Covid 19 နှင့် ပတ်သက်ပြီး မဟုတ်မမှန်သတင်းလွှင့်သူများကို အရေးယူမည်

Covid 19 နှင့် ပတ်သက်ပြီး မဟုတ်မမှန်သတင်းလွှင့်သူများကို အရေးယူမည်

ရန်လင်းအောင် (မော်လမြိုင်) — အသက်ရှုလမ်းကြောင်းဆိုင်ရာရောဂါ Covid19 နှင့် ပတ်သက်ပြီး ပြည်သူများ အထိတ်တလန့်ဖြစ်အောင် မဟုတ်မမှန်သတင်းလွှင့်သူများကို အရေးယူသွားမည်ဖြစ်ကြောင်း မွန်ပြည်နယ်အစိုးရအဖွဲ့ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးမြင့်သန်းဝင်းက ပြောကြားသည်။

“ခုလက်ရှိရောဂါ ပြည်သူလူထုများ  အထိတ်တလန့်ဖြစ်အောင် မမှန်သတင်းလွင့်မယ် ဆိုလို့ရှိရင် ဥပဒေနဲ့ ကျွန်တော်တို့ အရေးယူသွားဖို့ ရှိပါတယ်” ဟု ဦးမြင့်သန်းဝင်းက ဆိုသည်။

သတင်းထုတ်ပြန်ရာတွင် သတင်းရင်းမြစ်နှင့် အချက်အလက်များတိကျမှန်ကန်ဖို့လိုအပ်ပြီး မဟုတ်မမှန်သည်များကို မလွှင့်မိဖို့ မွန်ပြည်နယ်အစိုးရအဖွဲ့မှ မေတ္တာရပ်ခံကြောင်း ၎င်းကဆက်ပြောသည်။

ထို့အတူ ကိုရိုနာဗိုင်းရက်စ်ကူးစက်ရောဂါနှင့် ပတ်သက်ပြီး တာဝန်ရှိသူများထံ အချက်အလက်ရယူပြီးမှ သတင်းအမှန်ကို ရေးသားစေလိုကြောင်း မွန်ပြည်နယ်အစိုးရအဖွဲ့ဝင် လူဝင်မှုကြီးကြပ်ရေးနှင့်လူ့စွမ်းအားဝန်ကြီးဌာန ဝန်ကြီး ဦးထွန်းမင်းအောင်က ၎င်း၏ Facebook လူမှုကွန်ရက်တွင် ရေးသားထားသည်။

“ကူးစက်ရောဂါကိစ္စသည်တိုင်းပြည်အတွင်းရှိပြည်သူများအားလုံးနှင့်ဆက်စပ်ပတ်သက်နေ၍ အစိုးရ၏ ကာကွယ်ထိန်းချုပ်ရေးလုပ်ကိုင်ဆောင်ရွက်နေရသောလုပ်ငန်းစဉ်၊ Data အချက်အလက်များကိုသေချာစွာ မလေ့လာဘဲ၊ မသိရှိဘဲ မိမိဆန္ဒတစ်ခုဖြင့် လူမှုကွန်ရက်စာမျက်နှာတွင်ရေးသားလိုက်သည့်အတွက်၎င်း၊ သတင်းတင်လိုက်သည့်အတွက်၎င်း၊ ပြည်သူများစိုးရိမ်ပူပန်စေခြင်းဖြစ်ပေါ်စေသည့်အတွက် ရှောင်ရှားစေလိုပါသည်။ တာဝန်ရှိသူများထံမေးမြန်းအချက်အလက်ရယူပြီးမှ သတင်းအမှန်သိပြီးမှရေးသားစေလိုပါသည်” ဟု ၎င်းက ရေးသားထားသည်။

မတ်လ ၃၁ ရက်နေ့အထိ မွန်ပြည်နယ်တွင် သံသယစောင့်ကြည့်လူနာ PUI ၂ ဦးနှင့် Hospital Quarantine  ၄၈ ဦးရှိသည်ဟု မွန်ပြည်နယ် အစိုးရအဖွဲ့ရုံးမှ သိရသည်။

လက်ရှိဖြစ်ပေါ်နေသည့် Covid19 ရောဂါသည် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှု ဥပဒေတွင် အကျုံးဝင်သဖြင့်  သတင်းမှား ထုတ်ပြန်သူများကို သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှု ဥပဒေ ပုဒ်မ ၂၇ အရ အရေးယူသွားမည်ဖြစ်ပြီး ပြစ်မှုထင်ရှားပါက တစ်နှစ်ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ ငွေဒဏ်ဖြစ်စေ ဒဏ်နှစ်ရပ်လုံးကို ဖြစ်စေ ကျခံရမည်ဖြစ်သည်။

December 19, 2025
တနင်္သာရီတိုင်း၊ မြိတ်ထားဝယ်ခရိုင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်ရင်း ၁၂ က...
December 18, 2025
တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်ရှိ စစ်ကော်မရှင် ဌာနဆိုင်ရာရုံးများကို တော်လှန်ရေး...
Photo credit - social media
December 17, 2025
မွန်ပြည်နယ်မှာ စစ်မှုထမ်းဥပဒေအရဟုဆိုကာ လူငယ်များအား အဓမ္မတပ်သားသစ်စုဆောင်း၍ သင်တန်းပေးနေသည်မှာ...
Photo credit - CJ
December 16, 2025
ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ ဂျိုင်းမြစ်အတွင်း စစ်ကော်မရှင်အဖွဲ့၏ ပစ်ခတ်ခံရမှုကြောင့် ရေထဲမျောပါ...