ရသေ့တောင်မြို့နယ် ကျောက်တန်းကျေးရွာထဲ လက်နက်ကြီးကျည် ကျ ၊ အိမ် ၂၀ ကျော် မီးလောင်

ရသေ့တောင်မြို့နယ် ကျောက်တန်းကျေးရွာထဲ လက်နက်ကြီးကျည် ကျ ၊ အိမ် ၂၀ ကျော် မီးလောင်

သန့်မြတ်ခိုင် — ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ် ကျောက်တန်းကျေးရွာထဲသို့ လက်နက်ကြီးကျည် ကျရောက် ပေါက်ကွဲသည့်အပြင်  ရဟတ်ယာဉ်က ပစ်ခတ်မှုများ ရှိခဲ့သည့်အတွက် လူနေအိမ် ၂၁ လုံး မီးလောင်သွားကြောင်း သတင်းရရှိသည်။

မီးလောင်သွားသည့် အိမ်များမှာ (၁) ဦးမောင်ကျော်ဌေး၊ (၂) ဦးဦးထွန်းစိန်၊ (၃) ဒေါ်မအေးခင်၊ (၄) ဦးအောင်သိန်းညွန့်၊(၅) ဒေါ်မအေးနု၊ (၆) ဦးမောင်ခင်လှိုင်၊ (၇) ဦးမောင်အေးထွန်း၊ (၈) ဦမောင်သန်းဦး၊ (၉) ဦးထွန်းချေဝင်း၊ (၁၀) ဦးကျော်သန်းမောင်၊ (၁၁) ဦးအောင်သိန်းထွန်း၊ (၁၂) ဦးဦးတင်လှိုင်၊ (၁၃) ဦးနားသီးချေ၊ (၁၄) ဦးထွန်းနိုင်ဝင်း၊ (၁၅) ဒေါ်ရွှေမိုး၊ (၁၆)  ဦးမြင့်ထွန်း၊ (၁၇) ဦးငသံတိုင်၊ (၁၈) ဒေါ်မဲယေ၊ (၁၉) ဦးထွန်းစိုးမောင်၊ (၂၀) ဒေါ်မဲချေနှင့် (၂၁) မဖြူယေတို့ အိမ်များဖြစ်ကြောင်း  ကျေးရွာသားများ ပေးပို့သော စာရင်းအရ သိရသည်။

ဖြစ်စဉ်မှာ မတ်လ ၁ ရက် နံနက်မှစတင်ပြီး  ရသေ့တောင် အခြေစိုက် အမှတ် ၅၃၆၊ ၅၃၇ တပ်ရင်းက လက်နက်ကြီးများဖြင့် တစ်နေကုန် ပစ်ခတ်နေမှုကြောင့် ကျေးရွာအတွင်းသို့ လက်နက်ကြီးကျည်များ  ကျရောက်ပေါက်ကွဲပြီး ယင်းသို့ နေအိမ်များ မီးလောင်ကျွမ်းသွားခြင်းဖြစ်ကြောင်း ကျေးရွာသားများက နိရဥ္စရာ သတင်းဌာနသို့ ပြောသည်။

“လက်နက်ကြီးကြောင့် အိမ် ၆ ဆောင် လောင်ပါတယ်။ မနေ့(မတ်လ ၁ ရက် )က တစ်ရက်လုံးပစ်တယ်။ မနက် ၉ နာရီကနေ ညနေပိုင်းအထိပစ်ပါတယ်။ ၅ နာရီဝန်းကျင်လောက်မှာ ရဟတ်ယာဉ် နှစ်စီးနဲ့လာပြီး ဗုံးကြဲပါတယ်။ စက်သေနတ်တွေနဲ့ပစ်တယ်။ အဲဒီအချိန် နောက်ထပ် ၇ ဆောင်ထပ်လောင် သွားပါတယ်။ အခု အိမ် ၂၁ လုံးနဲ့  သစ်စက်တစ်ခု မီးလောင်သွားပါတယ်” ဟု ကျောက်တန်း ကျေးရွာသားတစ်ဦးဖြစ်သူ ဦးမောင်လှအောင်က ပြောသည်။

မတ်လ ၂ ရက်  နေ့လယ်ပိုင်းတွင်လည်း ရသေ့တောင်တပ်ရင်းမှ လက်နက်ကြီး ပစ်ခတ်မှုများ ရှိနေပြီး လက်နက်ကြီးကျည်  ၃ လုံး ရွာထဲကို ကျပြီး နေအိမ်အချို့ မီးလောင်မှုများ ထပ်မံ ရှိနေကြောင်း ရသေ့တောင်မြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်လတ်က ပြောသည်။

“ အိမ် ၂၀ လောက် မီးထဲ ပါသွားတယ်လို့ ပြောတယ်။ ဒီနေ့ (မတ်လ ၂ ရက် ) မနက်ပိုင်းကလည်း လက်နက်ကြီး ပစ်တာရှိတယ်လို့ပြောတယ်။ ဒီ ပြီးခဲ့တဲ့ နာရီဝက်အတွင်းမှာ ရသေ့တောင်တပ်ရင်းဘက်က လက်နက်ကြီး ၃ လုံးလောက်အဲဒီဘက်ကို ပစ်တယ်။ အဲဒါမှာလည်း ထပ်ပြီးတော့ မီးလောင်တယ်လို့ ပြောတယ်။  ပတ်ဝန်းကျင်က ရွာတွေက မြင်ရတယ်လို့ ပြောတယ်။ ပတ်ဝန်းကျင်ကို မေးကြည့်လိုက်တော့ မီးကိုတောင် မြင်ရတယ်လို့ ပြောတယ်” ဟု ဦးခင်မောင်လတ်က ပြောသည်။

တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လက်နက်ကြီး၊ စစ်ရဟတ်ယာဉ်များဖြင့် လာရောက်ပစ်ခတ်နေခြင်းမှာ ဥပဒေမဲ့လုပ်ရပ်များဟု ခံစားရကြောင်း၊ တိုက်ပွဲလည်း ရွာထဲတွင် ဖြစ်ပွားခြင်း မရှိကြောင်း၊ ရွာထဲသို့ ရွာသားများ ပြန်မဝင်နိုင်သည်မှာ သုံးရက်ခန့် ရှိနေပြီ ဖြစ်ကြောင်း  ကျောက်တန်းကျေးရွာမှ ဦးမောင်ထွန်းသိန်းက ပြောသည်။

ကျောက်တန်းကျေးရွာသား နောက်တစ်ဦးက “လက်နက်ကြီးနဲ့ လှမ်းပစ်နေရင် ရွာသားတွေကလည်း မနေရဲ မသွားရဲ။ လူကိုမြင်ရင် လှမ်းပစ်တယ်။ ရွာထဲကို ပစ်တယ်။ အဲဒါကြောင့် ရွာသားတွေကလည်း မနေရဲ ဖြစ်နေတာ။ လက်နက်ကြီး ပစ်တဲ့အခါ ရွာထဲမှာ တစ်ယောက် ကျန်ခဲ့တယ်။ ဦးသန်းလှိုင်ဆိုသူ တစ်ယောက် ကျန်ခဲ့ပါတယ်။ လက်နက်ကြီး ပစ်လို့ ရပ်သွားတဲ့အချိန်မှာ သူက သွားကြည့်ခဲ့တဲ့ အချိန် အိမ် ၂၁ ဆောင် မီးလောင်တာကို  သိခဲ့ရတာပါ ” ဟု ပြောသည်။

ရသေ့တောင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စောဝေထံသို့ ဆက်သွယ်မေးမြန်းခဲ့ရာ တပ်မတော်က  အမြောက်ကြီးများ ပစ်ခတ်သည်သာမက ရဟတ်ယာဉ်များဖြင့် လာရောက်ပစ်ခတ်သည့်အတွက် ကျောက်တန်းကျေးရွာ နေအိမ်အချို့မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း ကျေးရွာသားများကို ကိုးကားပြီး သူမက ပြောသည်။

“မနေ့က နံနက် ၉ နာရီလောက်မှာ ကျောက်တန်းကျေးရွာအနီးက အောင်သာစည်ဆိုတဲ့ ရွာမှာ မိုင်းကွဲတယ်လို့ ပြောတယ်။ မိုင်းကွဲတဲ့ အချိန်မှာ ရသေ့တောင်ဘက်က လက်နက်ကြီးတွေနဲ့ အဲဒီဘက်ကို လှမ်းပစ်တယ် ပြောတယ်။ အဲဒီအချိန်မှာ ရွာထဲကို ကျပြီးတော့ အိမ် ၆ လုံး မီးလောင်သွားတယ်လို့ ပြောပါတယ်။ ညနေပိုင်း ၅ နာရီကျော်မှာ ရဟတ်ယာဉ်နဲ့ လာပြီးတော့ ပစ်တဲ့အချိန်မှာလည်း ရွာကို ကျပြီးတော့ နေအိမ် ၉ ဆောင် လောင်သွားတယ် ဆိုပြီးတော့ ရွာသားတစ်ယောက်က ဖုန်းဆက်ပြီး ပြောလာတယ်” ဟု ဒေါ်ခင်စောဝေက ပြောသည်။

ဖြစ်စဉ်အသေးစိတ်နှင့် ဖြစ်ပွားပုံကို နိရဥ္စရာသတင်းဌာနက မေးမြန်းတင်ပြရန် ရသေ့တောင်မြို့နယ် အုပ်ချုပ်ရေးမှူးနှင့် ဒုမြို့နယ်အုပ်ချုပ်ရေးမှူးထံသို့ ဖုန်းဖြင့် ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေဆိုခြင်း မရှိပါ။

တပ်မတော်ဘက်မှ စစ်ရဟတ်ယာဉ်များဖြင့် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ပစ်ခတ်ခဲ့သည်ဟု ကျေးရွာသားများက ပြောဆိုထားသည့်အတွက် ဟုတ် မဟုတ် မေးမြန်းတင်ပြရန် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် ပြောရေးဆိုခွင့်ရှိသူ စစ်ဦးစီး ပထမတန်း ဗိုလ်မှူးကြီးဝင်းဇော်ဦးနှင့် တပ်မတော် သတင်းမှန် ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းတို့ထံသို့ နိရဥ္စရာသတင်းဌာနက ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်မှု မရရှိသေးပါ။

ယမန်နှစ် ၂၀၁၉  မေလ ၂ ရက်က ရသေ့တောင်မြို့နယ် ကျောက်တန်းကျေးရွာ စာသင်ကျောင်းတွင်  ရွာသား ၂၇၅ ဦးကို စစ်တပ်က ဖမ်းဆီးစစ်ဆေးနေစဉ် ညဉ့် ၂ နာရီကျော်အချိန်တွင် စိတ်မနှံ့သူ တစ်ဦး၏ ထ အော်မှုကြောင့်  ရုန်းရင်းဆန်ခတ်ဖြစ်ပြီး  စစ်သားများက  သေနတ်ဖြင့် ပစ်ခတ်သဖြင့် အရပ်သား ၈ ဦး သေဆုံးပြီး ၇ ဦး ဒဏ်ရာ ရရှိသွားခဲ့ဖူးသည်။

ဓာတ်ပုံ - ရက္ခဝဏ္ဏစာပီကဗျာ
April 23, 2026
ကျော်သီဟ — အာရက္ခတပ်တော်(AA)တည်ထောင်ခြင်း (၁၇)နှစ်မြောက်မွေးနေ့ကို ဂုဏ်ပြုကြိုဆိုသည့်အနေဖြင့်...
April 22, 2026
ဆောင်းဦးမာန် — ရန်ကုန်မြို့မှ ရခိုင်ပြည်၊ မာန်အောင်မြို့သို့ ပြေးဆွဲမည့် လေကြောင်းခရီးစဉ်ကို...
April 21, 2026
ခိုင်လူလှ (ရိုးမမြေ) — ရခိုင်ကမ်းရိုးတန်းမှတစ်ဆင့် တောင်ကုတ်နှင့်ရမ်းဗြဲမြို့နယ်များအား...
April 20, 2026
ကျော်သီဟ — ရခိုင်ပြည်၊ မြောက်ဦးမြို့နယ်၊ ကျောက်ဆည်ပြင်ရွာကို အကြမ်းဖက်စစ်‌ကော်မရှင်လေတပ်က ဧပြီ (...