ဘူးသီးတောင်မြို့နယ် မာန်အောင်၊ စက်ခေါ်ရွာအနီးဝန်းကျင်ကို ရဟတ်ယာဉ်၊ စစ်ရေယာဉ်များဖြင့် တိုက်ခိုက်

ဘူးသီးတောင်မြို့နယ် မာန်အောင်၊ စက်ခေါ်ရွာအနီးဝန်းကျင်ကို ရဟတ်ယာဉ်၊ စစ်ရေယာဉ်များဖြင့် တိုက်ခိုက်

ခိုင်လူလှ (ရိုးမမြေ) — ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၊ ကျွဲရိုင်းခတ်အုပ်စု မာန်အောင်ကျေးရွာနှင့် စက်ခေါ် ကျေးရွာအကြား နေရာအများအပြားကို တပ်မတော်မှ ရဟတ်ယာဉ် နှစ်စီး၊ စစ်ရေယာဉ် ဇက်သင်္ဘော နှစ်စီးတို့နှင့် အတူ ဖေဖော်ဝါရီ ၁၈ ရက် ညနေ ပိုင်းက ပြင်းပြင်းထန်ထန် တိုက်ခိုက်ခဲ့ပြီး မာန်အောင်ကျေးရွာရှိ နေအိမ်အချို့ မီးလောင်ခဲ့သည်ဟု သတင်းရရှိသည်။

 ၎င်းတိုက်ခိုက်မှုမှာ မေယူမြစ်အတွင်း အထက်ပိုင်းသော တက်လာသော ရေတပ် ဇက်ရေယာဉ်တစ်စီးကို ရက္ခိုင့်တပ်တော် (AA) တပ်ဖွဲ့ဝင်များက သမီးလှနှင့် စက်ခေါ်ကျေးရွာ အကြား ကမ်းပေါ်မှ  ဖြတ်တောက် တိုက်ခိုက်ပြီးနောက် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်ဟု အမည်မဖော်လိုသူဒေသခံ တစ်ဦးက ပြောသည်။

 ထိုတိုက်ခိုက်မှုအတွင်း အမြောက်သံ စက်သေနတ်သံများကြောင့် မေယူမြစ်အရှေ့ဘက်ရှိ အိုးဖောက်၊ သမီးလှ၊ သပြေဆိပ်၊ စျီးခေါင်းကျေးရွာများမှ ရွာသားများသည် ဘူးသီးတောင်မြို့နယ် သေကံခွဆုံကျေးရွာသို့ ထွက်ပြေးပြီး ခိုလှုံနေကြသည်ဟု ထွက်ပြေးလာသူ တစ်ဦးက ပြောသည်။

“ မိုးလည်း ချုပ်နေပြီဆိုတော့ အရေအတွက်ကို စာရင်းမကောက်နိုင်သေးတော့ တိတိကျကျ မသိရသေးဘူး။ အရင်ရှိနေတဲ့ စစ်ပြေးရှောင်တွေနဲ့ အခု အသစ်ထပ်ရောက်လာသူတွေနဲ့ ဆိုရင် ၁၀၀၀ လောက် ရှိမယ်လို့ ဆရာတော်က ပြောပါတယ်” ဟု ဖေဖော်ဝါရီ ၁၈ ညနေပိုင်းက ထွက်ပြေးရောက်ရှိလာသူ အိုးဖောက်ရွာသား တစ်ဦးက ပြောဆိုသည်။

အလားတူ မေယူမြစ် အနောက်ဘက်ခြမ်း မာန်အောင်၊ စက်ခေါ်၊ သာစည်၊ ကျိန်ကျောင်၊ ဒိုးဝေရွာသားများလည်း နီးစပ်ရာသို့ ထွက်ပြေးသွားခဲ့ကြသည်ဟု သိရသည်။

 “အခု(ဖေဖော်ဝါရီ ၁၈) ကျွန်တော်တို့ တောင်မော်ရွာဘက်မှာ ထွက်ပြေးခိုလှုံနေကြပါတယ်။ အဓိက ရဟတ်ယာဉ်နဲ့ ပစ်တာက ကျွဲရိုင်းခတ် အုပ်စု၊ မာန်အောင်နဲ့ စက်ခေါ်ရွာအနီးက နေရာတွေကို အဓိကထား ပစ်ပါတယ်။ ရဟတ်ယာဉ်နဲ့ ပစ်တာက ၅ မိနစ်လောက်ဘဲ ကြာပါတယ်။ မာန်အောင်မှာ အိမ်အချို့ မီးလောင်ပါတယ်။ မီးလောင်တာကို ဘေးပတ်ဝန်းကျင်ရွာတွေက မြင်ရပါတယ်။ ဘယ်နှဆောင် လောင်တယ်ဆိုတာကိုတော့ မပြောနိုင်ပါ။ ဇက်ရေယာဉ်ကတော့ ညနေ ၅ နာရီကျော်ထိ ပစ်ခတ်ပါတယ်” ဟု ပြောကြားသည်။

ကျိန်ကျောင်ရွာသားများ ထွက်ပြေးလာစဉ် ဒရုန်းတစ်စီးဖြင့် ဓာတ်ပုံ ရိုက်ကူးမှုများရှိခဲ့ကြောင်း ကျေးရွာသားတစ်ဦးက ပြောသည်။

၎င်းပြင် ဘူးသီးတောင်မြို့နယ် (ပ) အိုးသည်မ ကျေးရွာအနီးသို့ ဖေဖော်ဝါရီ ၁၈ ညနေပိုင်းက လက်နက်ကြီးကျည် သုံးလုံးကျရောက် ပေါက်ကွဲခဲ့သော်လည်း ရွာသားများအား ထိခိုက်ခဲ့ခြင်း မရှိဟုဆိုသည်။

April 22, 2026
ဆောင်းဦးမာန် — ရန်ကုန်မြို့မှ ရခိုင်ပြည်၊ မာန်အောင်မြို့သို့ ပြေးဆွဲမည့် လေကြောင်းခရီးစဉ်ကို...
April 21, 2026
ခိုင်လူလှ (ရိုးမမြေ) — ရခိုင်ကမ်းရိုးတန်းမှတစ်ဆင့် တောင်ကုတ်နှင့်ရမ်းဗြဲမြို့နယ်များအား...
April 20, 2026
ကျော်သီဟ — ရခိုင်ပြည်၊ မြောက်ဦးမြို့နယ်၊ ကျောက်ဆည်ပြင်ရွာကို အကြမ်းဖက်စစ်‌ကော်မရှင်လေတပ်က ဧပြီ (...
April 11, 2026
ကျော်သီဟ — ဧပြီလ ၁ဝ ရက်တွင်ကျရောက်သည့် အာရက္ခတပ်တော် (AA) တည်ထောင်ခြင်း (၁၇) နှစ်မြောက်နေ့သို့...