မူးယစ်ဆေး ဖျက်ဆီးစဉ် တအာင်းတပ်နှင့် ပြည်သူ့စစ် တိုက်ပွဲဖြစ်

မူးယစ်ဆေး ဖျက်ဆီးစဉ် တအာင်းတပ်နှင့် ပြည်သူ့စစ် တိုက်ပွဲဖြစ်

ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ခမ်းမြို့နယ်ရှိ ဘိန်းခင်းများကို ဝင်ရောက်ဖျက်ဆီးရာမှ တိုက်ပွဲဖြစ်ပွားခဲ့ပြီး နှစ်ဖက် ထိခိုက်ကျဆုံးမှုများ ရှိသည့်အပြင် မူးယစ်ဆေးဝါးများလည်း ဖမ်းဆီးရမိခဲ့ကြောင်း တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PSLF/TNLA) က ပြောသည်။

PSLF/TNLA အနေဖြင့် မတ်လ ၁၅ ရက်နေ့က ပန်းဆေး ပြည်သူ့စစ်နယ်မြေအတွင်း ဘိန်းခင်းများ သွားရောက်ဖျက်ဆီးရာ ပန်းဆေးပြည်သူ့စစ်အဖွဲ့ အပြင် တပ်မတော်တို့နှင့် အပြန်အလှန် ပစ်ခတ်မှုများ ဖြစ်ပွားခဲ့သည်ဟု PSLF/TNLA သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူးမိုင်းအိုက်ကျော်က ပြောသည်။

“ဘိန်းခင်းသွားဖျက်တဲ့ အချိန်ကျတော့ ပန်းဆေးပြည်သူ့စစ်တပ်ဖွဲ့နဲ့ တပ်ဖက်က စကခ ၇၊ ခလရ ၂၀၂ တို့က ကျနော်တို့ကို လက်နက်ကြီး လက်နက်ငယ်နဲ့  စပစ်ခတ်တဲ့ အချိန် ကျနော်တို့ကလည်း ပြန်လည်ပစ်ခတ်တော့ နှစ်ဖက်တိုက်ပွဲတွေ ဖြစ်ပွားတာဖြစ်တယ်”ဟု ပြောသည်။

“ဒီနေ့ တိုက်ပွဲဖြစ်နေတဲ့အချိန် နမ့်ဖက်ကာ တပ် ခလရ ၁၂၃ ပေါ့၊ နောက်ထပ် နမ့်ခမ်း၊ မန်တပ် ရေအားလျှပ်စစ်နားက တပ်စခန်းလည်း လက်နက်ကြီးပစ်ကူတွေ ပစ်တယ်” ဟု ဆက်လက်ပြောသည်။

တိုက်ပွဲတွင် ပြည်သူ့စစ်တပ်ဖွဲ့များဘက်မှ တပ်မတော်ဘက်က ဝင်ရောက်ပစ်ကူမှုများ ပြုလုပ်ခဲ့သည်ဟုလည်း PSLF/TNLA ဘက်က စွပ်စွဲပြောဆိုထားသည်။

သို့သော်လည်း ယင်း စွပ်စွဲပြောဆိုချက်နှင့်ပတ်သက်၍ တပ်မတော် သတင်းပြန်ကြားရေးတာဝန်ရှိသူများထံ ဆက်သွယ်ရာ မရခဲ့ပေ။

တိုက်ပွဲမှာ နံနက်ပိုင်း ၆ နာရီခန့်မှ မွန်းလွဲ၂း၃၀ နာရီခန့်အထိ ပြင်းထန်စွာ ဖြစ်ပွားခဲ့သည်ဟု ပြောသည်။

PSLF/TNLA က ဘိန်းခင်း ၁၀ ဧကဝန်းကျင် ဖျက်ဆီးနိုင်ခဲ့ကြောင်း၊ တိုက်ပွဲအပြီးတွင် ပြည်သူ့စစ်စခန်းများကို ဝင်ရောက်ရှင်းလင်းချိန်တွင်လည်း ဘိန်းမည်း ၂၁၆ ပိဿာ၊ ရာမဆေးပြား ၄၀၀၀၀ ခန့် သိမ်းဆည်းရမိကြောင်း၊ ယင်းအပြင် လက်နက်မျိုးစုံ ၂၄ လက်၊ ကျည်မျိုးစုံနှင့် စစ်ဝတ်တန်ဆာ ပစ္စည်းများလည်း ဖမ်းဆီးရမိကြောင်း PSLF/TNLA ဘက်က ပြောသည်။ ပြည်သူ့စစ်တပ်ဖွဲ့ဝင် ၈ ဦး အရှင်ဖမ်းမိကြောင်း၊ တစ်ဘက်တပ်ဖွဲ့ ဝင် တစ်ဦးသေဆုံးနေသည့် အလောင်း တစ်လောင်းတွေ့ခဲ့ပြီး PSLF/TNLA ဘက်က  သုံးဦး ဒဏ်ရာ ရရှိကြောင်း ဗိုလ်မှူးမိုင်းအိုက်ကျော်က ပြောသည်။

နမ့်ခမ်းဒေသခံ ဦးဇော်ရော်က“ကျနော်တို့ နမ့်ခမ်းမှာတော့ အေးဆေးပါပဲ။ ဒီ ပန်းဆေးကုန်းဘက်ပေါ့နော်၊ တရုတ်ကုန်းပေါ့၊ အဲဒီဘက်မှာ ဘိန်းစိုက်တဲ့ နေရာတွေ ရှိတယ်။ အဲဒီမှာ ပစ်ခတ်ကြတာပါ။ ပလောင် (တအာင်း)တပ်တွေနဲ့ ပြည်သူ့စစ်တွေနဲ့ ပစ်ခတ်ကြတာတော့ ရှိတယ်"ဟု ပြောသည်။

ပစ်ခတ်နေချိန်တွင် ရွာသားများမှာ အနီးဝန်းကျင် ခေတ္တ ရှောင်တိမ်းနေခဲ့ကြပြီး ပစ်ခတ်မှုများအပြီး၌ နေအိမ် ပြန်ခဲ့ကြကြောင်း ဦးဇော်ရော်က ဆိုသည်။

"အခုတော့ အေးဆေး ပြန် ဖြစ်သွားပါပြီ”ဟု ပြောသည်။

နမ့်ခမ်းမြို့နယ် တာတွန့်၊ ပန်းဆေး၊ ဆာတိုင်၊ မန်ပန်နှင့် ပါဆိုင်းကျေးရွာများအနီးတဝိုက်တွင် မတ်လ ၁၅ ရက်က ရှစ်နာရီခန့်အကြာ ပစ်ခတ်မှုများ ဖြစ်ပွားခဲ့သည်ဟု PSLF/TNLA က ပြောသည်။

PSLF/TNLA အနေဖြင့် ယခု တိုက်ပွဲဖြစ်ပွားသည့် ဒေသအတွင်း နှစ်စဉ် ဘိန်းခင်းများ ဝင်ရောက်ဖျက်ဆီးမှုများ ပြုလုပ်လျက်ရှိကြောင်း၊ ထိုသို့ ပြုလုပ်တိုင်း ယခုကဲ့သို့ ပစ်ခတ်မှုများ၊ တိုက်ပွဲများ ဖြစ်ပွားခဲ့ကြောင်း ဆိုသည်။

PSLF/TNLA သည် မူးယစ်ဆေးဝါး တိုက်ဖျက်ရေးလုပ်ငန်းများ ဆက်တိုက် လုပ်ဆောင်လာခဲ့ရာ ၂၀၁၇ ခုနှစ်မှ စတင်၍ လားရှိုး - မူဆယ် ပြည်ထောင်စုလမ်းမ အနောက်ဘက်ခြမ်းတွင် ပန်းဆေးဒေသမှအပ ကျန်နေရာများ၌ မူးယစ်ဆေးဝါး ဘိန်းခင်းစိုက်ပျိုးမှု မရှိတော့ကြောင်းလည်း ပြောသည်။

Most read this week

February 11, 2026
စစ်ကော်မရှင်၏ အတုအယောင်ရွေးကောက်ပွဲသည် စစ်ရာဇဝတ်မှုများ ဆက်လက်ကျူးလွန်ရန် လမ်းဖွင့်ပေး...
February 10, 2026
စစ်ကော်မရှင်က ကျင်းပသည့် အထွေထွေ ရွေးကောက်ပွဲ အပိုင်း ၃ ပိုင်း အပြီးတွင် ပြည်ထောင်စု...
February 9, 2026
အမေရိကန်သမ္မတ အတည်ပြုလိုက်သည့် Burma Act ရန်ပုံငွေ ဒေါ်လာ ၁၂၁ သန်းကို စစ်ကော်မရှင်လက်သို့...
February 7, 2026
ဒေါ်အောင်ဆန်းစုကြည်၏ ဝမ်းကွဲ အကို၊ ဗိုလ်ချုပ်အောင်ဆန်း၏ တူ၊ အာဇာနည် ခေါင်းဆောင်ကြီး ဦးဘဝင်း၏ သား...