ပြည်သူ့ဘဝနှင့် သဘာဝ ပျက်စီးစေသော စီမံကိန်းများ မလုပ်ရန် ကချင်ဒေသခံများ တောင်းဆို

ပြည်သူ့ဘဝနှင့် သဘာဝ ပျက်စီးစေသော စီမံကိန်းများ မလုပ်ရန် ကချင်ဒေသခံများ တောင်းဆို

ပြည်သူများ၏ လူနေမှုဘဝနှင့် သဘာ၀ ပတ်ဝန်းကျင် ပျက်စီးစေသည့် ဖွံ့ဖြိုးရေး စီမံကိန်းများ မလုပ်ရန် ကချင်ပြည်နယ်ရှိ ဒေသခံများက တောင်းဆိုလိုက်သည်။

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ ၊ လုံဂါဇွပ်ကျေးရွာရှိ ကချင်ချောင်းသာတွင် မတ်လ ၁၄ ရက်က ပြုလုပ်သည့် အပြည်ပြည်ဆိုင်ရာ မြစ်ချောင်းအင်းအိုင်များနေ့ အခမ်းအနားတွင် တောင်းဆိုခဲ့ကြခြင်း ဖြစ်သည်။

အခမ်းအနား တက်ရောက်လာသည့် ကချင်ပြည်နယ်ပြည်သူ့ပါတီ ဒု-ဥက္ကဋ္ဌ ဒေါ်ဒွဲဘူက“လက်ရှိ အစိုးရကိုပေါ့နော် အနာဂတ် တက်လာမယ့် အစိုးရ အဆက် ဆက်ပေါ့ နော် ကျမတို့ရဲ့ ဒီဖွံ့ဖြိုးတိုးတက်မှုအတွက် ဆောင်ရွက်တဲ့နေရာမှာ စီမံကိန်းတွေ လုပ်ဖို့တော့ အမှန်တ ကယ်လို အပ်ပါတယ်။ ဒါပေမယ့် အဲဒီစီမံကိန်းတွေဟာ ဆိုလို့ရှိရင် ကျမတို့ကို ဖွံ့ဖြိုးတိုးတက်မှုကို ပိုပြီးမှ နောက်ကျစေတဲ့ ကျမတို့ စိတ်ပိုင်း ရုပ်ပိုင်းကို ထိခိုက်စေတဲ့ စီမံကိန်းတွေ မဖြစ်စေဖို့အတွက် အထူးသတိထား ပြီးတော့ ဆောင်ရွက် ပေးစေချင်ပါတယ်” ဟု ပြောသည်။

Htoi Gender and Development Foundation မှ အကျိုးဆောင် ရှေ့နေ ဒေါ်ဆာလီထွေးက “ကျမတို့ အစိုးရ အနေနဲ့ကတော့ ဒီနိုင်ငံဖွံ့ဖြိုးတိုးတက်ဖို့ လုပ်တာကတော့ လိုတယ် ဒါပေမယ့် လူမှုပတ်ဝန်းကျင်တွေရဲ့ ထိခိုက်မှု ဘယ်လောက်များလဲ ဒါကို ကြည့်ရမှာဖြစ်တယ်။ လူမှုပတ်ဝန်းကျင်မှာ သက်ရောက်နေတဲ့ ဒီထိခိုက်နစ်နာမှုတွေ ကို မစဉ်းစားပဲနဲ့ ဖွံ့ဖြိုးတိုးတက်မှု ဇွတ်လုပ်နေရင် ဒါကတော့ ပြည်သူအတွက် အကျိုးမရှိဘူးပေါ့နော်။ အစိုးရဆိုတာက ပြည်သူတွေ အကျိုးအတွက် လုပ်ရမယ့် အစိုးရဖြစ်တဲ့အတွက် ပြည်သူတွေရဲ့ စကားသံကို နားထောင်ပြီးတော့ လုပ်ရမှာ ဖြစ်ပါတယ်” ဟု ပြောသည်။

မြစ်ချောင်းများ ထိန်းသိမ်းရန်၊ ရေအရင်းအမြစ် ဆုံးရှုံးနိုင်သည့် စီမံကိန်းများကို ဆန့်ကျင်ရန်၊ သန့်ရှင်းသည့် ရေကို လုံလောက်စွာ ရရှိရန်နှင့် ဒေသခံများက မိမိတို့၏ ရေအရင်းအမြစ်ကို မိမိတို့ကိုယ်တိုင် စီမံခန့်ခွဲနိုင်ရန်စသည့် ရည်ရွယ်ချက်များဖြင့် ယင်းအခမ်းအနားကို ကျင်းပခြင်းဖြစ်သည်ဟု ပွဲကျင်းပသူများက ပြောသည်။

မြစ်ဆုံရေကာတာ စီမံကိန်းအပါအဝင် မြန်မာနိုင်ငံရှိ ဒေသအသီးသီးတွင် တည်ဆောက်မည့် ရေကာတာ စီမံကိန်းများနှင့် ဒေသဖွံ့ဖြိုးရေး ခေါင်းစဉ်အောက်က အခြားစီမံကိန်းများသည် ဒေသခံများ၏ လူမှုဘဝများကို ထိခိုက်စေသည့် စီမံကိန်းမျိုး မဖြစ်ရလေအောင် အစိုးရ အနေဖြင့် ဆောင်ရွက်ပေးစေလိုသည်ဟု ဆိုသည်။

အခမ်းအနားတက်ရောက်လာသည့်အူပျစ်ကျေးရွာဒေသခံ အမျိုးသမီးတစ်ဦးက “ကျမတို့ကတော့ ဒီဟာကိုဆက်မလုပ်ပေးပါရန် တောင်းဆိုချင်တယ်။ နောက်တစ်ခုက ကျမတို့ကို ဝင်ခံစား ပေးပါပေါ့နော်။ ကိုယ်က စီးပွားရေးတစ်ခုတည်း မဟုတ်ပဲနဲ့ ကိုယ့်ရဲ့ ပြည်သူပြည်သားတွေ ဘယ်လိုမျိုး ဒုက္ခ ရောက်နေသလဲ ဘယ်လိုမျိုး ဒုက္ခရောက်သွားနိုင်သလဲ ဆိုးကျိုးကို ဝင်ခံစားပြီးမှ သူတို့ကိုယ်တိုင် ကိုယ်ရဲ့ စီးပွားရေး တစ်ခုတည်း အတွက် မကြည့်ပဲနဲ့ပေါ့နော်၊ ပြည်သူပြည်သားတွေ သာယာပျော်ရွှင်တဲ့ နေရာဒေသဖြစ်ဖို့အတွက် ဝိုင်းဝန်းကူညီပေးပါ။ ဒီမြစ်ဆုံရေကာတာ ဆောက်ခြင်းကို ရပ်ပေးပါလို့ ကျမတို့ တောင်းဆိုချင်ပါတယ်”ဟု ဆိုသည်။

ထို့အပြင် ဒေသခံများအနေဖြင့် ခေတ်အဆက်ဆက်မှ ယနေ့အချိန်အထိ ဧရာဝတီမြစ်ကို သောက်သုံးရေအတွက်သာမက ဘဝ ရှင်သန် ရပ်တည်နိုင်ရန် အမှီပြုလာခဲ့ရသောကြောင့် ဧရာဝတီမြစ်ကို မူလအတိုင်း လွတ်လပ်စွာ စီးဆင်းစေချင်သည်ဟု အူပျစ်ရွာ ဒေသခံ ဦးအားဆာက ပြောသည်။

မြစ်ဆုံ ရေကာတာစီမံကိန်းအပါအဝင် ဖွံ့ဖြိုးရေးခေါင်းစဉ်အောက်ရှိ စီမံကိန်းတော်တော်များများသည် ယခင် စစ်အစိုးရလက်ထက်က အစိုးရနှင့် တရုတ်ကုမ္ပဏီတို့ စာချုပ် ချုပ်ဆိုထားခဲ့ပြီး ပြည်သူများအပေါ် တစ်စုံတစ်ရာ ပွင့်လင်းမြင်သာမှု မရှိခဲ့ဟု လေ့လာသူများက ဆိုသည်။

သို့ရာတွင် မြစ်ဆုံ ရေကာတာစီမံကိန်းကို ပြည်သူများ၏ တောင်းဆိုမှုကြောင့် ယခင် ဦးသိန်းအစိုးရလက်ထက်ကတည်းက ရပ်နားထားသည်မှာ ယနေ့ထိဖြစ်သည်။

အပြည်ပြည်ဆိုင်ရာ မြစ်ချောင်းအင်းအိုင်များနေ့ အခမ်းအနားကို Htoi Gender and Development Foundation နှင့် မြစ်ဆုံဒေသခံများက ကမကထ ပြု ကျင်းပခဲ့ပြီး လူဦးရေ ၁၀၀ ကျော် တက်ရောက်ခဲ့သည်။

Most read this week

February 11, 2026
စစ်ကော်မရှင်၏ အတုအယောင်ရွေးကောက်ပွဲသည် စစ်ရာဇဝတ်မှုများ ဆက်လက်ကျူးလွန်ရန် လမ်းဖွင့်ပေး...
February 10, 2026
စစ်ကော်မရှင်က ကျင်းပသည့် အထွေထွေ ရွေးကောက်ပွဲ အပိုင်း ၃ ပိုင်း အပြီးတွင် ပြည်ထောင်စု...
February 9, 2026
အမေရိကန်သမ္မတ အတည်ပြုလိုက်သည့် Burma Act ရန်ပုံငွေ ဒေါ်လာ ၁၂၁ သန်းကို စစ်ကော်မရှင်လက်သို့...
February 7, 2026
ဒေါ်အောင်ဆန်းစုကြည်၏ ဝမ်းကွဲ အကို၊ ဗိုလ်ချုပ်အောင်ဆန်း၏ တူ၊ အာဇာနည် ခေါင်းဆောင်ကြီး ဦးဘဝင်း၏ သား...