မြန်မာ - ထိုင်းနယ်စပ်၊ သျှမ်းပြည်အရှေ့ပိုင်း၊ တာချီလိတ်မြို့တွင် စားသောက်ကုန်ပစ္စည်းများ ဈေးနှုန်း အဆမတန် တိုးမြှင့် ရောင်းချပါက ထိရောက်စွာ အရေးယူသွားမည်ဖြစ်ကြောင်း တာချီလိတ်ခရိုင် စီမံခန့်ခွဲမှုကော်မတီက မတ်လ ၂၃ ရက် ရက်စွဲဖြင့် ထုတ်ပြန်ကြေညာသည်။
ယင်းသို့ ဈေးမြှင့် ရောင်းချသည့် ကုန်သည်များ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ ဈေးရောင်းချသူများကို ထိရောက်စွာ အရေးယူသွားမည်ဖြစ်ကြောင်း ပါရှိသည်။
COVID-19 ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် မြန်မာ-ထိုင်း အမှတ် (၁) ချစ်ကြည်ရေးတံတား မတ် ၂၃ နံနက်က စတင်ကာ ရက်အကန့်အသတ်မရှိ ခေတ္တ ပိတ်ထားပြီဖြစ်ကြောင်း သိရသည်။
ပြည်သူများ အရေးပေါ် ကျန်းမာရေးအခြေအနေနှင့် စားဝတ်နေရေး အခက်အခဲမရှိ ပြေလည်စေရန် နှစ်နိုင်ငံအစိုးရ ချိတ်ဆက် ဆွေးနွေးညှိနှိုင်းကာ လူသုံးကုန် ၊ စားသောက်ကုန်အပါအဝင် အိမ်သုံး၊ ဆောက်လုပ်ရေးလုပ်ငန်းသုံး ပစ္စည်းများ၊ စက်သုံးဆီများကို ဖော်ပြပါတံတားကတစ်ဆင့် နေ့စဉ် ဖြတ်သန်းသယ်ဆောင်ခွင့်ပြုသွားမည် ဖြစ်ကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
ပြည်သူများအနေဖြင့် စိုးရိမ်မှု လွန်ကဲစိတ်ဖြင့် စားသောက်ကုန်၊ လူသုံးကုန် အများအပြား ဝယ်ယူစုဆောင်းခြင်း မပြုလုပ်ရန်နှင့် ရောင်းချသူများလည်း မိမိနိုင်ငံသားများကို ဖေးမ စာနာသည့်အနေဖြင့် ဈေးနှုန်း မတန်တဆ တိုးမြှင့် ရောင်းချခြင်းများ မပြုလုပ်စေရန် သက်ဆိုင်ရာက သတိပေးထားသည်။







