၁၀ နှစ်အရွယ် ကျောင်းသားလူငယ်များအကြား မူးယစ်ဆေးဝါးသုံးစွဲမှုရှိနေပြီ

၁၀ နှစ်အရွယ် ကျောင်းသားလူငယ်များအကြား မူးယစ်ဆေးဝါးသုံးစွဲမှုရှိနေပြီ

ဗညားပိုင် - အသက် ၁၀ နှစ်ခန့်ရှိသော ကျောင်းသားလူငယ်များအကြား မူးယစ်ဆေးဝါးသုံးစွဲမှုရှိနေပြီဖြစ်ကြောင်း မွန်ပြည်နယ်၊ စိတ်ကျန်းမာရေးနှင့် မူးယစ်ဆေးစွဲကုသရေးဌာနမှ ဒေါက်တာ ဝင်းကျော်သူက မွန်သတင်းအေဂျင်စီသို့ ပြောသည်။

“လူငယ်တွေကို ဆရာတို့ တွေ့နေရတာ၊ အငယ်ဆုံးဆိုရင် တဖြည်းဖြည်း ဆေးသုံးတဲ့ အသက်အရွယ်က ၁၀ နှစ်၊ ၁၁ နှစ်၊ ၁၂ နှစ်အရွယ်၊ (၅) တန်း (၆) တန်း ကျောင်းသားတွေပါ တွေ့လာရတယ်၊ အဲ့လိုကလေးတွေ ဆိုရင် ပညာ တစ်ပိုင်းတစ်စနဲ့ ကျောင်းထွက်လိုက်ရတာ အများကြီးပဲ၊ အသက်အရွယ်ကြီးလာရင်လည်း အိမ်ထောင်သည်ဆို အိမ်ထောင်ပျက်တယ်၊ စီးပွားပျက်သွားတဲ့သူတွေလည်း အများကြီးပဲ” ဟု ဒေါက်တာ ဝင်းကျော်သူက ဆိုသည်။

မူးယစ်ဆေးဝါးသုံးစွဲနေသူများသည် ရေရှည်အနေဖြင့် စီးပွားရေး၊ ပညာရေး၊ အိမ်ထောင်ရေးနှင့် လူမှုရေး ကဏ္ဍပေါင်းစုံ ထိခိုက်နိုင်ကြောင်း၊ ၎င်းအပြင် ကျန်းမာရေး ရှုထောင့်အနေဖြင့် ခန္ဓာပိုင်းရောဂါနှင့် စိတ်ပိုင်းဆိုင်ရာ ရောဂါမျိုးစုံရရှိနိုင်သည့်အတွက် လူငယ်များအနေဖြင့် မစမ်းသပ်စေချင်ကြောင်း ၎င်းက ဆက်ပြောသည်။

အချို့ကျေးရွာအတွင်းရှိ စာသင်ကျောင်းများတွင် မူးယစ်ဆေးဝါး သုံးစွဲနေသည့် ကျောင်းသားလူငယ်များကို ဆရာ/ဆရာမများ ပြန်လည်ထိတ်လန့်နေရသည်ဟု အမည်မဖော်လိုသော ကျေးရွာတစ်ရွာမှ ကျောင်းအကျိုးတော်ဆောင် ကော်မတီဝင်တစ်ဦးက ဆိုသည်။

၎င်းက “ကျောင်းသားတစ်ယောက်က ဆေးလိပ်သောက်တယ် တစ်ယောက်က မူးယစ်ဆေးသုံးလို့ဆိုပြီး ဆရာမတွေကို တိုင်ပြောတယ်၊ အတန်းကြီးတဲ့ တချို့ကျောင်းသားတွေဆို ဆရာမတွေက သူတို့ကို ပြန်ကြောက်နေရတယ်၊ ဒီလိုကိစ္စမျိုးတွေကို ကျောင်းဆရာမတွေက ကျနော်တို့ဆီလာပြီး တိုင်ပင်နေရတယ်” ဟု ပြောသည်။

ထို့အတူ အသက် ၁၂ နှစ်အထက်မှစ၍ ၂၀ နှစ်ကျော်ဝန်းကျင်ကလေးနှင့် လူငယ် ၄၀ ရာခိုင်နှုန်းကျော်က မူးယစ်ဆေးဝါး အသုံးပြုနေကြောင်း မူးယစ်ဆေးစွဲသူများ ပြန်လည်ထူထောင်ရေးအသင်း (မွန်ပြည်နယ်) ဥက္ကဌ ဦးဇော်မိုးအောင်က လွန်ခဲ့သည့်ဒီဇင်ဘာလ ၅ ရက်နေ့တွင် ပြုလုပ်သည့် “Youth Against Drugs Forum”၌ ပြောကြားခဲ့သည်။

မွန်ပြည်နယ်တွင် WY စာတမ်းပါ အက်ဖာတမင်းစိတ်ကြွဆေးပြား (ဒေသအခေါ် မြင်းဆေး) ကို အများဆုံးသုံးစွဲကြပြီး ဒုတိယမှာ ဘိန်းစာရွက်ဖြစ်ကြောင်း၊ ဒေသခံလူငယ်များအကြားတွင်လည်း အဆိုပါမူးယစ်ဆေးများကို လွယ်လွယ်ကူကူဝယ်ယူရရှိနေကြပြီး ရိုးရာဓလေ့သကဲ့သို့ပင် သုံးစွဲနေကြောင်း လေ့လာသိရှိရသည်။

Photo- အက်ဖာတမင်းစိတ်ကြွဆေးပြား (MNA)

March 7, 2026
“၂ နှစ်ပြည့်ရင် အိမ်ပြန်ခွင့်ရပြီ။ ၂ နှစ်ပြည့်တဲ့နေ့ကို စောင့်နေတာ” ဒါကတော့ မကြာခင်ကမှ...
March 6, 2026
အရပ်သားပြည်သူများကို ပိုမိုဆိုးရွားစွာ စောင့်ကြည့်နိုင်ရန် ဗဟိုမိုဘိုင်းလ်စက်ပစ္စည်း သက်သေခံ...
March 5, 2026
ကရင်ပြည်နယ်၊ မြဝတီ-ကော့ကရိတ် အာရှလမ်းပိုင်းကို ဖွင့်လှစ်နိုင်ရေး စစ်ကော်မရှင်ဘက်မှ...
March 4, 2026
ထိုင်းနိုင်ငံမှ ပြည်ပလောင်စာဆီ တင်ပို့မှုရပ်ဆိုင်းလိုက်ပြီဟု ထုတ်ပြန်ထားသည့်အပြင်...