ထိုင်းပြန်များကို CBFQ ပြုလုပ်ထားခြင်းမှာ အမျိုးသားကျန်းမာရေးအတွက် ဟု ဆို

ထိုင်းပြန်များကို CBFQ ပြုလုပ်ထားခြင်းမှာ အမျိုးသားကျန်းမာရေးအတွက် ဟု ဆို

ရန်လင်းအောင် (မော်လမြိုင်) — ထိုင်းနိုင်ငံမှ နေရပ်ပြန် မြန်မာနိုင်ငံသားများကို မွန်ပြည်နယ်အစိုးရက Community Base Facilities Quarantine- CBFQ ၁၄ ရက်ကြာ ပြုလုပ်ထားခြင်းသည် တစ်နိုင်ငံလုံး၏ အမျိုးသားကျန်းမာရေးအတွက် ဆောင်ရွက်နေခြင်းဖြစ်ကြောင်း မွန်ပြည်နယ်အစိုးရအဖွဲ့ ညွှန်ကြားရေးမှူး ဦးမြင့်သန်းဝင်းက ပြောကြားသည်။

“ဆောင်ရွက်နေတာတွေသည် အမျိုးသားကျန်းမာရေးအတွက်၊ တစ်နိုင်ငံလုံးရဲ့ အမျိုးသားကျန်းမာရေးနဲ့ ဆောင်ရွက်နေရတာဖြစ်ပါတယ်၊ မွန်ပြည်နယ်ကမဟုတ်လို့ ဧရာဝတီကမို့လို့၊ ပဲခူးကမို့လို့ ဆိုတာမျိုးမဟုတ်ဘဲ ကျွန်တော်တို့က တစ်နိုင်ငံလုံး အမျိုးသားကျန်းမာရေးနဲ့ ဆောင်ရွက်နေတာဖြစ်တဲ့အတွက်ကြောင့် မွန်ပြည်နယ်က နေစရိတ်၊ စားစရိတ်ထောက်ပံ့ပြီး တစ်နိုင်ငံလုံးရဲ့ ကျန်းမာရေးအရ ထောက်ပံ့နေတာလည်းဖြစ်ပါတယ်” ဟု ဦးမြင့်သန်းဝင်းက ဆိုသည်။

ယခုလက်ရှိတွင် တနင်္သာရီ၊ ရန်ကုန်၊ ပဲခူး၊ ဧရာဝတီတိုင်းဒေသကြီးနှင့် မွန်ပြည်နယ်မှ နေရပ်ပြန်သူ ၅၀၀ ကျော်ကို မော်လမြိုင်တက္ကသိုလ်၌ CBFQ စခန်းကို ၁၄ ရက်ကြာဖွင့်လှစ်ပြီး ကျန်းမာရေးစစ်ဆေးမှုများ ပြုလုပ်ပေးလျက်ရှိသည်။

ယင်းသို့ မော်လမြိုင်တက္ကသိုလ် CBFQ စခန်းသို့ ရောက်ရှိနေသူ ပေါင်မြို့နယ် ဥတ္တံတားကျေးရွာသူ မအိအိမိုးက “မနေ့က အစ်ကိုကြီးပြန်လာတာ ဒီလိုမျိုးမဖြစ်ဘူး၊ ခုပြန်လာတာ အဘွား တအားနေမကောင်းဖြစ်လို့ ပြန်လာတာ။ ဒီလိုဖြစ်မှန်းလည်းမသိဘူး ကျန်းမာရေးစစ်ပြီးတော့ ရွာက နေရာမှာပဲ ၁၄ ရက်နေရမယ် ထင်လို့ ပြန်လာတာ။ ဒီလိုမျိုး ဖြစ်ရင် ဘာထူးလဲလို့ အဘွားအသက်လည်း မမှီဘူး” ဟု ဆိုသည်။

အထူးသဖြင့် ထိုင်းပြန်မွန်ပြည်နယ်သားအများစုမှာ မော်လမြိုင်မြို့ကိုရောက်ရှိနေပြီဖြစ်သည့်အတွက် ၎င်းတို့ရပ်ရွာအသီးသီးရှိ CBFQ စခန်းများသို့ သွားလိုသည့်ဆန္ဒရှိကြောင်း သိရသည်။

ဆက်လက်၍ ဦးမြင့်သန်းဝင်းက “လူတစ်ဦးကို အကြမ်းဖျဉ်း ကျနော်တို့တစ်နေ့ကို ၂၅၀၀ နှုန်းနဲ့ကျွေးတယ်၊ ဒါပေမယ့်လာရောက်လှူတာတွေလည်း ရှိတာပေါ့၊ လောလောဆယ် ကျနော်တို့က လူတစ်ဦးကို ၂၅၀၀ နှုန်းသတ်မှတ်တယ်၊ မွန်ပြည်နယ်က CBFQ Camp အားလုံးကို တစ်နေ့ ၂၅၀၀ နှုန်းကျွေးတယ် အဲဒါအပြင် လူမှုအဖွဲ့အစည်းတွေက လှူတာလည်းရှိတယ်”ဟု ပြောသည်။



သံဖြူဇရပ်မြို့နယ် CBFQ စခန်းနှင့် ပြည်ပမှပြန်လာသူများစာရင်း(Copy)

သို့ရာတွင် ကျေးရွာအသီးသီး၌ ဖွင့်လှစ်ထားရှိသော CBFQ စခန်းအချို့တွင် လူတစ်ဦးတစ်နေ့စာအတွက် စားသောက်ကျွေးမွေးစားရိတ် ၂၅၀၀ ကျပ်ကို အစိုးရထံမှမရရှိသေးကြောင်း မွန်သတင်းအေဂျင်စီမှ စုံစမ်းသိရှိရသည်။

သံဖြူဇရပ်မြို့နယ်၊ ပငကျေးရွာ အထက်တန်းကျောင်း CBFQ စခန်းမှ အမည်မဖော်လိုသော ပရဟိတအဖွဲ့ခေါင်းဆောင်တစ်ဦးက “နေရာပြင်ဆင်ဖို့အတွက် မြို့နယ်ကပေးတာ ၃ သိန်းပဲ၊ ကျန်တဲ့ဥစ္စာ မလောက်တဲ့ဥစ္စာတွေ ကျနော်တို့ ရပ်ရွာကအလှူငွေနဲ့ လည်ပတ်နေရတယ်၊ အကျွေးအမွေးက ကိုယ့်အိမ်ကနေ ပို့ပေးရမယ်လို့ သူတို့(မြို့နယ်အာဏာပိုင်) က ပေးစီစဉ်ထားတာ” ဟု ဆိုသည်။

လက်ရှိ ပငကျေးရွာ CBFQ စခန်းတွင် ထိုင်းနိုင်ငံမှပြန်လာသူ ၁၀၃ ဦးအတွက် သက်ဆိုင်ရာနေအိမ်များမှ ထမင်းချိုင့်ပို့ပေးရသည့်စနစ်သည် လူဝင်လူထွက်များစေကြောင်း၊ ရောဂါကူးစက်မှုမရှိစေရန် ပြင်ပလူများဝင်ရောက်ခြင်းမပြုဘဲ ကျေးရွာပရဟိတအဖွဲ့က ထမင်းဟင်းများကို တာဝန်ယူချက်ပြုတ်ကျွေးမွေးထားကြောင်း သိရသည်။

မတ်လ ၃၁ ရက်နေ့စာရင်းအရ မွန်ပြည်နယ်အတွင်း Community Base Facilities Quarantine စခန်း ၃၇၀ ကျော်တွင် နေရပ်ပြန်သူ ၆ ထောင်ကျော်ကို Covid-19 ကူးစက်ရောဂါအခြေအနေ စောင့်ကြပ်ကြည့်ရှုပြီး  ကျန်းမာရေးစစ်ဆေးမှုများ ဆောင်ရွက်ပေးလျက်ရှိသည်။

March 7, 2026
“၂ နှစ်ပြည့်ရင် အိမ်ပြန်ခွင့်ရပြီ။ ၂ နှစ်ပြည့်တဲ့နေ့ကို စောင့်နေတာ” ဒါကတော့ မကြာခင်ကမှ...
March 6, 2026
အရပ်သားပြည်သူများကို ပိုမိုဆိုးရွားစွာ စောင့်ကြည့်နိုင်ရန် ဗဟိုမိုဘိုင်းလ်စက်ပစ္စည်း သက်သေခံ...
March 5, 2026
ကရင်ပြည်နယ်၊ မြဝတီ-ကော့ကရိတ် အာရှလမ်းပိုင်းကို ဖွင့်လှစ်နိုင်ရေး စစ်ကော်မရှင်ဘက်မှ...
March 4, 2026
ထိုင်းနိုင်ငံမှ ပြည်ပလောင်စာဆီ တင်ပို့မှုရပ်ဆိုင်းလိုက်ပြီဟု ထုတ်ပြန်ထားသည့်အပြင်...