မေယူကမ်း စေတီပြင်နယ်မြေရောက် စစ်ဘေးရှောင်များကို ရခိုင်လွှတ်တော်ဥက္ကဋ္ဌနှင့် အဖွဲ့ သွားရောက်တွေ့ဆုံ

မေယူကမ်း စေတီပြင်နယ်မြေရောက် စစ်ဘေးရှောင်များကို ရခိုင်လွှတ်တော်ဥက္ကဋ္ဌနှင့် အဖွဲ့ သွားရောက်တွေ့ဆုံ

သန့်မြတ်ခိုင် — ရသေ့တောင်မြို့နယ်၊ မေယူကမ်း၊ စေတီပြင်နယ်ကျေးရွာသို့ နေရပ်စွန့်ခွာ ခိုလှုံ လာကြသော စစ်ဘေးရှောင်များကို ရခိုင်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးဆောင်သော လွှတ်တော် ကိုယ်စားလှယ်အဖွဲ့သည် ဖေဖော်ဝါရီ ၂၃ ရက်နေ့က သွားရောက်တွေ့ဆုံပြီး အားပေးစကားများ ပြောကြားကာ ဆန်အိတ် ၁၁၀ ထောက်ပံ့ ကူညီခဲ့ကြောင်း သတင်းရရှိသည်။

သွားရောက်တွေ့ဆုံရာတွင် ရခိုင်ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌ ဦးစံကျော်လှ၊ ဒုဥက္ကဋ္ဌ ဦးမြသန်း၊ ရသေ့တောင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စောဝေ၊ မောင်တောမြို့နယ် အမှတ်(၂)မဲဆန္ဒနယ်မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးမောင်အုန်း၊ ဘူးသီးတောင်မြို့နယ် အမှတ်(၂)မဲဆန္ဒနယ်မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းအောင်သိန်း၊ မြေပုံမြို့နယ် အမှတ်(၁)မဲဆန္ဒနယ်မှ လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ဝင်း နှင့် ရုံးအဖွဲ့များလည်း ပါဝင်ကြောင်း သိရသည်။

စေတီပြင်သို့ နေရပ်စွန့်ခွာ ထွက်ပြေးခိုလှုံ လာကြသူမှာ ၄၀၀၀ ခန့်ထိ ရှိပြီး ဘူးသီးတောင်နှင့် ရသေ့တောင်မြို့နယ် နှစ်ခုတို့မှ ဖြစ်ကြပြီး ရခိုင်ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌဦးဆောင်သော  လွှတ်တော်ကိုယ်စားလှယ်အဖွဲ့မှ ဆန်အိတ် ၁၁၀ ထောက်ပံ့လှူဒါန်းခဲ့ကြောင်း မယူကမ်းဒေသ ဖွံ့ဖြိုးရေးအသင်း ဥက္ကဋ္ဌ ဦးမောင်စောဝင်းက ပြောသည်။

“အဓိကက စစ်ဘေးရှောင်တွေနဲ့လာတွေ့တာပါ။ သူတို့ရဲ့ အခြေအနေတွေကို သိရှိအောင်နဲ့ အားပေးကူညီဖို့ လာကြတာပါ။ အခု  စေတီပြင်နယ်မြေဘက်မှာ စစ်ဘေးရှောင်လူဦးရေ ၄၀၀၀ နီးပါလောက်ရှိတယ်။ အဲဒီထဲကစစ်ဘေးရှောင် အိမ်ထောင်ဦးစီးအယောက် ၁၅၀၀ လောက်နဲ့ မနေ့က စေတီပြင်ကျေးရွာ ဘုန်းတော်ကြီးကျောင်းမှာ တွေ့ကြတယ်” ဟု ဦးမောင်စောဝင်းက ပြောသည်။

စေတီပြင်သို့ ထွက်ပြေးလာကြသူ အများစုသည် တပ်မတော်စစ်ကြောင်း ကျေးရွာအတွင်းသို့ ဝင်ရောက်လာပြီး ခြိမ်းခြောက်မှုများပြုလုပ်မည်ကို စိုးရိမ် ကြောက်လန့်ပြီး ထွက်ပြေး လာရခြင်း ဖြစ်ကြောင်းတွေ့ရှိရသည်ဟု  ရသေ့တောင်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်စောဝေက နိရဥ္စရာသို့ ပြောသည်။

“ထွက်ပြေးလာကြသူ အများစုပြောတာကတော့ သူတို့နှစ်ဘက် တိုက်ပွဲတစ်ခုတည်းကြောင့် မဟုတ်ဘူး။ တပ်မတော်စစ်ကြောင်း ရွာထဲကိုဝင်လာလို့ ကြောက်ပြီးပြေးကြတာလို့ပြောပါတယ်။ သူတို့တွေမှာ ကလေးတွေကလည်း အခုအချိန်မှာ စာမေးပွဲကလည်း နီကပ်လာပြီ။ ကိုယ့်အိမ် ကိုယ့်ယာကို ပြန်လို့ရှိရင်လည်း အိမ်တွေဖျက်စီးခံထားရတာတွေ တွေ့ရတယ်ဆိုပြီးတော့ သူတို့က ပြောကြတယ်။ သူတို့ကိုအားပေးစကား ပြောပြီးတော့ သူတို့ရဲ့စာဝတ်နေရေးအတွက်ကို တစ်ဘက်တစ်လမ်းကပံ့ပို့ကူညီပေးခဲ့တယ်” ဟု ဒေါ်ခင်စောဝေက ပြောသည်။

ရခိုင်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးစံကျော်လှ ဦးဆောင်သော လွှတ်တော်ကိုယ်စားလှယ်များသည်  စစ်းဘေးရှောင်များနှင့် စေတီပြင်ကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင်တွေ့ဆုံခဲ့ပြီး စစ်ဘေးရှောင် များ၏ အခက်အခဲများ၊ ကျန်းမာရေး၊ လူမှုရေး ကိစ္စများကို မေးမြန်း ဆွေးနွေးခဲ့ကြသည်ဟု ဆိုသည်။

ရေစိုးချောင်းကျေးရွာမှ နေရပ်စွန့်ခွာလာသည့် စစ်ဘေးရှောင် တစ်ဦးဖြစ်သူဦးဘခင်က “ကျနော်တို့ ပြေးလာကြတာ ၁၁ လလောက်ရှိပါနေပါပြီ။ စစ်တပ်တွေက ရပ်ရွာတွေမှာဝင်လာပြီးတော့ အမျိုးမျိုး ခြိမ်းခြောက် ပြောဆိုတာတွေရှိတော့ အရပ်သားတွေက ကြောက်ကြတယ်။  အဲဒီ အတွက်ကြောင့် ကျနော်တို့က အဲသလို ဟိုမေးဒီမေး စစ်ဆေးမှာကို ကြောက်လို့ ထွက်ပြေးလာပါတယ်” ဟု ပြောသည်။

အမျက်တောင်ကျေးရွာမှ စစ်ဘေးရှောင်လာသူတစ်ဦးက ဒေါ်ဦးသန်းယဉ်က “ကျမတို့ ဒီကိုရောက်နေတာ ၄ လရှိနေပြီ။ ရွာနားတွေမှာ တိုက်ပွဲတွေဖြစ်ပါတယ်။ တောင်ပေါ် တွေကလည်း ပစ်တယ်။ လူတွေလည်းသေကြတယ်။ ကျမသမီးလေးမှာတောင် ဒဏ်ရာရ သွားခဲ့တာရှိတယ်။ ရွာကိုပြန်ချင်တယ်။ ပြန်လို့ကမရပါ။ ပြန်ရင်လည်း အပေါ်မှာဗျူဟာရှိတယ်။ တိုက်ပွဲဖြစ်မှာကို ကြောက်တယ်။ ရွာမှာလူလည်းမရှိ။ အိမ်တွေကလည်း လက်နက်ကြီးကျပြီး မီးလောင် သွားတာတွေလည်းရှိတယ်” ဟု ပြောသည်။

ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် တစ်ခုတည်းတွင် စစ်ဘေးရှောင် ၅၀၀၀၀ ခန့်ရှိနေပြီး ရသေ့တောင်မြို့ပေါ်တွင် သက်သက် ၄၀၀၀၀ ခန့်ရှိနေကြောင်း အရပ်ဘက် လူမှုအဖွဲ့အစည်းများ၏ စာရင်းအရ သိရသည်။

January 13, 2026
သဉ္ဇာနွယ် — ရခိုင်ပြည်၊ ကျောက်ဖြူမြို့ပြင်တိုက်ပွဲအတွင်း စစ်ကော်မရှင်တပ်၏ ရှေ့တန်းစစ်မျက်နှာ‌...
ဗုံးကြဲခံခဲ့ရသည့်မြောက်ဦးပြည်သူ့ဆေးရုံအတွက် ဂျပန်နိုင်ငံတွင် အလှူငွေကောက်ခံနေ
January 12, 2026
ရခိုင်ပြည်၊ မြောက်ဦးမြို့တွင် ဗုံးကြဲခံလိုက်ရသည့်ပြည်သူ့ဆေးရုံအားထောက်ပံ့နိုင်ရန်...
January 9, 2026
ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်တွင် ယနေ့ အာရက္ခတပ်တော်(AA)၏ ခြုံခိုတိုက်ခိုက်မှုကြောင့် အင်အား ၁၀၀...
တစ်ချိန်က စစ်တွေမြို့လမ်းမများပေါ်တွင် ရခိုင်လူထုကို စစ်ရေးအင်အားပြပြီး ခြိမ်းခြောက်ခဲ့သည့် မြင်ကွင်းတစ်ခု (ပုံဟောင်းသာ)
January 8, 2026
အာရက္ခတပ်တော်(AA)မှ စစ်တွေမြို့ပြင်ရှိ ကာကင်းစခန်းများ၊ စစ်ကြောင်းများကို စတင်ထိုးစစ်ဆင်...