ယခုနှစ် သုံးလအတွင်း တိုက်ပွဲ ၃၀ နီးပါး ဖြစ်ပွားဟု TNLA ပြော

ယခုနှစ် သုံးလအတွင်း တိုက်ပွဲ ၃၀ နီးပါး ဖြစ်ပွားဟု TNLA ပြော

တပ်မတော်နှင့် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PSLF/TNLA) တို့အကြား ယခု ၂၀၂၀ ပြည့်နှစ် ၃ လတာကာလအတွင်း တိုက်ပွဲပေါင်း အကြိမ် ၃၀ နီးပါးခန့် ဖြစ်ပွားခဲ့သည်ဟု PSLF/TNLA က ဆိုသည်။

PSLF/TNLA သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူး မိုင်းအိုက်ကျော်က “၃၀ဝန်းကျင်လောက်တော့ ရှိပြီ။ အတိအကျကတော့ ပြန်ကြည့်မှ ရမယ်ပေါ့။ အကြမ်းဖျင်းကတော့ ၃၀ ဝန်းကျင်လောက် ရှိပြီ။ နယ်မြေကတော့ အစုံဖြစ်တယ်။ ကျနော်တို့ လှုပ်ရှားတဲ့ နယ်မြေအကုန်လုံး နေရာဒေသတွေမှာ ဖြစ်ပါတယ်” ဟုပြောသည်။

၂၀၂၀ ဇန္နဝါရီလမှ မတ်လ ဒုတိယ အပတ်အထိ ၃ လနီးပါးကာလအတွင်း PSLF/TNLA လှုပ်ရှားရာ ဒေသအားလုံးနီးပါးတွင် တပ်မတော်နှင့် တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု PSLF/TNLA က ဆိုသည်။

“ကျနော်တို့ဆီမှာတော့ မကြာခဏဖြစ်တယ်။ အဓိကကတော့ ထိုးစစ်ကြောင့် ဖြစ်တယ်။ ကျနော်တို့ ဒီလထဲ မှာလည်း အနီးစပ်ဆုံးက မတ်လ ၃ ရက်နေ့လည်းဖြစ်ပါတယ်။ ရပ်တန့်တာတော့ မရှိဘူး။  ဖေဖော်ဝါရီလ ထဲ မှာတော့ ၁၀ ကြိမ်ကျော်ဖြစ်တယ်”ဟု PSLF/TNLA သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ပြောသည်။

လက်ရှိတွင် တိုက်ပွဲများမှာ ရပ်တန့်သွားခြင်း မရှိဘဲ ဆက်လက်ဖြစ်ပွားနေပြီး မတ်လ ၁၀ ရက်နေ့ကလည်း တိုက်ပွဲဖြစ်ပွားခဲ့သေးသည်ဟု PSLF/TNLA က ပြောသည်။

လက်ရှိတွင်လည်း PSLF/TNLA လှုပ်ရှားရာဒေသ ကွတ်ခိုင်၊ နမ့်ခမ်း၊ မန်တုံ၊ နမ့်ဆန် စသည့် ဒေသများသို့  တပ်မတော်ဖက်က တပ်အင်အား တိုးချဲ့လာသည့်အတွက် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားလာနိုင်သည်ဟု PSLF/TNLA က ပြောသည်။

တိုက်ပွဲဖြစ်ပွားမှုအခြေအနေများနှင့် ပတ်သက်၍ တပ်မတော်ဖက်မှ သဘောထားကို သိရှိနိုင်ရန် တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူများထံ ဆက်သွယ်သော်လည်း မရသေးပေ။

တိုက်ပွဲဖြစ်ပွားနေသော်လည်း အလုံးစုံ၏ အဖြေသည် တွေ့ဆုံဆွေးနွေးရေးဖြစ်သည့်အတွက် တွေ့ဆုံဆွေးနွေးမှုလမ်းကြောင်းအတိုင်း အစိုးရ၊ တပ်မတော်နှင့် ဆက်လက် လုပ်ဆောင်သွားမည်ဟု ဗိုလ်မှူး မိုင်းအိုက်ကျော်က ပြောသည်။

“တွေ့ဆုံဆွေးနွေးမှု ရှိမှပဲ ဒီတိုက်ပွဲက ချုပ်ငြိမ်းနိုင်မှာဖြစ်တယ်”ဟု ဗိုလ်မှူး မိုင်းအိုက်ကျော်က ပြောသည်။

တွေ့ဆုံဆွေးနွေးရန် မြောက်ပိုင်းမဟာမိတ်အဖွဲ့ဝင်များနှင့်အတူ PSLF/TNLA အနေဖြင့် အဆင်သင့် ရှိနေသည်ဟု TNLA က ပြောသည်။

မကြာသေးမီက မြောက်ပိုင်း ညီနောင် မဟာမိတ် သုံးဖွဲ့က အပစ်ရပ်မှုကို တိုးမြှင့်ကြောင်း တစ်ဖက်သတ် ကြေညာခဲ့သေးသည်။ ညီနောင်မဟာမိတ် သုံးဖွဲ့မှာ PSLF/TNLA၊ ရက္ခိုင့်တပ်တော် AA ၊ မြန်မာအမျိုးသားများ မဟာမိတ် ဒီမိုကရက်တစ် တပ်မတော် MNDAA တို့ ဖြစ်သည်။

Most read this week

February 11, 2026
စစ်ကော်မရှင်၏ အတုအယောင်ရွေးကောက်ပွဲသည် စစ်ရာဇဝတ်မှုများ ဆက်လက်ကျူးလွန်ရန် လမ်းဖွင့်ပေး...
February 10, 2026
စစ်ကော်မရှင်က ကျင်းပသည့် အထွေထွေ ရွေးကောက်ပွဲ အပိုင်း ၃ ပိုင်း အပြီးတွင် ပြည်ထောင်စု...
February 9, 2026
အမေရိကန်သမ္မတ အတည်ပြုလိုက်သည့် Burma Act ရန်ပုံငွေ ဒေါ်လာ ၁၂၁ သန်းကို စစ်ကော်မရှင်လက်သို့...
February 7, 2026
ဒေါ်အောင်ဆန်းစုကြည်၏ ဝမ်းကွဲ အကို၊ ဗိုလ်ချုပ်အောင်ဆန်း၏ တူ၊ အာဇာနည် ခေါင်းဆောင်ကြီး ဦးဘဝင်း၏ သား...