တရုတ် - မြန်မာ နယ်စပ်ဂိတ်များ ပိတ်လိုက်ပြီ

တရုတ် - မြန်မာ နယ်စပ်ဂိတ်များ ပိတ်လိုက်ပြီ

တရုတ်-မြန်မာ နယ်စပ်ဂိတ် အဝင်အထွက်များ ဧပြီလ (၁) ရက်က စတင်၍ အကန့်အသတ်မရှိ ပိတ်လိုက်ပြီဟု ဒေသခံများနှင့် အလုပ်သမားများက ပြောသည်။

မူဆယ်ခရိုင်ရှိ မန့်ဝိန်းဂိတ်၊ ဆင်ဖြူဂိတ်၊ နန်းတော်ပေါက်၊ မန့်ဟီးရိုးဂိတ်၊ ကျင်ဆန်ကျော့ဂိတ်နှင့် ကြူကုတ်(ပန်ဆန်း) ဂိတ်များမှ လူအဝင်အထွက်အားလုံးကို ပိတ်ပင်လိုက်ခြင်းဖြစ်သည်ဟု သိရသည်။

“ဟုတ်ပါတယ်။ နှစ်ဖက်တာဝန်ရှိသူတွေ ဆွေးနွေးပြီး လုပ်လိုက်တဲ့ သဘောရှိပါတယ်ဗျ။ မြန်မာနိုင်ငံဘက် မှာ Covid 19 ကူးစက်တာ ၁၅ ဦး ရှိလာတဲ့နောက်ပိုင်း တရုတ်ဘက်က ပိတ်ဖို့ဖြစ်လာတယ်လို့ ပြောလို့ရ တယ်။ အဲဒီမှာ နှစ်ဖက်တာဝန်ရှိသူတွေ ညှိလိုက်ကြတာပါ။ တချို့ ပြောတော့ အကန့်အသတ် မရှိဘူး။ တချို့ ပြောတာကလည်း အခုက ၁၄ ရက် ကြာမယ်လည်း ပြောတယ်။ လူဝင် လူထွက် မြန်မာဘက်က လုံးဝ လုပ်လို့ မရတော့ဘူး” ဟု မူဆယ်မြို့နေ ဦးနော်ဆန်က ပြောသည်။

မြန်မာနိုင်ငံတွင် Covid 19 ရောဂါပိုး ကူးစက်ခံရသူ  တစ်ရက်ထက် တစ်ရက် တိုးလာနေသည့် အတွက် နယ်စပ်အဝင်အထွက်များကို ပိတ်လိုက်ခြင်း ဖြစ်သည်ဟု မူဆယ်ဒေသခံများက ပြောသည်။ သို့ဖြစ်၍ တရုတ်ဘက်ခြမ်းတွင် အလုပ်လုပ်ကိုင်နေသူ  မြန်မာအလုပ်သမားများ အခက်အခဲများနှင့် ရင်ဆိုင်နေရသည်ဟု ပြောသည်။

ဧပြီလဆန်းမှစကာ  မန်ဝိန်းဂိတ်၊ ဆင်ဖြူဂိတ်၊ နန်းတော်ဂိတ်၊ ကျင်ဆန်ကျော့ဂိတ်၊ ကြူကုတ်(ပန်ဆန်း)ဂိတ်၊ မန့်ဟီးရိုးဂိတ် စသော မူဆယ်ခရိုင်နှင့် ထိစပ်နေသည့် ဂိတ်ပေါက်များမှတဆင့် တရုတ်နိုင်ငံဘက်သို့ လူဝင်ခွင့် မပြုကြောင်း၊ ကုန်တင်ကားကြီး သီးသန့် မန့်ဝိန်းဂိတ်နှင့် ကျင်ဆန်ကျော့ဂိတ် တို့မှ ဆက်လက် ဆောင်ရွက် ခွင့်ပြုထားကြောင်း အသိပေးကြေညာချက်ကို မူဆယ်တွင် မတ်လ ၃၁ ရက်က ယာဉ်ဖြင့် လှည့်လည်ကာ အသံချဲ့စက်ဖြင့် ကြေညာခဲ့ကြောင်း ဒေသခံများက ပြောသည်။

ရွှေလီမြို့တွင် အလုပ်လုပ်ကိုင်နေသည့် မဘောက်က “ပိတ်လိုက်ပါပြီ။ တကယ်လို့ ထွက်မယ်ဆိုရင် မူဆယ်မှာ မြန်မာဘက်ခြမ်းမှာပဲ ပြန်နေရမယ် ပြောတယ်။ အချိန်ဘယ်လောက်ကြာမယ်ဆိုတာတော့ အတိအကျ မသိသေးဘူး။ ထွက်ပြီဆိုတာနဲ့ တရုတ်ဘက်ခြမ်းကို ပြန်ဝင်လို့မရတော့ဘူး။ အရင်က တပတ်တစ်ကြိမ် နယ်စပ်အဝင်အထွက် စာအုပ်တံဆိပ်တုံးထုရတယ်။ အခုတော့ အဲဒါသွားထုရင် ပြန်ဝင်လို့ မရဘူးဆိုတော့ သွားမထုတော့ဘူး” ဟု ပြောသည်။

ယခုကာလအတွင်း တရုတ်အာဏာပိုင်များဘက်က နယ်စပ်ဖြတ်ကျော် စာအုပ် ရက်ကျော်သော်လည်း ဖမ်းဆီးမှုများ မပြုလုပ်ကြောင်း သတင်းများလည်း ထွက်ပေါ်နေသည်ဟု ရွှေလီမြို့တွင် နေထိုင်နေသူများ က ပြောသည်။ သို့သော်လည်း မန့်ဝိန်းဂိတ်နှင့် ကျင်စန်းကျော့ဂိတ်များမှ ကုန်တင်ယာဉ်များကို ဆက်လက် ဝင်ခွင့်ပြုထားကြောင်း၊ သို့တိုင်အောင် ယာဉ်မောင်း တစ်ဦးကိုသာ ဝင်ခွင့်ပြုထားသည်ဟု မူဆယ်ဒေသခံများ ကပြောသည်။

လွယ်ကျယ်ဂိတ်ကိုလည်း ဧပြီ၁ က စတင်၍ လူဝင်လူထွက် ပိတ်လိုက်သည်။

တရုတ်-မြန်မာနယ်စပ် မူဆယ်ခရိုင်အတွင်း မတ်လ ၂၉ ရက်က စတင်၍ နယ်စပ်အဝင်အထွက်များ ကန့်သတ်မှုများ ရှိလာခဲ့ရသည်။ ထို့နောက် မတ်လ ၃၀ ရက်နေ့တွင် ပြန်လည် ဝင်ထွက်ခွင့်ပေးခဲ့ပြီးနောက် ဧပြီလ ၁ ရက်နေ့မှ စတင်၍ တဖန် နယ်စပ်ဝင်ထွက်ခွင့်ကို ပိတ်ခဲ့ခြင်းဖြစ်သည်။

Most read this week

February 11, 2026
စစ်ကော်မရှင်၏ အတုအယောင်ရွေးကောက်ပွဲသည် စစ်ရာဇဝတ်မှုများ ဆက်လက်ကျူးလွန်ရန် လမ်းဖွင့်ပေး...
February 10, 2026
စစ်ကော်မရှင်က ကျင်းပသည့် အထွေထွေ ရွေးကောက်ပွဲ အပိုင်း ၃ ပိုင်း အပြီးတွင် ပြည်ထောင်စု...
February 9, 2026
အမေရိကန်သမ္မတ အတည်ပြုလိုက်သည့် Burma Act ရန်ပုံငွေ ဒေါ်လာ ၁၂၁ သန်းကို စစ်ကော်မရှင်လက်သို့...
February 7, 2026
ဒေါ်အောင်ဆန်းစုကြည်၏ ဝမ်းကွဲ အကို၊ ဗိုလ်ချုပ်အောင်ဆန်း၏ တူ၊ အာဇာနည် ခေါင်းဆောင်ကြီး ဦးဘဝင်း၏ သား...