မရှိမဖြစ်လုပ်ငန်းများမှလွဲ၍ နှစ်ပတ်ကြာ ယာယီပိတ်သိမ်းကြောင်း မန္တလေးတိုင်းဝန်ကြီးချုပ် တားမြစ်မိန့် ထုတ်ပြန်

မရှိမဖြစ်လုပ်ငန်းများမှလွဲ၍ နှစ်ပတ်ကြာ ယာယီပိတ်သိမ်းကြောင်း မန္တလေးတိုင်းဝန်ကြီးချုပ် တားမြစ်မိန့် ထုတ်ပြန်

မန္တလေးတိုင်းဒေသကြီးအတွင်း မရှိမဖြစ် လိုအပ်သော စားသောက်ကုန် ထုတ်လုပ်ရောင်းချသည့် လုပ်ငန်းများ၊ ဆေးဝါးထုတ်လုပ်ခြင်းနှင့် အရောင်းဆိုင်များ၊ ပုဂ္ဂလိကဆေးရုံများ၊ စက်သုံးဆီဆိုင်များ၊ လျှပ်စစ်ဓါတ်အားပေးရေးလုပ်ငန်းများ၊ ဘဏ်များ အစရှိသည့် လုပ်ငန်းများမှလွဲ၍ အခြားလုပ်ငန်းများအားလုံးကို ဧပြီ ၆ ရက်နေ့မှစတင်၍ နှစ်ပတ်ကြာ ယာယီပိတ်သိမ်းကြောင်း တိုင်းဝန်ကြီးချုပ်က ဧပြီ ၄  ရက်စွဲဖြင့် တားမြစ်မိန့် ထုတ်ပြန်လိုက်သည်။

ခွင့်ပြုသော လုပ်ငန်းများကို ဖွင့်လှစ်ခြင်းမပြုပါက ဥပဒေအရ အရေးယူခံရမည်ဖြစ်သလို ဟိုတယ်၊ မိုတယ်၊ တည်းခိုခန်း၊ Inn များ၊ ဆောက်လုပ်ရေးလုပ်ငန်းများနှင့် အဝတ်အထည်ဆိုင်များ စသည့်ကျန်လုပ်ငန်းများအားလုံး ဧပြီလ ၆ ရက် ညသန်းခေါင် ၁၂ နာရီအချိန်မှ ဧပြီလ ၂၁ ရက် ညသန်းခေါင်အချိန်ထိ ခေတ္တယာယီပိတ်သိမ်းထားရမည်ဖြစ်ကြောင်း၊ မလိုက်နာက ဥပဒေအရ အရေးယူခံရမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ပြောခွင့်ရပုဂ္ဂိုလ်အသစ် ဒေါက်တာသာထွန်းကျော်က “ပြည်သူတွေတကယ်လိုက်နာရမယ့်လုပ်ငန်းက မိမိတို့အိမ်မှာနေဖို့ပဲဖြစ်ပါတယ်။ အတတ်နိုင်ဆုံးအိမ်အပြင်ထွက်ပြီး ခရီးသွားလာခြင်းကိုရှောင်ရှားဖို့ဖြစ်ပါတယ်။ အပြင်လူတွေနဲ့မတွေ့ပါနဲ့၊ အဲဒီလိုလုပ်ချင်းသည် ရောဂါပိုးကူးစက်မှုကို ကာကွယ်တားဆီးရာရောက်ပါတယ်။ လူထုကို အဓိက ဒါလေးတိုက်တွန်းချင်ပါတယ်” ဟု Myanmar Now နှင့် အင်တာဗျူးတစ်ခုတွင် ပြောကြားခဲ့သည်။

ထို့အတူ မန္တလေးတိုင်းဒေသကြီးအတွင်းသို့ ကုန်စည်စီးဆင်းမှုအတွက် ဝင်ထွက်သွားလာနေသည့် ကုန်တင်ယာဉ်များနှင့် သာမန်အိမ်စီးကားများမှအပ ကျန်ရှိသောခရီးသည်တင်ယာဉ်လိုင်းများအားလုံး၊ ဘုရားဖူးယာဉ်များအားလုံး၊ အပန်းဖြေအလည်အပတ်ခရီးသွားယာဉ်များအားလုံးနှင့် ယာဉ်မောင်းအပါအဝင် ၇ ဦးထက်ပိုသော အိမ်စီးကားများအားလုံးကို တိုင်းဒေသကြီးအတွင်း ဝင်ထွက်သွားလာခွင့်ကိုလည်း အလားတူ  ၂ ပတ်ကြာ ခေတ္တပိတ်သိမ်းထားရမည်ဖြစ်သည်။

အလားတူ ရန်ကုန်တိုင်းဒေသကြီး၌ သင်္ကြန်ကာလ ပိတ်ရက်များဖြစ်သည့် ဧပြီ ၁၀ ရက်နေ့မှ ၁၉ ရက်နေ့အတွင်း ကျန်းမာရေးကိစ္စနှင့် အစားအသောက်ဝယ်ယူရေးကိစ္စမှအပ နေအိမ်မှ အပြင်မထွက်ရန် ရန်ကုန်တိုင်းအစိုးရအဖွဲ့၊ ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ကော်မတီက ကြေညာချက် ထုတ်ပြန်ထားပြီး ခရိုင်၊ မြို့နယ်အဆင့် လုပ်ငန်းကော်မတီများမှတဆင့် ပြည်သူအားလုံး သိရှိနိုင်ရန် ညွန်ကြားထားကြောင်း သတင်းရရှိသည်။

ထို့ပြင် သင်္ကြန်ရုံးပိတ်ရက်ကာလအတွင်း ပြည်ထောင်စုအဆင့်အဖွဲ့အစည်းများ၊ ပြည်ထောင်စုဝန်ကြီးဌာနများ၊ တိုင်းဒေသကြီး(သို့မဟုတ်) ပြည်နယ်အတွင်းရှိ ဝန်ထမ်းများအားလုံးကို အရေးကြီးကိစ္စရပ်များ(နာရေးမှအပ) ခရီးသွားလာခြင်းအား ခွင့်မပြုရန်နှင့် သင်္ကြန်ကာလရုံးပိတ်ရက်အတွက် ပြန်ပေးရမည့်အစားထိုးရုံးပိတ်ရက်အား Civid-19 ရောဂါပိုးကင်းစင်သည့်အချိန်တွင် ဝန်ထမ်းအင်အားတစ်ဝက်ရုံးတက် တစ်ဝက်ခွင့်ပြန်စနစ်ဖြင့် ပြန်လည်ဆောင်ရွက်ပေးသွားရန် နိုင်ငံတော်သမ္မတရုံး အမြဲတမ်းအတွင်းဝန်က အကြောင်းကြားစာတစ်စောင် ပေးပို့ခဲ့ကြောင်း မိတ္တူစာကို တွေ့ရှိရသည်။

Covid-19 ရောဂါဖြစ်ပွားမှုအခြေအနေနှင့် ပတ်သက်၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ဧပြီလ ၃ ရက်နေ့ ည ၈ နာရီသတင်းထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတွင် စောင့်ကြည့် PUI ၆၈၈ ဦး၊ သံသယ Suspected ၂ ဦး၊ ဓါတ်ခွဲပိုးတွေ့လူနာ ၂၀ ဦး၊ ဓါတ်ခွဲပိုးမတွေ့ ၆၁၆ ဦးနှင့် ဓါတ်ခွဲအဖြေစောင့်ဆိုင်းဆဲ Lab Pending ၅၄ ဦးတို့ရှိကြောင်း သိရသည်။

<><><>

 

မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ်၏ တားမြစ်မိန့် (Copy)

March 7, 2026
“၂ နှစ်ပြည့်ရင် အိမ်ပြန်ခွင့်ရပြီ။ ၂ နှစ်ပြည့်တဲ့နေ့ကို စောင့်နေတာ” ဒါကတော့ မကြာခင်ကမှ...
March 6, 2026
အရပ်သားပြည်သူများကို ပိုမိုဆိုးရွားစွာ စောင့်ကြည့်နိုင်ရန် ဗဟိုမိုဘိုင်းလ်စက်ပစ္စည်း သက်သေခံ...
March 5, 2026
ကရင်ပြည်နယ်၊ မြဝတီ-ကော့ကရိတ် အာရှလမ်းပိုင်းကို ဖွင့်လှစ်နိုင်ရေး စစ်ကော်မရှင်ဘက်မှ...
March 4, 2026
ထိုင်းနိုင်ငံမှ ပြည်ပလောင်စာဆီ တင်ပို့မှုရပ်ဆိုင်းလိုက်ပြီဟု ထုတ်ပြန်ထားသည့်အပြင်...