထောင်စု...
February 9, 2026
အမေရိကန်သမ္မတ အတည်ပြုလိုက်သည့် Burma Act ရန်ပုံငွေ ဒေါ်လာ ၁၂၁ သန်းကို စစ်ကော်မရှင်လက်သို့...
February 7, 2026
ဒေါ်အောင်ဆန်းစုကြည်၏ ဝမ်းကွဲ အကို၊ ဗိုလ်ချုပ်အောင်ဆန်း၏ တူ၊ အာဇာနည် ခေါင်းဆောင်ကြီး ဦးဘဝင်း၏ သား...