မြောက်ဦးတွင် တိုက်ပွဲအတွင်း ပျောက်ဆုံးသူများအနက် သုံးဦး အလောင်းတွေ့၊ ၁၃ ဦး ပျောက်ဆုံးဆဲ

မြောက်ဦးတွင် တိုက်ပွဲအတွင်း ပျောက်ဆုံးသူများအနက် သုံးဦး အလောင်းတွေ့၊ ၁၃ ဦး ပျောက်ဆုံးဆဲ

ချစ်အိလှိုင် — ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ် မြောင်းဘွေကျေးရွာအနီး ဖြစ်ပွားခဲ့သော တိုက်ပွဲအတွင်း ပျောက်ဆုံးနေသူ ၁၆ ဦးရှိပြီး ယင်းအထဲမှ အလောင်း ၃ လောင်းကို တွေ့ရှိခဲ့ကြောင်း သတင်းရရှိသည်။

တိုက်ပွဲဖြစ်ပွားရာနေရာမှ သုံးမိုင်ခန့်အကွာ ရှမ်းတောင်ကျေးရွာအနီး ရန်ကုန်-စစ်တွေ ကားလမ်းဘေး ၁၀ မီတာခန့်အကွာ မြေကျင်းတစ်ခုထဲတွင် အတူတူ မြုပ်နှံလျက်သား မတ်လ ၂ ရက် နံနက် ၁၀ နာရီကျော်က တွေ့ရှိခဲ့ရသည်ဟု ဒေသခံများက ပြောသည်။

တွေ့ရှိခဲ့သည့် အလောင်းများမှာ မြောက်ဦးမြို့နယ် လက်သန်းချေကျေးရွာမှ ဦးမောင်ကျော်ခိုင်(၃၆)နှစ်၊ ကျွဲတဲရွာမှ ဦးမောင်ဆန်းဌေး (၃၈)နှစ်နှင့် ဘူးတလုံးရွာမှ အာဒီအာလောင် (၂၃ )နှစ်တို့ဖြစ်ကြသည်။

“ရှမ်းတောင်နားက ကားလမ်းအောက်က တွေ့တာ။ အဲဒီက လူတချို့ တွေ့လို့ သူတို့ အလောင်းကို ဖော်ထားတာ။ သွားကြည့်ပြီးပြီ။ ကျွန်တော့် သမက်ဆိုတာ သေချာတယ်။ စစ်တပ်က ဖမ်းသွားတာပါ။ ဖမ်းသွားတာကို မြင်တဲ့လူတွေလည်း ရှိပါတယ်။ သူအပါအဝင် သုံးယောက် ဖမ်းသွားတာပါ။ ငါးဒိုင်ကနေပါ ”ဟု အသတ်ခံရသူ ဦးမောင်ကျော်ခိုင်၏ ယောက္ခမက နိရဥ္စရာ သတင်းဌာနကို ပြောသည်။

ဦးမောင်ကျော်ခိုင်၏ ဇနီး ဒေါ်ဦးမျှသန်းက "သူက ရွှေလံတံတားအနီး မောင်ဖြူချေ ငါးဒိုင်မှာ လုပ်တာပါ။ စစ်တပ်က ကားနဲ့ ရောက်လာပြီး သူ့ကို  ရိုက်ပြီး တစ်ခြားလူတွေနဲ့အတူ  ဖမ်းခေါ်သွားတာပါ။ ဘယ်ကို ဖမ်းခေါ် သွားတယ်ဆိုတာ ကျွန်မတို့ မသိဘူး။ ဒီကနေ့မှာတော့ ရှမ်းတောင်ကျေးရွာအနီးမှာ အလောင်းတွေ့တယ်လို့ သိရပါတယ်။ ကျွန်မ ယောက်ျားက အေအေနဲ့ ဘာမှ မပတ်သက်ပါ။ ဆင်းရဲလို့ ကျဘမ်း လုပ်စားနေသူပါ။  ကျွန်မမှာ ကလေးနှစ်ယောက်နဲ့။  ဘယ်လို လုပ်စားရမလဲဆိုတာတောင် မသိတော့ပါဘူး။ ရင်မှာ မီးတောက်နေသလို ခံစားရပါတယ်”ဟု ပြောသည်။

အလောင်း ၃ လောင်းအနက် ဘူးတစ်လုံး မူဆလင်ကျေးရွာသား

တစ်ဦးလည်း ပါဝင်နေသဖြင့် ၎င်းကျေးရွာ တာဝန်ခံ ဦးလာလူထံ ဆက်သွယ်ရာ ဟုတ်မှန်ကြောင်း အတည်ပြု ပြောဆိုသည်။

“ဒီနေ့ အလောင်းရသူက အာဒီအာလောင်ပါ။ သူက အသက် (၂၃ )နှစ်ဖြစ်ပါတယ်။ သူက ငါးလက်ချေ ပိုက်ချပါတယ်။ သူက သူ့အဖွဲ့သားတွေနဲ့ ငါးဒိုင်မှာ ငါးသွင်းဖို့ သွားတာပါ။ စစ်တပ်က ကားနဲ့ ရောက်လာပြီး မင်းတို့ ရခိုင်နဲ့ မူဆလင်တွေ ပေါင်းပြီး ဘာလို့ ဒီလို လုပ်တာလဲဆိုပြီး ရိုက်ပြီး ဖမ်းခေါ်သွားတယ်လို့ ပြောပါတယ်။ သူရဲ့ အလောင်းကို ဒီနေ့ ရပါတယ်။ ရွာမှာ သေတာက ကျည်ကျပြီး ဟိုတစ်နေ့က ၅ ဦး၊ ၁၀ နှစ်အရွယ် ကလေးတစ်ဦးလည်း ပါတယ်။  အခု တစ်ယောက်နဲ့ ဆိုရင် သေတာက ၆ ဦး ရှိပါပြီ” ဟု ဦးလာလူက ပြောသည်။

ဘူးတလုံး မူဆလင်ရွာမှ သေဆုံးသူ ၆ ဦး၊ ယနေ့အချိန်ထိ ပျောက်ဆုံးနေသူ ၆ ဦး၊ ဒဏ်ရာရသူမှာ ၁၃ ဦးရှိကြောင်း ၎င်းက ပြောကြားသည်။

ယခုကဲ့သို့ စစ်တပ်က ဖမ်းခေါ်သွားပြီးနောက် အလောင်းများ ရှာဖွေတွေ့ရှိသည်ဟု မိသားစုများက ပြောသဖြင့် တပ်မတော် ပြောခွင့်ရသူ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် စစ်ဦးစီး ပထမတန်း ဗိုလ်မှူးကြီး ဝင်းဇော်ဦးသို့ ဆက်သွယ်ရာ အဆိုပါသတင်း မဖြစ်နိုင်ကြောင်း ပြောကြားသည်။

“မြောက်ဦးမြို့နယ်အတွင်း အဲဒီနေ့က တိုက်ပွဲဖြစ်တာ မှန်ပါတယ်။ အရပ်သား သေဆုံးတယ်လို့တော့ မကြားမိဘူး။ အလောင်းရတဲ့ သတင်းလည်း မရသေးဘူး။ ဒါကတော့ မဖြစ်နိုင်ဘူး။ ဒီစွပ်စွဲချက်လည်း မဖြစ်နိုင်ပါဘူး” ဟု  ဗိုလ်မှူးကြီး ဝင်းဇော်ဦးက ပြောကြားသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ မြောက်ဦးမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းသာစိန်က အလောင်းများ တွေ့ရှိသည်မှာ ဟုတ်မှန်ကြောင်း အတည်ပြု ပြောကြားသည်။

“အလောင်းတွေ့တာ ဟုတ်တယ်။ အခုလောလောဆယ်က သုံးလောင်း တွေ့တာ။ သူတို့ကို ၂၉ ရက်နေ့က ဖမ်းသွားတာ။ အဲဒီထဲက လေးယောက် အသေတွေ့ပြီ။ မနေ့က တစ်လောင်း ရတယ်။ ဦးမောင်စိုးလွင် (၄၇)နှစ် ၊ ရွှေလံကျေးရွာက။ အလောင်းကို သူ့အိမ်နားက ကွမ်းသီးတောထဲက မြှုပ်ပြီး ရတယ်လို့ သိရတယ်” ဟု ပြောသည်။

မြောက်ဦးမြို့နယ် လက်သန်းချေကျေးရွာမှ ဦးမောင်ကျော်ခိုင်၊ ဦးကျော်အေး(၄၆)နှစ်တို့နှင့်အတူ ဒုံဘွေကျေးရွာမှ ဦးမောင်ဝိုင်း(၃၆)နှစ်သည်လည်း ဖေဖော်ဝါရီ ၂၉ ရက်နေ့ နံနက် ၇ နာရီခန့်တွင် နေအိမ်မှ ထွက်သွားပြီးနောက် ပျောက်ဆုံးနေကြောင်း မိသားစုဝင်များက ပြောသည်။

ဦးမောင်ဝိုင်း၏ ဇနီးဖြစ်သူက  “မနက်စောစောဆိုရင် သူက ငါးအဝယ်ဒိုင်မှာ ငါးအလေးချိန်ဖို့ နေ့တိုင်း သွားနေရတာပါ။ အဲဒီနေ့က သူတို့သွားပြီး ခဏနေတော့ စစ်ကြောင်းတစ်ခု မိုင်းတစ်လုံး ကွဲတယ်လို့ ကြားတယ်။ သူတို့နဲ့ တစ်မိုင်လောက် ဝေးတယ်။ မြောင်းဘွေချေရွာနားမှာ ပေါက်တယ်လို့ သိရတယ်။ အဲဒီမှာ သူတို့သုံးယောက်ကို ဖမ်းသွားတယ်။ ဖမ်းတာကိုလည်း အဖွားကြီး နှစ်ယောက်လည်း မြင်ပါတယ်။  အဖွားကြီးတစ်ဦးက ကျွန်မ အမျိုးသားကို ကာကွယ်ပြီး ပြောတယ်တဲ့။ သူနဲ့ ဘာမှ မဆိုင်ဘူးလို့ ပြောတဲ့  အဖွားကြီးကို ခြေနဲ့တောင် တက်နင်းခဲ့မလို လုပ်တယ်လို့ ပြောတယ်။ အဖွားကြီးကိုတော့ ဖမ်းတော့ မဖမ်းသွားဘူး။ ကျွန်မ ယောက်ျားကို စစ်တပ်ကားပေါ်ကို ကြိုးချည်ပြီး ခေါ်သွားပါတယ်တဲ့။ ကျွန်မတို့ သူ့ဆီကို ဖုန်းတော့ တစ်ခေါက် ဆက်သွယ်လို့ ရသေးတယ်။ သူ့ ယောက်ဖနဲ့ အတူတူ အဖမ်းခံရတာပါ။ သူက ယောက်ဖက 'ကျွန်တော် ဆရာတို့နဲ့အတူ ရှိတယ်'လို့ပြောပါတယ်။ စစ်သားတွေက ဗမာစကားနဲ့ ပြောဆိုတဲ့အတွက် ဗမာစကားနဲ့ သူတို့က ပြောပါတယ်” ဟု ပြောသည်။

ဖေဖော်ဝါရီ ၂၉ ရက်နေ့က မြောက်ဦးမြို့နယ် မြောင်းဘွေချေနှင့် ရွှေလံကျေးရွာအနီးတွင် မြန်မာ့တပ်မတော် စစ်ကြောင်းတစ်ခုနှင့် ရက္ခိုင့်တပ်တော် (AA) တို့အကြား ဖြစ်ပွားခဲ့သော တိုက်ပွဲအတွင်း အရပ်သား ၉ ဦးသေဆုံးပြီး ၁၃ ဦးပျောက်ဆုံးနေကာ လမ်းလုပ်သား တစ်ဦး အပါအဝင် ၁၉ ဦးဒဏ်ရာရှိခဲ့ကြောင်း ရခိုင်တိုင်းရင်းသားမျိုးနွယ်စု အစည်းအရုံး (REC) က ထုတ်ပြန်သော စာရင်းအရ သိရသည်။

ပျောက်ဆုံးနေသူများအထဲတွင် ဘူးတလုံးမူဆလင်ရွာသား ၆ ဦး၊ ရွှေလံရွာမှ ရခိုင်လူမျိုး ၄ ဦး၊ တန်းပျင်းကြီး၊ ဒုံးဘေနှင့် လက်သန်းချေကျေးရွာတို့မှ ရခိုင်အမျိုးသား တစ်ဦးစီဖြစ်ကြောင်း သိရသည်။

January 13, 2026
သဉ္ဇာနွယ် — ရခိုင်ပြည်၊ ကျောက်ဖြူမြို့ပြင်တိုက်ပွဲအတွင်း စစ်ကော်မရှင်တပ်၏ ရှေ့တန်းစစ်မျက်နှာ‌...
ဗုံးကြဲခံခဲ့ရသည့်မြောက်ဦးပြည်သူ့ဆေးရုံအတွက် ဂျပန်နိုင်ငံတွင် အလှူငွေကောက်ခံနေ
January 12, 2026
ရခိုင်ပြည်၊ မြောက်ဦးမြို့တွင် ဗုံးကြဲခံလိုက်ရသည့်ပြည်သူ့ဆေးရုံအားထောက်ပံ့နိုင်ရန်...
January 9, 2026
ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်တွင် ယနေ့ အာရက္ခတပ်တော်(AA)၏ ခြုံခိုတိုက်ခိုက်မှုကြောင့် အင်အား ၁၀၀...
တစ်ချိန်က စစ်တွေမြို့လမ်းမများပေါ်တွင် ရခိုင်လူထုကို စစ်ရေးအင်အားပြပြီး ခြိမ်းခြောက်ခဲ့သည့် မြင်ကွင်းတစ်ခု (ပုံဟောင်းသာ)
January 8, 2026
အာရက္ခတပ်တော်(AA)မှ စစ်တွေမြို့ပြင်ရှိ ကာကင်းစခန်းများ၊ စစ်ကြောင်းများကို စတင်ထိုးစစ်ဆင်...