ရှမ်းပြည်မြောက်ပိုင်း လူ့အခွင့်အရေး ချိုးဖောက်မှုများ ရပ်ရန် SHRF တောင်းဆို

ရှမ်းပြည်မြောက်ပိုင်း လူ့အခွင့်အရေး ချိုးဖောက်မှုများ ရပ်ရန် SHRF တောင်းဆို

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ဒေသခံပြည်သူများကို လုပ်အားပေးခိုင်းစေခြင်းနှင့် မြေယာသိမ်းဆည်းမှုများ ရပ်တန့်ပေးရန် ရှမ်းလူ့အခွင့်အရေး မဏ္ဍိုင်အဖွဲ့ (SHRF) က တောင်းဆိုလိုက်သည်။

လားရှိုးမြို့နယ် မိုင်းကျက်ကျေးရွာအုပ်စုရှိ ကျေးရွာ ၁၁ ရွာမှ ဒေသခံများကို တပ်မတော်က လူ့အခွင့်အရေး ချိုးဖောက်မှုများ ဆက်လက်ကျူးလွန်နေပြီး ရပ်တန့်ပေးရန် ဖေဖော်ဝါရီ ၂၄ ရက်က ရှမ်းလူ့အခွင့်အရေး မဏ္ဍိုင်အဖွဲ့ (SHRF) က ထုတ်ပြန်တောင်းဆိုလိုက်ခြင်းဖြစ်သည်။

တပ်မတော်မှ တပ်စခန်းသစ် တည်ဆောက်ရန်အတွက် လုပ်အားပေးခိုင်းစေနေခြင်းဖြစ်ကြောင်း ရှမ်းလူ့အခွင့်အရေး မဏ္ဍိုင်အဖွဲ့ (SHRF) မှ ပြောရေးဆိုခွင့်ရှိသူ စိုင်းတင်းဟန်က ပြောသည်။

“ကျနော်တို့ တောင်းဆိုချင် တာကတော့ ဒီမျိုးပေါ့နော်။ နှစ်ပေါင်းများစွာလည်း ဖြစ်ပေါ်ခဲ့တယ်ပေါ့နော် ဒီလိုမျိုး ရှိတယ်ပေါ့ နောက်ထပ် ကို ပြည်သူကို ဒုက္ခရောက်အောင် ဒီလိုမျိုး မလုပ်စေချင်ဘူးပေါ့နော်။ ဒီအတိုင်းပဲ ရပ်သွားစေချင်တာပေါ့ နော်။ ပြီးတော့ တောင်သူတွေကို သစ်ခုတ်ခိုင်းတယ် ထင်းခုတ်ခိုင်းတယ် ပြီးတော့ ယာသိမ်းတယ်၊ မြေ သိမ်းတယ် အဲလိုမျိုး မလုပ်စေချင်ဘူးပေါ့နော် ရပ်တန့်သွားစေချင်တယ်။ ဒီလိုမျိုး နောက်ထပ်မလုပ်စေချင် တာပေါ့” ဟု ပြောသည်။

ရှမ်းလူ့အခွင့်အရေး မဏ္ဍိုင်အဖွဲ့ (SHRF) ၏ ဖေဖော်ဝါရီ ၂၄ ရက်ထုတ်ပြန်ချက်ထဲတွင် ၂၀၁၉ ခုနှစ် အောက်တို ဘာလ မှစတင်၍ နည်းဗျူဟာ စစ်ဆင်ရေး အခြေစိုက်စခန်းသစ်တည်ဆောက်ရန်အတွက် သစ်နှင့်ဝါးစီစဉ် ပေးရန် ရှမ်းပြည်နယ် မြောက်ပိုင်း လားရှိုးမြို့နယ်၊ မိုင်းကျက်ကျေးရွာအုပ်စုရှိ ကျေးရွာ ၁၁ ရွာမှ ရွာသားများ ကို မြန်မာ အစိုးရ စစ်တပ်မှ အတင်းအဓမ္မစေခိုင်းခဲ့သည် ဟု ဆိုသည်။

အဆိုပါ အခြေစိုက်စခန်းသစ် ပတ်လည် ခြံစည်းရိုးခတ်ရန်နှင့် သစ်နှင့် ဝါးခုတ်ရန် တစ်လတွင် ၆ ရက်အထိ ဒေသခံများ လုပ်အားပေး ခိုင်းစေခံရသည်ဟု ရှမ်းလူ့အခွင့်အရေး မဏ္ဍိုင်အဖွဲ့ (SHRF) က ပြောသည်။

“အခုစနေပြီ ခြံစည်းရိုးတွေ ဘာတွေ သွားလုပ်ခိုင်းတာပေါ့နော ရွာသူရွာသားတွေကို လုပ်ခိုင်းတာလေ အဲဒီ ဗျူဟာမှူးကြီးကတော့ ဥက္ကဋ္ဌဆီကို စာအကြောင်းကြားတာပေါ့နော်။ ပြီးတော့ မင်းတို့ ရွာက ၁၁ ရွာရှိတယ်။ ဆိုတော့ မိုင်းကျက်အုပ်စုထဲမှာပေါ့နော တစ်အိမ်တစ်ယောက်ပေါ့၊ အဲမှာ မိုင်းကျက်ထဲမှာဆိုရင် အိမ်ထောင် စု ၅၀၀ ကျော်လောက်ရှိတယ်လေ၊ အဲမှာအိမ်တိုင်းပေါ့နော် တစ်အိမ်တစ်ယောက်တော့ လာရတာပေါ့နော်။”

ယခင်နှစ်ကလည်း ရွာသားများကို သစ်ရှာ သစ်ခုတ်ပြီး လာရောက်ပိုဆောင်ခိုင်းခဲ့သေးသည်ဟု စိုင်းတင်းဟန်က ပြောသည်။

“မနှစ်ကလည်း အဲလိုမျိုး လုပ်ရတာပေါ့နော်။ သစ်လည်းရှာရတယ် ခုတ်လည်း ခုတ်ရ တယ်။ သွားပို့လည်း သွားပို့ရသေးတယ်ပေါ့နော်။ ပြီးတော့ ရွာက ထော်လာဂျီတွေ ကားတွေလည်း ခိုင်း တယ်ပေါ့နော်။ သဲတွေ တင်ခိုင်းတယ် သစ်ပင်တွေ သစ်သားတွေ ခုတ်ပြီးတော့ အဲဒီကားကို တင်ခိုင်းတာ အဲ့လိုမျိုး ရှိတယ်ပေါ့” ဟု စိုင်းတင်းဟန် က ဆက်ပြောသည်။

ပြီးခဲ့သည့်၂၀၁၉ ဒီဇင်ဘာလကလည်း ဒေသခံများသည် မြန်မာအစိုးရ စစ်တပ် အခြေစိုက် စခန်းအနီးရှိ မန်ပန် ပြည်သူ့စစ်အတွက် မြေယာရှင်းလင်းရေးနှင့် စစ်တန်းလျားသစ်များ ဆောက်လုပ်ရန် ၄ ရက်ကြာ အတင်းခိုင်းစေ ခံခဲ့ရသည်ဟု ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်အဖွဲ့ (SHRF) ၏ ထုတ်ပြန်ချက်ထဲတွင် ထည့်သွင်း ထားသည်။

ထို့အပြင် ကျေးလက်ရွာသားများ၏ တောင်ယာခြံနှင့် သစ်တောမြေများကို တပ်မတော်က သိမ်းယူခဲ့သည် ဟု ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်အဖွဲ့ (SHRF) မှ စိုင်းတင်းဟန် က ပြောသည်။

“မြေယာသိမ်းထားတာတော့ အဲဒီမှာ ဘုန်းကြီးကျောင်းနဲ့ နီးတယ် သူတို့ စခန်းကတော့ ဘုန်းကြီးကျောင်းနဲ့ နီးတယ်ပေါ့။ သိမ်းထားတာတော့ မြေဧကတော့ ၁၀၀ ဝန်းကျင်လောက်ရှိတယ်ပေါ့နော။ ဒေသခံ မြေဧက ကတော့ ၅ ယောက်တော့ ရှိတယ်ပေါ့နော်။ ပြီးတော့ ဘုန်းကြီးပိုင်တဲ့ မြေလည်းပါတယ်ပေါ့နော်။ ဘာဖြစ်လဲ ဆိုတော့ အဲဒီ စစ်တပ်ကတော့ ဘုန်းကြီး ကျောင်းနဲ့ နီးတယ်လေနော ဘုန်းကြီးရဲ မြေကွက် လည်းပါသွား တာပေါ့နော်။”

အဆိုပါကိစ္စရပ်များနှင့် ပတ်သက်၍ အကြောင်းစုံသိရှိနိုင်ရန် တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့အား တာဝန်ရှိသူများကို ဆက်သွယ်သော်လည်း မရသေးပေ။

ယခုတပ်မတော်မှ တပ်စခန်းသစ်တည်ဆောက်နေသည့် နေရာသည် မန်ပန်ပြည်သူစစ်၏ ယခင်အခြေစိုက် စခန်းနေရာဖြစ်သည်ဟု သိရသည်။

အဆိုပါ မန်ပန်ပြည်သူ့ စစ်စခန်းအား တပ်မတော်မှ ရွေ့ခိုင်းခဲ့ဲသည့်အပြင် ၎င်းအနီးတစ်ဝိုက်ရှိ တောင်သူများ ၏ မြေယာများကိုပါ သိမ်းဆည်းကာ အခြေစိုက် တပ်စခန်းသစ် တည်ဆောက်ထား ခြင်းဖြစ်သည်ဟု စိုင်းတင်းဟန် က ဆိုသည်။

တပ်မတော်အပါအဝင် လက်နက်ကိုင် အဖွဲ့အစည်းများစွာ တည်ရှိနေသည့် ရှမ်းပြည်နယ်မြောက်ပိုင်း တွင် ဒေသခံပြည်သူများမှာ အတင်းအဓမ္မခိုင်းစေခြင်းများအပါအဝင် အမျိုးမျိုးသော လူ့အခွင့်အရေး ချိုးဖောက်မှု များကို နည်းမျိုးစုံနှင့် ခံနေရသည့်အတွက် အဆိုပါ ကိစ္စရပ်များကို ရပ်တန့်ပေးရန် တောင်းဆိုရခြင်းဖြစ်သည် ဟု ရှမ်းလူ့အခွင့် အရေးမဏ္ဍိုင်အဖွဲ့ (SHRF) က ပြောသည်။

Most read this week

February 11, 2026
စစ်ကော်မရှင်၏ အတုအယောင်ရွေးကောက်ပွဲသည် စစ်ရာဇဝတ်မှုများ ဆက်လက်ကျူးလွန်ရန် လမ်းဖွင့်ပေး...
February 10, 2026
စစ်ကော်မရှင်က ကျင်းပသည့် အထွေထွေ ရွေးကောက်ပွဲ အပိုင်း ၃ ပိုင်း အပြီးတွင် ပြည်ထောင်စု...
February 9, 2026
အမေရိကန်သမ္မတ အတည်ပြုလိုက်သည့် Burma Act ရန်ပုံငွေ ဒေါ်လာ ၁၂၁ သန်းကို စစ်ကော်မရှင်လက်သို့...
February 7, 2026
ဒေါ်အောင်ဆန်းစုကြည်၏ ဝမ်းကွဲ အကို၊ ဗိုလ်ချုပ်အောင်ဆန်း၏ တူ၊ အာဇာနည် ခေါင်းဆောင်ကြီး ဦးဘဝင်း၏ သား...