ခေါင်းဆောင်မှုကဏ္ဍ မွန်အမျိုးသမီးများ ပိုမို ပါဝင်လာကြရန် တိုက်တွန်း

ခေါင်းဆောင်မှုကဏ္ဍ မွန်အမျိုးသမီးများ ပိုမို ပါဝင်လာကြရန် တိုက်တွန်း

ခေါင်းဆောင်မှုနှင့် ဆုံးဖြတ်ချက်ချသည့် ကဏ္ဍများတွင် မွန် အမျိုးသမီးများ ပိုမို ပါဝင်လာကြရန် ၁၆ ကြိမ်မြောက် မွန်အမျိုးသမီးများနေ့ အခမ်းအနားမှတဆင့် တိုက်တွန်းနှိုးဆော်လိုက်သည်။

မွန်ပါတီများ ပေါင်းစည်းထားသည့် မွန်ညီညွတ်ရေးပါတီအနေဖြင့်လည်း အမျိုးသမီးပါဝင်မှုနှင့်ပတ်သက်၍ လမ်းဖွင့်ပေးထားကြောင်းနှင့် အမျိုးသမီးများကိုယ်တိုင်ကလည်း ပါဝင်လာနိုင်အောင် ကြိုးပမ်းကြဖို့ လိုကြောင်း ပါတီ တွဲဖက်အထွေထွေအတွင်းရေးမှူး ( ၁ ) နိုင်လရီတမက ပြောသည်။

“ဆုံးဖြတ်ချက်ချတဲ့ကဏ္ဍမှာ အမျိုးသမီးတွေ တောင်းဆိုနေတဲ့ ၃၀ ရာခိုင်နှုန်း ပါဝင်ရေးဟာ မွန်ညီညွတ်ရေးပါတီအနေနဲ့က လမ်းဖွင့်ပေးထားတယ်ဆိုပေမယ့် လမ်းဖွင့်ပေးထားရုံနဲ့လည်း မရဘူး။ အမျိုးသမီးတွေအနေနဲ့ ဆုံးဖြတ်ချက်ချတဲ့ ကဏ္ဍမှာ များများ ပါဝင်လာဖို့ဆိုရင် အမျိုးသမီးတွေကိုယ်တိုင် ကြိုးပမ်းဖို့လည်း တာဝန်ရှိပါတယ်။ ဒါကိုလည်း မမေ့ဖို့ တိုက်တွန်းလိုပါတယ်”ဟု ပြောသည်။

မွန်အမျိုးသမီးများနေ့ ဖြစ်မြောက်ရေးကော်မတီ အဖွဲ့ဝင် မိကွန်းချမ်းနွန်က လက်ရှိအနေအထားအရ ခေါင်းဆောင်မှုကဏ္ဍနှင့် ဆုံးဖြတ်ချက်ချသည့် ကဏ္ဍများတွင် မွန် အမျိုးသမီးပါဝင်မှု အလွန် နည်းပါးနေသေးသည့် အနေအထား ရှိနေကြောင်း ပြောသည်။

ဦးဆောင်ဆုံးဖြတ်သည့် အခန်းကဏ္ဍတွင် မွန်အမျိုးသမီးများ ပါဝင်မှု နည်းပါးနေခြင်းမှာ ဓလေ့ထုံးတမ်းစဉ်လာများနှင့် အမျိုးသမီးများ၏ စွမ်းရည်လိုအပ်ချက်တို့ကြောင့် ဖြစ်ကြောင်း မွန်အမျိုးသမီးခေါင်းဆောင်များက ပြောသည်။

မွန်အမျိုးသမီးကွန်ရက်မှ မိချယ်ရီစိုးက “အမျိုးသမီးတွေရဲ့ စွမ်းရည်ပေါ့ ၊ မြှင့်တင်တာတွေ ရှိမယ်။ နောက် နေရာပေါ့ ၊ နေရာပေးမှုပေါ့ ။ အစဉ်တစိုက်က ဓလေ့ထုံးတမ်းတွေ ရှိခဲ့တဲ့အတွက် အမျိုးသမီးနဲ့ အမျိုးသားရဲ့ပါဝင်မှုက အရမ်း ကွာဟခဲ့တယ်။ အမျိုးသမီး ခေါင်းဆောင်မှုနေရာမှာ လိုအပ်လာခဲ့တယ်” ဟု ပြောသည်။

မွန်အမျိုးသမီးများနေ့ကော်မတီဝင် မိကွန်းချမ်းနွန်က မွန်တိုင်းရင်းသားများ အမျိုးသမီးကဏ္ဍတွင် မွန်ညီညွတ်ရေးပါတီ ဦးဆောင်ကော်မတီ ၆၁ ဦးရှိရာ အမျိုးသမီး ၈ ဦး၊ ရာခိုင်နှုန်းအားဖြင့် ၁၃ ရာခိုင်နှုန်း ပါဝင်ကြောင်း၊ မွန်ပြည်သစ်ပါတီ ဗဟိုကော်မတီ ၃၁ ဦးရှိရာတွင် အမျိုးသမီး နှစ်ဦးသာ ပါဝင်ရာ ရာခိုင်နှုန်းအားဖြင့် လွန်စွာ နည်းပါးနေသေးကြောင်း သုံးသပ်ပြောဆိုသည်။

“ကျမတို့အနေနဲ့ကတော့ အခုလက်ရှိ ပါဝင်နေတဲ့ အခြေအနေအပေါ် အားရကျေနပ်မှု မရှိသေးပါဘူး။ ဒီထက် ပိုမို ပါဝင်လာဖို့အတွက် နည်းမျိုးစုံနဲ့ ဆက်လက်ပြီးတော့ လုပ်ဆောင်ဖို့ လိုနေတယ်” ဟု ဆက်လက် ပြောသည်။

မွန်ညီညွတ်ရေးပါတီ တွဲဖက် အထွေထွေအတွင်းရေးမှူး ( ၁ ) နိုင်လရီတမက ယနေ့ခေတ်ကာလနှင့် မလျော်ညီတော့သည့် အတိတ်က ထုံးတမ်းအစဉ်အလာများနှင့် ကျား မ တန်းတူရေးအတွက် အတားအဆီးဖြစ်စေသည့် ထုံးတမ်းအစဉ်အလာများကိုလည်း အမျိုးသမီးများကိုယ်တိုင်က ပယ်ဖျက်ရန်လိုအပ်သည်ဟု တိုက်တွန်းခဲ့သည်။

တပေါင်းလဆန်း ၁၂ ရက် (မတ်လ ၅ ရက်)တွင် ကျရောက်သည့် မွန်အမျိုးသမီးများနေ့အထိမ်းအမှတ် အခမ်းအနားကို မော်လမြိုင်မြို့တွင် ကျင်းပခဲ့သည်။ အဆိုပါအခမ်းအနားသို့ မွန်ပြည်နယ်လွှတ်တော်၊ မွန်အမျိုးသမီးအဖွဲ့ အစည်းများ၊ မွန်ပြည်သစ်ပါတီ၊ မွန်ညီညွတ်ရေးပါတီ၊ မွန်လူမှုအဖွဲ့အစည်းအသီးသီးတို့က တက်ရောက်ခဲ့သည်။

မွန် ဘုရင်မ ရှင်စောပု၏ မွေးနေ့ဖြစ်သည့် တပေါင်းလဆန်း (၁၂) ရက်နေ့ကို မွန်အမျိုးသမီးများနေ့အဖြစ် သတ်မှတ်ပြီး နှစ်စဉ် ကျင်းပလာခဲ့သည်မှာ ယခုဆိုလျှင် ၁၆ ကြိမ်မြောက်ရှိပြီ ဖြစ်သည်။

Most read this week

February 11, 2026
စစ်ကော်မရှင်၏ အတုအယောင်ရွေးကောက်ပွဲသည် စစ်ရာဇဝတ်မှုများ ဆက်လက်ကျူးလွန်ရန် လမ်းဖွင့်ပေး...
February 10, 2026
စစ်ကော်မရှင်က ကျင်းပသည့် အထွေထွေ ရွေးကောက်ပွဲ အပိုင်း ၃ ပိုင်း အပြီးတွင် ပြည်ထောင်စု...
February 9, 2026
အမေရိကန်သမ္မတ အတည်ပြုလိုက်သည့် Burma Act ရန်ပုံငွေ ဒေါ်လာ ၁၂၁ သန်းကို စစ်ကော်မရှင်လက်သို့...
February 7, 2026
ဒေါ်အောင်ဆန်းစုကြည်၏ ဝမ်းကွဲ အကို၊ ဗိုလ်ချုပ်အောင်ဆန်း၏ တူ၊ အာဇာနည် ခေါင်းဆောင်ကြီး ဦးဘဝင်း၏ သား...