တပ်နှင့် KNU တင်းမာမှု လမ်းဖောက်လုပ်မှုက စ ခဲ့ကြောင်း KNU ပြော

တပ်နှင့် KNU တင်းမာမှု လမ်းဖောက်လုပ်မှုက စ ခဲ့ကြောင်း KNU ပြော

ကရင့်အမျိုးသားအစည်းအရုံး  ~ KNU တပ်မဟာ ၅ ဧရိယာအတွင်းသို့ တပ်မတော်ဘက်မှ လမ်းဖောက်လုပ်ခြင်းကြောင့် နှစ်ဖက် စစ်ရေးပဋိပက္ခ စတင်လာခြင်းဖြစ်သည်ဟု KNU က ပြောသည်။

လမ်းဖောက်ရသည့် အကြောင်းရင်းမှာ တပ်ရိက္ခာပို့ဆောင်ရန်နှင့် ဒေသဖွံ့ဖြိုးရေးအတွက်ဟု တပ်မတော်ဘက်က ဆိုကြောင်းလည်း KNU က ပြောသည်။

ယခုအခါ တပ်မတော်ဘက်မှ တပ်မ ၃ ခု တိုးချထားပြီး စစ်ရေး တင်းမာလျက်ရှိသည်။

တပ်ရိက္ခာ ပို့ဆောင်မှုကို KNU အနေဖြင့် သဘောတူ လက်ခံထားသော်လည်း လမ်းဖောက်လုပ်ခြင်းကိုမူ စစ်ရေးအရ ဖြစ်လာမည်ကို  ဖြတ်သန်းခဲ့သည့် တော်လှန်ရေးအတွေ့အကြုံအရ စိုးရိမ်သည့်အတွက် လက်ခံရန် ခက်ခဲသည်ဟု KNU အထွေထွေအတွင်းရေးမှူး ပဒိုစောတာဒိုမူးက ဆိုသည်။

“ကျနော်တို့လိုမျိုး ဒီနေရာမှာ စစ်မက်ပြင်းထန်မှု တောက်လျှောက်ခံရပြီးတော့ စစ်အင်အားကိုပဲ အမြဲတမ်း တစ်ဖက်သတ် ဖိပြီးတော့ ခံစားရတဲ့ ပြည်သူလူထုနဲ့ ကျနော်တို့ရဲ့ ဖြတ်သန်းတဲ့ အတွေ့အကြုံအရဆိုရင် ဒီလမ်းဖောက်မှုသည် ဖွံ့ဖြိုးရေးခေါင်းစဉ်အောက်မှာ ရှိတယ်လို့ ကျနော်တို့ မယုံကြည်ပါဘူး"ဟု ပဒိုစောတာဒိုမူးက ပြောသည်။

ဖွံ့ဖြိုးရေးခေါင်းစဉ်အောက် ရှိပါက မည်သို့သောပုံစံ ဖြစ်သည်ကို ဆွေးနွေးကြရမည်ဖြစ်ကြောင်း၊ ,ယင်းခေါင်းစဉ်အောက် ဆွေးနွေးလျှင် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် ~ NCA တွင်ပါဝင်သော အခန်း ၆ အရ ဆွေးနွေးရမည်ဖြစ်ကြောင်း ပဒိုစောတာဒိုမူးက ပြောသည်။

 

"ဒါကြောင့် ဒီကိစ္စဟာ ဖွံ့ဖြိုးရေး ခေါင်းစဉ်အောက်မှာ ဖြစ်တယ်လို့ ကျနော်တို့ မယူဆပါဘူး” ဟု ပဒိုစောတာဒိုမူးက ဆက်လက်ပြောသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် တွေ့ဆုံသည့် အချိန်များတွင် လမ်းဖောက်လုပ်မှုကို မပြုလုပ်ရန် မေတ္တာရပ်ခံတောင်းဆိုခဲ့သော်လည်း ပြေလည်မှု မရရှိခဲ့ဟု ပဒိုစောတာဒိုမူးက ပြောသည်။

“သူ့အနေနဲ့ကတော့ ဒီဟာက သူ လုပ်ရမယ်ဆိုတဲ့ သဘောပဲ သူ ပြောပါတယ်။ ဒါကြောင့် ဒီကိစ္စက ကျနော်တို့ ရှင်းရှင်းပြောရရင် NCA ကို မဏ္ဍိုင်ပြုပြီးတော့ သက်ဆိုင်ရာ အဖွဲ့အစည်းတွေရဲ့ NCA အပေါ်မှာ ထွက်လာတဲ့ အခြေခံနဲ့ အဖြေရှာဖို့ထက် NCA ကို အလယ်ချပြီးတော့ ကိုယ့်ပေါ်လစီနဲ့ ကိုယ်လုပ်တဲ့ကိစ္စလို့ ကျနော်တို့ မြင်ပါတယ်” ဟု ပဒိုစောတာဒိုမူးက ဆိုသည်။

သို့သော် KNU အနေဖြင့် ပြေလည်မှု ရရှိသည်အထိ NCA လမ်းကြောင်းမှတစ်ဆင့် အကျေအလည် ဆက်လက် ဆွေးနွေးသွားမည်ဟု ပြောသည်။

တပ်မတော်နှင့် တိုက်ပွဲဖြစ်ပွားခဲ့သည့် KNU တပ်မဟာ ၅ နယ်မြေ အတွင်းသို့ တပ်မတော်ဖက်မှ တပ်အင်အား တိုးချဲ့မှုများ ရှိသည်ဟု KNU က ပြောသည်။ ဖေဖော်ဝါရီ ၂၂ ရက်က KNU တပ်မဟာ ၅ နယ်မြေ မူတြော်ခရိုင် (ဖာပွန်) ရှိ ဒွယ်လိုးမြို့ နယ်၊ လေးဖိုးထာအုပ်စု ထိုကလိုခီးကျေးရွာနှင့် ဘောကျိုလဲကျေးရွာ အကြားတွင် တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် တပ်မတော်မှ အဆိုပါ ဒေသအတွင်းသို့ တပ်အင်အားတိုးချဲ့လာသည်ဟု ပြောသည်။

“မြေပြင်အခြေအနေက လောလောဆယ်တော့ သူတို့ဖက်ကတော့ ဗျူဟာ ၃ ခု ထပ်ပို့ထားတာပေါ့နော်။ ဒါက ရှင်းရှင်းပြောရေရင်တော့ လမ်းဖောက်တာကို အကြောင်းပြပြီး အင်အား ထပ်ပြီး များလာတယ်၊ အင်အား တိုးချဲ့ လာတယ်လို့ ကျနော်တို့ ပြောလို့ရတာပေါ့။ ဗျူဟာ ၃ ခု ဆိုပေမယ့် တပ်ရင်း ၇ ရင်း ထပ်များလာတာပေါ့နော်၊ ဆိုတော့ အခြေအနေကတော့ လောလောဆယ် အဲဒီလို ဆိုင်ထားတဲ့ အနေအထားတော့ ရှိပါတယ်” ဟု ပြောသည်။

တပ်မတော်ဖက်မှ တပ်အင်အား တိုးချဲ့လာသည့်အတွက် ဒေသအတွင်း စစ်ရေးပဋိပက္ခ ပိုမို ဖြစ်မလာစေရန် KNU အနေဖြင့် NCA ကတိကဝတ်အတိုင်းသာ ဆွေးနွေး အဖြေရှာသွားမည်ဟု ဆိုသည်။ NCA စာချုပ်အရ နှစ်ဖက် သဘောတူလက်ခံထားသည့် အခြေခံမူများ ရရှိအောင် လုပ်ဆောင်မှု မရှိခြင်း ကြောင့် ယခုကဲ့သို့ စစ်ရေးနှင့် ဆိုင်သည့် ပဋိပက္ခများ ဖြစ်လာသည်ဟု KNU အထွေထွေအတွင်းရေးမှူးက ဆိုသည်။

KNU သည် ၂၀၁၅ အောက်တိုဘာ ၁၅ ရက်နေ့တွင် အခြားသော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း ၇ ဖွဲ့နှင့်အတူ NCA စာချုပ် လက်မှတ်ရေးထိုးခဲ့သည်။

Most read this week

February 11, 2026
စစ်ကော်မရှင်၏ အတုအယောင်ရွေးကောက်ပွဲသည် စစ်ရာဇဝတ်မှုများ ဆက်လက်ကျူးလွန်ရန် လမ်းဖွင့်ပေး...
February 10, 2026
စစ်ကော်မရှင်က ကျင်းပသည့် အထွေထွေ ရွေးကောက်ပွဲ အပိုင်း ၃ ပိုင်း အပြီးတွင် ပြည်ထောင်စု...
February 9, 2026
အမေရိကန်သမ္မတ အတည်ပြုလိုက်သည့် Burma Act ရန်ပုံငွေ ဒေါ်လာ ၁၂၁ သန်းကို စစ်ကော်မရှင်လက်သို့...
February 7, 2026
ဒေါ်အောင်ဆန်းစုကြည်၏ ဝမ်းကွဲ အကို၊ ဗိုလ်ချုပ်အောင်ဆန်း၏ တူ၊ အာဇာနည် ခေါင်းဆောင်ကြီး ဦးဘဝင်း၏ သား...