နမ္မတီးမြို့နယ်တွင် စစ်ရှောင် နှစ်ဦး မိုင်းနင်းမိ၊ ဒဏ်ရာပြင်းထန်

နမ္မတီးမြို့နယ်တွင် စစ်ရှောင် နှစ်ဦး မိုင်းနင်းမိ၊ ဒဏ်ရာပြင်းထန်

ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ် နမ္မတီးမြို့တွင် စစ်ရှောင် နှစ်ဦး ကန့်သတ်နယ်မြေအတွင်း တောင်ယာခုတ်ရန် လိုက်ကြည့်ရာ မတ်လ ၅ ရက်နေ့ နံနက်ပိုင်းတွင် မြေမြှုပ်မိုင်းနင်းမိပြီး ခြေထောက်ဒဏ်ရာ ဆိုးရွားစွာ ရရှိခဲ့သည်ဟု သိရသည်။

ထိခိုက်ခံရသူများမှာ နမ္မတီးမြို့ လမ်းခွကျေးရွာ ကချင်နှစ်ခြင်းခရစ်ယာန်အသင်းတော် စစ်ရှောင်စခန်းမှ  ၄၁နှစ်အရွယ် ဦးဂလောင်းဇေဘောမ် နှင့် ကက်သလစ် စစ်ရှောင်စခန်းမှ  ၅၀အရွယ် ဦးဂရိုင်နော်အောန်တို့ ဖြစ်ကြောင်း သိရသည်။

၎င်းတို့သည် စွန့်ခွာထားရသော နေရပ်ရင်း ကဆုန့်ကျေးရွာအနီးတဝိုက် လိုက်ကြည့်စဉ် မိုင်းနင်းမိ ဒဏ်ရာရရှိခဲ့ခြင်းဖြစ်သည်ဟု KBC စစ်ရှောင်စခန်းမှ သိက္ခာတော်ရ ဆရာ Maran Yaw Htung ယခုလိုပြောသည်။

“သူတို့ ၂ယောက်က နေရပ်စွန့်ခွာထားတဲ့ သူတို့ရဲ့ မြေနေရာမှာ တောင်ယာခုတ်ဖို့ သွားရောက်ခဲ့တယ်လို့ သိရပါတယ်။ အမှန်တော့ အဲဒီနေရာတွေက မသွားဖို့ တားမြစ်ထားတာ ဖြစ်ပါတယ်။ သူတို့လည်း ဒီနှစ်အမီ တောင်ယာလုပ်ငန်းတွေ လုပ်ကိုင်ဖို့ သွားခဲ့တာပေါ့။ ပေါ့ဆသွားတယ်လို့ ပြောလို့ ရတာပေါ့” ဟု ပြော သည်။

ဖြစ်စဉ်ကြောင့် ဦးဂလောင်းဇေဘောမ်၏ ယာခြေထောက်တစ်ဖက် ကြေမွသွားသဖြင့် မြစ်ကြီးနား ပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသခံယူနေရပြီး ဦးဂရိုင်နော်အောန်၏ ယာခြေထောက်တစ်ဖက် ပေါင်တံတွင် မိုင်းစ ထိမှန်သွားသဖြင့် နမ္မတီး ပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသခံယူနေရကြောင်း လမ်းခွကျေးရွာ လူမှုကူညီရေးအသင်းအဖွဲ့ Thomas Nhkang ထံမှ သိရသည်။

ကချင်ပြည်နယ်တွင် တစ်ကျော့ပြန် တိုက်ပွဲကြောင့် စစ်ဘေးရှောင်ပြည်သူများ ၈ နှစ်ကျော်လာချိန် မိမိအစီအစဉ်ဖြင့် နေရပ်ပြန်လာသူများ ရှိနေကြသည်။

စစ်ရှောင်များ နေရပ်ပြန်နိုင်ရန် မိုင်းရှင်းလင်းရေး လုပ်ဆောင်ပေးရန် အစီအစဉ် ရှိ မရှိ ဖေဖော်ဝါရီ ၂၈ ရက် ကချင်ပြည်နယ်လွှတ်တော်အစည်းအဝေးတွင် ရွှေကူမြို့နယ် မဲဆန္ဒနယ်(၁)မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးတင်ယုက ကြယ်ပွင့်ပြမေးခွန်း မေးမြန်းခဲ့သည်။

‘ကချင်ပြည်နယ်အတွင်း နေရပ်ပြန်စစ်ရှောင်များအတွက် မိုင်းရှင်းလင်းရေး လုပ်ဆောင်ရန်မှာ ကချင်လွတ်လပ်ရေးတပ်မတော် KIA အနေဖြင့် အပစ်ရပ်စဲရေး NCA လက်မှတ်ရေးထိုးပြီးမှသာ နှစ်ဖက်ညှိနှိုင်းလုပ်ဆောင်ရမည်ဖြစ်သည်’ ဟု ကချင်ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးနေလင်းထွန်းက ပြန်လည်ဖြေကြားခဲ့သည်။

ထိုနည်းတူ လွန်ခဲ့သည့် ဖေဖော်ဝါရီလ ၁၄ ရက်ကလည်း ဝိုင်းမော်မြို့နယ် နမ်ဆန်ယန်ကျေးရွာရှိ ပထမဆုံး နေရပ်ပြန် စစ်ရှောင်တစ်ဦး မြေမြှုပ်မိုင်း နင်းမိသဖြင့် ခြေထောက်တစ်ဖက် ဖြတ်လိုက်ရသည့် အခြေအနေ ရှိခဲ့သည်။

နမ္မတီးမြို့ လမ်းခွကျေးရွာတွင် စစ်ရှောင်စခန်းနှစ်ခု ရှိပြီး KBC စစ်ရှောင်စခန်းတွင် အိမ်ခြေ ၁၀၀ကျော်ခန့်၊ ကက်သလစ် စစ်ရှောင်စခန်းတွင် အိမ်ခြေ ၉၀ကျော်ခန့် စုစုပေါင်း လူဦးရေ တစ်ထောင်ကျော် ရှိနေသေးကြောင်း စစ်ရှောင်တာဝန်ခံများမှ သိရသည်။ အဆိုပါစစ်ရှောင်များသည် ၂၀၁၈ ခုနှစ် ဧပြီလတွင် ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်ရင်း ၁၁ ရှိရာ ကဆုန်ကျေးရွာဘက်ကို မြန်မာ့တပ်မတော်မှ ဝင်ရောက်တိုက်ခိုက်လာသဖြင့် ထွက်ပြေးလာသော ဒေသခံများ ဖြစ်ကြသည်။

ကဆုန်ကျေးရွာမြင်ကွင်း။ ၂၀၁၇ ခုနှစ်တွင်ရိုက်ကူးထားသည်။

Most read this week

January 30, 2026
စစ်ကိုင်းနဲ့ကချင်အစပ်က ထီးချိုင့်မြို့ကို ပြန်လည်ရရှိရေး တော်လှန်ရေးအင်အားစုတွေဘက်က ဇန်နဝါရီလ ၂၈...
January 29, 2026
ကချင်ပြည်နယ် တနိုင်းမြို့နယ်မှာ KIA နဲ့ပြည်သူ့စစ်တပ်တို့အကြားတိုက်ပွဲကြောင့်...
January 28, 2026
စစ်ကိုင်းနဲ့ကချင်အစပ်က မြို့သိမ်းတိုက်ပွဲပြင်းထန်နေတဲ့ ကသာမြို့မှာ...
၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလထဲ KIO ထိန်းချုပ်နယ်မြေ ပန်ဝါဒေသက မြေရှားသတ္တုတူးဖော်တဲ့ လုပ်ကွက်တစ်နေရာ Photo - KNG
January 27, 2026
ဂျာဘောက်ရာ — ကချင်လွတ်လပ်ရေးအဖွဲ့ KIO ထိန်းချုပ်နယ်မြေ ချီဖွေ၊ ပန်ဝါမြို့ရှိ...