ကချင်လွတ်လပ်ရေးအဖွဲ့ KIO ထိန်းချုပ်သည့် ဧရိယာတွင် ပထမဆုံးအကြိမ် ဘွဲ့နှင်းသဘင် အခမ်းအနားကို ကျင်းပခဲ့သည်။
KIO ထိန်းချုပ်ရာ မိုင်ဂျာယာန်ဒေသ၊ မိုင်ဂျာယာန်ကောလိပ်တွင် ကျောင်းသား ၈၀ ကျော်အား ပထမဆုံးအကြိမ် ဘွဲ့နှင်းသဘင်အခမ်းအနားကို ဖေဖော်ဝါရီ ၂၉ ရက်တွင် ပြုလုပ်ခဲ့သည်။
မိုင်ဂျာယာန်ကောလိပ်တွင် နိုင်ငံရေးသိပ္ပံဘာသာရပ်ဖြင့် ဘွဲ့ရရှိခဲ့သည့် မဘောက်ခေါန်က “အရမ်း ပျော်ပြီး အရမ်းလည်း ပီတိဖြစ်မိတယ်၊ ဘာဖြစ်လို့လဲဆိုတော့ ကချင်မှာဆိုလို့ရှိရင် ကိုယ့်လူမျိုး ကိုယ်တိုင်ထူထောင်တဲ့ ကျောင်းမှာ ပထမဆုံးအကြိမ် ဘွဲ့ပေးတာ ဖြစ်တယ်ပေါ့နော။ အဲဒါကို ခံယူရတဲ့အတွက် အရမ်းကို ပီတိဖြစ်မိတယ်၊ ဘာဖြစ်လို့လဲဆိုဒီ ဟာက သမိုင်းမှာလည်း ကျန်ရစ်ခဲ့တဲ့ တစ်ခု ဖြစ်တယ်ပေါ့နော၊ အဲဒါကြောင့် အရမ်းကို ဂုဏ်ယူပြီးတော့ ပျော်ရွှင်မိပါတယ်” ဟု ပြောသည်။
အင်္ဂလိပ်စာဘာသာရပ်ဖြင့် ဘွဲ့ရရှိသည့် မဂျာတောင်ကလည်း “ကျမကကျတော့ KIO/ KIA ကဖွင့်တဲ့ စတိတ်ကျောင်းမှာ တက်ပြီးတော့ ဒီမှာ လာတက်တာ ဖြစ်တယ်။ ကိုယ်က ဘွဲ့ရတစ်ယောက် ဖြစ်ပြီဆိုတော့ စိတ်ထဲမှာ အရမ်း ဝမ်းလည်း ဝမ်းသာသလို ပီတိလည်း ဖြစ်တယ်” ဟု ပြောသည်။
မိုင်ဂျာယာန်ကောလိပ်တွင် Bacherlor of Arts in Development Studies (ဖွံ့ဖြိုးတိုးတက်မှုဘာသာရပ်) ၊ Bacherlor of Arts in English (အင်္ဂလိပ်စာ) ၊ Bacherlor of Arts in Politics (နိုင်ငံရေးသိပ္ပံ) ၊ Bachelor of Science in Computer (ကွန်ပြူတာသိပ္ပံ)၊ Bachelor of Science in Environmental Management (သဘာဝပတ်ဝန်းကျင်စီမံခန့်ခွဲမှု) စသည့် ဘာသာရပ်များကို သင်ကြားပေးခဲ့သည်ဟု မိုင်ဂျာယာန်ကောလိပ် ကျောင်းအုပ်ကြီး ဒေါက်တာလုလုအောင်က ပြောသည်။
“ကျမတို့အနေနဲ့လည်း ဒီကျောင်းကို အခု မေဂျာ(အထူးပြုဘာသာရပ်) ၅ ခုနဲ့ သွားနေတယ်။ အဲတော့ လာမယ့် အချိန်မှာဆိုလို့ရှိရင် ဒေသအတွင်း လိုအပ်ချက်တွေအပေါ်မှာ မူတည်ပြီးမ၊ ပြီးလို့ရှိရင် ကျမတို့ ကမ္ဘာနဲ့တန်းတူရှိတဲ့ ပညာရေးတွေနဲ့ ရင်ဘောင်တန်းနိုင်အောင်၊ ချိတ်ဆက်နိုင်အောင် လိုအပ်တဲ့ ပညာရေးတွေကို ဆိုလို့ရှိရင်လည်း ကလေးတွေရဲ့ စိတ်ဝင်စားမှုအပေါ် မူတည်ပြီးတော့ ကျမတို့ ထပ်ပြီးမှ ဖြည့်စွက်သွားမယ့်ဟာတွေလည်း ရှိပါသေးတယ်”ဟု ဒေါက်တာလုလုအောင်က ပြောသည်။
အဆိုပါဘွဲ့နှင်းသဘင်တွင် ဖွံ့ဖြိုးတိုးတက်မှုဘာသာရပ်အထူးပြုဖြင့် ၂၅ ဦး၊ အင်္ဂလိပ်စာဖြင့် ၂၀ ဦး ၊ နိုင်ငံရေးသိပ္ပံဖြင့် ၁၄ ဦး၊ ကွန်ပြူတာသိပ္ပံ ၁၉ ဦး ၊ သဘာဝပတ်ဝန်းကျင်စီမံခန့်ခွဲမှု ၄ ဦး၊ စုစုပေါင်း ကျောင်းသူ ကျောင်းသား ၈၂ ဦးကို ဘွဲ့ အပ်နှင်းခဲ့သည်။
"မနှစ်ကနေစပြီးမှ ကျမတို့ ဂျာနယ်လစ်ဇင်ကို ဒီပလိုမာ ပေးနေတာရှိတယ်။ ကျမတို့ ဆယ်လသင်တန်းပေါ့နော။ အဲဒါ ဂျာနယ်လစ်ဇင်ကျောင်းသားတွေ ရှိတယ်။ အဲဒါက နောက်မှ ထပ်ဖြည့်လိုက်တဲ့ ဘာသာရပ်ပေါ့နော"ဟု ကောလိပ်ကျောင်းအုပ်ကြီးက ဆိုသည်။
မိုင်ဂျာယာန်ကောလိပ်ကို ကချင်လွတ်လပ်ရေးအဖွဲ့ KIO ၏ အထက်တန်းကျောင်းတွင် အောင်မြင်သည့်သူများသာမက မြန်မာအစိုးရကျောင်းများတွင် တက္ကသိုလ်ဝင်တန်း (ဆယ်တန်း)အောင်မြင်သူများလည်း တက်ရောက်ကြသည်ဟု သိရသည်။
မြန်မာအစိုးရအထက်တန်းကျောင်းတွင် အောင်မြင်ပြီး မိုင်ဂျာယာန်ကောလိပ်တွင် ဆက်လက်တက်ရောက်ရသည့် အကြောင်းရင်းနှင့် ပတ်သက်၍ မဘောက်ခေါန်က“ကျမတို့က ဆယ်တန်းကတော့ မြန်မာကျောင်းမှာ အောင်ခဲ့တာပေါ့။ ဒါပေမယ့် အဲဒီမှာ ဗမာကျောင်းမှာဆိုရင်တော့ တက္ကသိုလ်မှာဆိုရင်လည်း ဒီအတိုင်းပဲ။ ကျောင်းသွားလိုက်၊ ပြီးရင် ပြန်လာလိုက်၊ ပြီးလို့ရှိရင် လက်တွေ့မှာ သုံးမယ့် ပညာရပ်တွေပေါ့နော၊ ပြီးလို့ရှိရင် သင်ယူလို့ မရဘူး၊ အဲလိုမျိုးခံစားရတယ်။ ပြီးလို့ရှိရင် ဒီမှာ ကိုယ် သင်ယူချင်တဲ့ ဘာသာရယ်၊ ပြီးလို့ရှိရင် ဘယ်လိုပြောမလဲ၊ တကယ့် အပြင်လက်တွေ့မှာပေါ့နော၊ သုံးသွားတဲ့ ပညာရပ်တွေ၊ ကောင်းမွန်တဲ့ ပညာရပ်တွေ၊ ကမ္ဘာ့အဆင့်မီတဲ့ ပညာရပ်တွေကို သင်ယူနိုင်မယ်။ ပြီးလို့ရှိရင် ကိုယ့်လူမျိုးနဲ့ပတ်သက်တဲ့ အကြောင်းတွေပေါ့နော၊ သင်ယူရမယ်ဆိုတော့ အဲဒီအားသာချက်တွေကြောင့် ဒီကျောင်းကို တက်ဖြစ်သွားတာပါ”ဟုပြောသည်။
၂၀၁၁ ခုနှစ်တွင် ကချင်လွတ်လပ်ရေးတပ်မတော် KIO/KIA နှင့် အစိုးရတပ်မတော်တို့ တစ်ကျော့ပြန် ဖြစ်ပွားခဲ့သည့် တိုက်ပွဲများကြောင့် KIO ထိန်းချုပ်ရာနယ်မြေမှ ကျောင်းသား/သူများမှာ အစိုးရဖက်တွင် ကျောင်းတက်၍ မရတော့သည့် အခြေအနေသို့ ရောက်ရှိလာသည့်အတွက် လိုအပ်ချက်အရ မိုင်ဂျာယာန်ကောလိပ်ကို ဖွင့်လှစ်ခဲ့ရသည်ဟု ဒေါက်တာလုလုအောင်က ပြောသည်။
“KIO ခေါင်းဆောင်တွေနဲ့ ကချင်အမျိုးသားပညာရေးကို စိတ်ဝင်စားတဲ့၊ မြန်မာပြည်မှာ ရှိတဲ့ ကျမတို့ ကချင်တိုင်းရင်းသားတွေရယ်၊ ပြီးတော့ ပြည်ပမှာရှိတဲ့ ကချင်တိုင်းရင်းသားတွေရယ်၊ ပူးပေါင်းပြီးမှ အစည်းအဝေး စပြီးတော့မှ စခဲ့တယ်။ အကုန်လုံးက၊ ကချင်တစ်မျိုးသားလုံးက ကျမတို့ ကချင်ကောလိပ် တက္ကသိုလ်က လိုအပ်နေပြီဆိုပြီးတော့မှ သူတို့ သဘောတူညီတဲ့အတွက်ကြောင့်မို့လို့ ကျောင်းဖွင့်မယ့် အစည်းအဝေးပေါ့၊ တရားဝင်အစည်းအဝေးကို စထိုင်ခဲ့တယ်။ ထိုင်ပြီးမှ သုံးလအကြာမှာ ကျမတို့ မိုင်ဂျာယာန်ကောလိပ်ကို စပြီးမှ ဖွင့်လှစ်ခဲ့တယ်။ ၂၀၁၅ ခုနှစ် ဇူလိုင်လမှာ အစည်းအဝေး စထိုင်ပြီးမှ ၂၀၁၅ ခုနှစ် စက်တင်ဘာလမှာ ကျောင်းကို ဖွင့်လှစ်လိုက်တယ်။ အဲတော့ အခြေအနေအရ ဖွင့်လှစ်လိုက်တဲ့ ကျောင်းတစ်ခုလို့ ပြောလို့ ရပါတယ်”ဟု ဒေါက်တာလုလုအောင်က ပြောသည်။
မိုင်ဂျာယာန်ကောလိပ်၏ ဘွဲ့နှင်းသဘင် အခမ်းအနားသို့ ဘွဲ့ရ ကျောင်းသားကျောင်းသူများနှင့်အတူ ကျောင်းသားမိဘများ၊ ဆရာ ဆရာမများ၊ KIO ဗဟိုပညာရေးဌာန တာဝန်ရှိသူများ၊ အုပ်ချုပ်ရေးပိုင်း တာဝန်ရှိသူများနှင့် ဒေသခံများ စုစုပေါင်း လူဦးရေ ထောင်ချီ တက်ရောက်ခဲ့သည်။







