Covid – 19 ဗိုင်းရပ်စ်ကူးစက်မှုကို ကာကွယ်တားဆီးသည့်အနေဖြင့် ကချင်လွတ်လပ်ရေးအဖွဲ့ (KIO)ထိန်းချုပ်ရာဒေသတွင် တရုတ်-မြန်မာနယ်စပ်ဂိတ်မှ ဝင်ရောက်လာသူများကို ကန့်သတ်လိုက်သည်ဟု KIO က ပြောသည်။
KIO သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူက “အဝေးက ဧည့် သည်တွေကိုတော့ ပိတ်ထားကြပါတယ်။ ကျနော်တို့ ရွာကလူတွေကိုတော့ အဝင်အထွက်တော့ ဈေးဝယ်ဈေး ရောင်း ကတော့ ကျနော်တို့ ခွင့်ပြုထားတာ ရှိပါတယ်”ဟု ပြောသည်။
KIA ထိန်းချုပ်နယ်မြေ မိုင်ဂျာယာန်၊ လိုင်ဇာကဲ့သို့မြို့များတွင် ပြည်ပနှင့် နယ်ဝေးမှ လာရောက်မည့် လူဝင်လူထွက်များကို ကန့်သတ်လိုက်ခြင်းဖြစ်သည်ဟု ဗိုလ်မှူးကြီး နော်ဘူ က ပြောသည်။
KIO ထိန်းချုပ်ရာဧရိယာရှိ တရုတ်-မြန်မာနယ်စပ်ဂိတ် လူအဝင်အထွက် ကန့်သတ်လိုက်သော်လည်း လိုင်ဇာမြို့သို့ မြစ်ကြီးနားမှ ဝင်ရောက်လာမည့်သူများကို ကျန်းမာရေးစစ်ဆေးကာ ဝင်ခွင့်ပြုကြောင်း KIO က ဆိုသည်။
“အခု လောလောဆယ်ကတော့ ပိတ်တာတော့ မဟုတ်ပါဘူး၊ စစ်တာပါ။ ဧည့်သည်တွေကို စစ်တာပါ။ ဖြည်းဖြည်းချင်း လျှော့ချမှုပေါ့နော်။ စစ်တာတွေ ရှိပါတယ်။ ဒီထက် ပိုပြီးတော့မှ အခြေအနေ ဆိုးလာမယ် ဆိုရင်တော့ ပိတ်ဖို့တော့ ရှိပါတယ်” ဟု ဗိုလ်မှူးကြီး နော်ဘူက ပြောသည်။
covid – 19 ရောဂါကာကွယ်ရေးအတွက် KIO အနေဖြင့် ကော်မတီဖွဲ့ကာ လုပ်ဆောင်လျက်ရှိပြီး ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ၏ လမ်းညွှန်မှုများအတိုင်း ဒေသခံများ၊ စစ်ဘေးရှောင်စခန်းရှိ ပြည်သူများကို အသိပညာပေးရေးလုပ်ငန်းများကို လုပ်ဆောင် လျက်ရှိသည်ဟု ဆိုသည်။ ထို့အပြင် ကျန်းမာရေးနှင့် ဆိုင်သည့် စစ်ဆေးမှုများကိုလည်း လုပ်ဆောင်နေသည်ဟု ဗိုလ်မှူးကြီး နော်ဘူ က ပြောသည်။
“အခက်အခဲကတော့ ပြောမယ်ဆိုလို့ရှိရင်တော့ နည်းပညာပိုင်းကတော့ အခက်အခဲတွေ ရှိတာပေါ့နော်။ နောက်ပြီးတော့ ပစ္စည်းတွေလည်း လုံလုံလောက်လောက် ရရှိမှု မရှိတာကတော့ ကျနော်တို့ အခက်အခဲပါ” ဟု ဗိုလ်မှူးကြီး နော်ဘူက ပြောသည်။
စစ်ဘေးရှောင်ပြည်သူများ စုစုစည်းစည်းရှိသည့် နေရာများ ဖြစ်သည့်အတွက် အခက်ပိုကြုံရကြောင်း ၎င်းက ဖြည့်စွက်ပြောသည်။
တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဟူပေပြည်နယ် ဝူဟန်မြို့တွင် ၂၀၁၉ ဒီဇင်ဘာလက စတင်ဖြစ်ပွားလာသည့် ကိုရိုနာ အဆုတ်ရောင်ရောဂါ covid – 19 သည် လက်ရှိတွင် ကမ္ဘာအရပ်ရပ်သို့ ကူးစက်ပြန့်ပွားလျက်ရှိပြီး ကမ္ဘာ့ ကပ်ရောဂါအဖြစ် ကမ္ဘာ့ကျန်းမာရေး အဖွဲ့ WHO က ကြေငြာထားသည်။
covid – 19 ရောဂါကာကွယ်ရေးကို KIO အပါအဝင် မြောက်ပိုင်းလက်နက်ကိုင်အဖွဲ့များ၊ အပစ်ရပ်လက်မှတ်ရေးထိုးထားသည့် တော်လှန်ရေးအင်အားစုများက ၎င်းတို့၏ ဒေသများတွင် အသွားအလာ အဝင်အထွက် ကန့်သတ်ခြင်း၊ စစ်ဆေးမှုပြုလုပ်ခြင်းအပြင် ကျန်းမာရေးပညာပေး အစီအစဉ်များကိုလည်း လုပ်ဆောင်လျက်ရှိကြသည်။







