စစ်တွေမြို့ထဲတွင် အမျိုးသမီးတစ်ဦး လုယက်သတ်ဖြတ်ခံရ

စစ်တွေမြို့ထဲတွင် အမျိုးသမီးတစ်ဦး လုယက်သတ်ဖြတ်ခံရ
by -
ချစ်အိလှိုင်၊ ဆောင်းဇာခြည်

ရခိုင်ပြည်နယ်၊ စစ်တွေမြို့ အိုးတန်းရပ်ကွက် ဆန်ပွဲရုံတန်းတွင်  ဖေဖော်ဝါရီ ၂၈ ရက် နံနက်က အမျိုးသမီး တစ်ဦး လုယက်သတ်ဖြတ်ခံခဲ့ရကြောင်း သတင်းရရှိသည်။

၎င်းအမျိုးသမီးမှာ ဒေါ်သိပ္ပံစိုး(ခေါ်)မေကျော့(၅၂)နှစ် ဖြစ်ပြီး သိန်းရွှေဝင်းဆန်ပွဲရုံပိုင်ရှင်၏ ဇနီးဖြစ်သည်။  

ဖြစ်စဉ်မှာ ဖေဖော်ဝါရီ ၂၈  နံနက် ၁၁ နာရီခွဲခန့်တွင် ဖြစ်ကြောင်း၊ လည်လှီးသတ်ဖြတ်သွားခြင်း ဖြစ်ကြောင်း  သေဆုံးသူ၏ ခင်ပွန်းဖြစ်သူ ဦးသိန်းရွှေဦးက နိရဥ္စရာ သတင်းဌာနအားပြောသည်။

 “ မိန်းက ဆိုင်ကနေ အိမ်ကိုပြန်လာတဲ့ အတွက် ကျွန်တော်တစ်လှည့် ဆိုင်ကို သွားထိုင်တယ်။ ထမင်းစားဖို့ လူ ချိန်းတယ်ပေါ့နော်။ အဲဒီ ဆိုင်မှာ ၅ မိနစ်လောက်ပဲ ကြာမယ်ထင်ပါတယ်။ အများကြီးမကြာပါဘူး။ အဲဒီအချိန်မှာ ကျွန်တော့် အစ်မက လာပြီး မင်းဇနီးကို ဓါးနဲ့ လည်လှီး ထားတယ်ပြောလို့။ ကျွန်တော်ကလည်း အဲလောက်ထိ ဖြစ်မယ်မထင်ပါဘူး။ ရန်ဖြစ်ကြရင် ဓါးထိသွားတယ် ထင်တာပါ။ ရောက်လာတော့ ဒီလို တွေ့ရတော့တာပါပဲ။ ရွှေလက်ကောက်တွေ၊ ဆွဲကြိုးတွေ အကုန်ပါသွားပါတယ်။ ၅ မိနစ် အတွင်းမှာ အခုလို လုပ်သွားတာပါ။ သမီးလေးက ဘေးမှာ ထိုင်လို့ ရှိပါတယ်။ ကလေးက ၁၅ နှစ်ပါ။ ဒါပေမယ့် သူက မသန်စွမ်းဘူး။ အဲဒါကြောင့် ဖြစ်စဉ်ကို မပြောပြတတ်ပါဘူး” ဟု ၎င်းက ဆိုသည်။

ယမန်နေ့ ဖေဖော်ဝါရီ ၂၇ ရက်ညက ၎င်းတို့အိမ် သူခိုးဝင်၍ ဆိုင်ကယ် ခိုးယူရန်ကြံစည်သဖြင့် အိမ်နီးချင်းများက လိုက်လံဖမ်းဆီးသဖြင့် ထွက်ပြေးတိမ်းရှောင်သွားကြောင်းသိရသည်။

 “ရန်ငြိုးလည်း မရှိပါဘူး။ မနေ့ညက ကျွန်တော့်ဆိုင်ကယ်ကိုတော့ လာခိုးတာ ရှိပါတယ်။ သူခိုးက လမ်းမပေါ် အရောက်မှာပဲ ဘေးအိမ်က လူတွေက လိုက်ဖမ်းကြသေးတယ်။ ကျွန်တော်တောင် မသိလိုက်ပါဘူး။ ကျွန်တော်ထင်တာ အဲဒီ အဲဒီသူခိုးက မပြေးဘဲ  ပုန်းနေခဲ့တယ် ထင်ပါတယ်။ သူခိုးက ဆံပင် အရှည်နဲ့လို့ သိရပါတယ်။ အဲဒီလိုတော့ တစ်ခု ဖြစ်ခဲ့ပါတယ်” ဟု ဦးသိန်းရွှေဦးက ဆက်ပြောသည်။

စစ်တွေမြို့နယ် ရဲတပ်ဖွဲ့မှ ရဲမှူးအောင်နိုင်ဝင်းက ပြစ်မှုကျူးလွန်သူကို စုံစမ်းနေကြောင်း ပြောသည်။

“သူ့သမီးလေးကို မေးကြည့်တော့ အင်္ကျီအမည်း ဝတ်ထားတဲ့ သူကလာပြီး သတ်သွားတာလို့ ပြောပါတယ်။ တရားခံက အခု လောလောဆယ် မြို့တွင်းက မထွက်နိုင်သေးဘူးလို့ ယူဆ ရတာပေါ့။ အဲဒါကြောင့် အဝင်အထွက် ဂိတ်တွေ စစ်ဆေးတာတွေ အသေးစိတ် ရှာဖွေမှု လုပ်ဆောင် ခိုင်းထားပါတယ်။ လက်ရှိတော့ အမှုဖြစ်ပွားပုံကို စစ်ဆေးနေပါတယ်” ဟု အခင်းဖြစ်ပွားသည့် နေရာအနီး၌ နိရဥ္စရာ သတင်းထောက်များ မေးမြန်းစဉ် ဖြေကြားသည်။

အဆိုပါ သေဆုံးသူအမျိုးသမီး အနီးရှိ ထမင်းစားပွဲတွင် စားလက်စ ထမင်းဝိုင်း တစ်ခုရှိပြီး သူမ၏ အနားတွင်  ပုဆိန်တစ်လက်နှင့် ဟင်းလှီးဓားတွင် သွေးများပေကျံနေသည်ကို တွေ့ရှိရကြောင်း၊ မသန်စွမ်းသူ (၁၅)နှစ် အရွယ်သမီးငယ်မှာလည်း အခင်းဖြစ်ရာနေရာတွင် ရှိနေကြောင်း၊ ၎င်းသမီးငယ်၏ အော်သံကြား၍ အိမ်နီးနားချင်းများဝင်ကြည့်ရာ အလောင်းကို တွေ့ရှိ ရခြင်းဖြစ်ကြောင်း သိရသည်။

April 22, 2026
ဆောင်းဦးမာန် — ရန်ကုန်မြို့မှ ရခိုင်ပြည်၊ မာန်အောင်မြို့သို့ ပြေးဆွဲမည့် လေကြောင်းခရီးစဉ်ကို...
April 21, 2026
ခိုင်လူလှ (ရိုးမမြေ) — ရခိုင်ကမ်းရိုးတန်းမှတစ်ဆင့် တောင်ကုတ်နှင့်ရမ်းဗြဲမြို့နယ်များအား...
April 20, 2026
ကျော်သီဟ — ရခိုင်ပြည်၊ မြောက်ဦးမြို့နယ်၊ ကျောက်ဆည်ပြင်ရွာကို အကြမ်းဖက်စစ်‌ကော်မရှင်လေတပ်က ဧပြီ (...
April 11, 2026
ကျော်သီဟ — ဧပြီလ ၁ဝ ရက်တွင်ကျရောက်သည့် အာရက္ခတပ်တော် (AA) တည်ထောင်ခြင်း (၁၇) နှစ်မြောက်နေ့သို့...